Thursday, February 13, 2014

ABSDF ကျဆုံး ရဲဘော်တွေအတွက် အထိမ်းအမှတ်ပွဲ ပြုလုပ်

ABC

၁၉၈၈ ​ခုနှစ် ​အရေးအခင်းမှာ ​တောခိုသွားတဲ့ ​မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ်ဦး ​ABSDF ​က ​ကျဆုံးသွားတဲ့ ​ရဲဘော်တွေအတွက် ​ဝမ်းနည်းခြင်း ​အထိမ်းအမှတ်ပွဲကို ​မနေ့က ​ကျရောက်တဲ့ ​ပြည်ထောင်စုနေ့မှာပဲ ​ရန်ကုန်မြို့မှာ ​ပြုလုပ်ခဲ့ပါတယ်။

ABSDF ​နဲ့ ​အစိုးရတို့ရဲ့ ​နှစ်ပေါင်း ​၂၅ ​နှစ်ကျော် ​ဖြစ်ပွားခဲ့တဲ့ ​တိုက်ပွဲကြောင့် ​ကျောင်းသားတပ်မတော်က ​၇၀၀ ​နီးပါး ​သေဆုံးခဲ့ပြီး ​၄၀၀ ​ကျော် ​ဒဏ်ရာရရှိခဲ့တယ်လို့ ​ABSDF ​က ​ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါ့အပြင် ​၁၉၉၁ ​ခုနှစ်နဲ့ ​၁၉၉၂ ​ခုနှစ် ​ကာလအကြား ​ကချင်ပြည်နယ် ​ဝိုင်းမော်မြို့နယ်၊ ​ပါဂျောင်ဒေသမှာ ​ရှိတဲ့ ​ABSDF ​မြောက်ပိုင်းစခန်းမှာ ​အစုလိုက်အပြုံလိုက် ​သတ်ဖြတ်မှုကြောင့် ​ကျဆုံးခဲ့တဲ့ ​ကျောင်းသား ​၄၀ ​နီးပါး ​အတွက်လည်း ​ဝမ်းနည်းခြင်း ​အထိမ်းအမှတ် ​ပြုလုပ်တာလည်း ​ဖြစ်ပါတယ်။

အခုလို ​ကျောင်းသားတပ်မတော်က ​ရဲဘော်တွေအတွက် ​ဝမ်းနည်းခြင်း ​အထိမ်းအမှတ်ပြုလုပ်တာနဲ့ ​ပက်သက်ပြီး ​ABSDF ​ကျောင်းသားတပ်ဦးရဲ့ ​ဥက္ကဌဟောင်း ​မိုးသီးဇွန်က ​အခုလို ​ပြောပါတယ်။

“အဓိကကတော့ကွယ် ​သေဆုံးသွားတဲ့ ​ရဲဘော်တွေကို ​တို့မမေ့ဘူး။ ​သူတို့က ​ကိုယ်တို့ရဲ့ ​ရဲဘော်တွေပါ။ ​နောက်တစ်ခုက ​သူတို့ကို ​အမှန်တရားအရ ​ဖြစ်စေချင်ပါတယ်ဆိုတဲ့ ​ရည်ရွယ်ချက်လေးပါပဲ။ ​ဒီတော်လှန်ရေးမှာ ​တို့သူတို့ကို ​တို့ရဲ့ဘော်တွေ ​လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ​အသိအမှတ်ပြုပါတယ်ဆိုတဲ့အကြောင်းကို ​ဖြေသိမ့်ရတာပေါ့နော်။”

ABSDF ​မြောက်ပိုင်း ​ပါဂျောင်စခန်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​အချင်းချင်း ​သတ်ဖြတ်မှုတွေအတွက်လည်း ​အမှန်တရား ​ပေါ်ပေါက်လာဖို့ ​အတက်နိုင်ဆုံး ​ဆောင်ရွက်သွားမယ်လို့ ​ဆိုပါတယ်။

အစုလိုက်အပြုံလိုက် ​သတ်ဖြတ်ခံရမှုတွေမှာ ​ကျူးလွန်ခဲ့သူတွေကို ​အရေးယူပေးဖို့ ​မြောက်ပိုင်းက ​ပြန်လည်လွတ်မြောက်လာတဲ့ ​ကျောင်းသားတွေက ​၂၀၁၂ ​ခုနှစ် ​သြဂုတ်လမှာ ​တောင်းဆိုခဲ့သလို ​လက်ရှိ ​အစိုးရနဲ့ ​ညှိနှိုင်းနေတဲ့ ​ABSDF ​ကျောင်းသားတပ်ဦးက ​အဲဒီ ​ကိစ္စအတွက် ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ဖွဲ့စည်းပြီး ​ဆောင်ရွက်နေတယ်လို့ ​သိရပါတယ်။

အဲဒီလို ​ကိစ္စတွေနဲ့ ​ပက်သက်ပြီး ​ပြည်တွင်း ​ပြည်ပမှာရှိနေတဲ့ ​ABSDF ​ကျောင်းသားတပ်ဦးရဲ့ ​ဥက္ကဌဟောင်းတွေ၊ ​ရဲဘော်ဟောင်းတွေက ​သုံးပွင့်ဆိုင် ​ဖြေရှင်းဖို့ ​တိုက်တွန်းပြောဆိုထားပါတယ်။

မနေ့က ​ပြုလုပ်ခဲ့တဲ့ ​ဝမ်းနည်းခြင်း ​အထိမ်းအမှတ်ပွဲမှာ ​မြောက်ပိုင်းဒေသက ​ကျောင်းသား ​ရဲဘော်ဟောင်းတွေ ​အများစုပါဝင်ပြီး ​အရင် ​ဥက္ကဌဟောင်းတွေလည်း ​တက်ရောက်ခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာ ​ဖြစ်ပါတယ်။

No comments: