Sunday, February 16, 2014

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေး ဂျပန်ပညာရှင်များ အကြံပြု

ဝင်းကိုကိုလတ်၊ မြတ်သူရ

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ဝင်ရောက်ရေးအတွက် ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုဆိုင် ရာများနှင့် ပတ်သက်၍ ဂျပန်ပညာရှင်များက အကြံပေးဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) က တည်ထောင်ထားသည့် စီးပွားရေးဝန်းကျင် ဆောင်ရွက်လုပ်ကိုင်နိုင်မှုကို မြှင့်တင်ရေးအတွက် တရားရေးဆိုင်ရာစနစ်နှင့် လုပ်ထုံးလုပ်နည်းများ လေ့ လာရေးအဖွဲ့မှခေါင်းဆောင် မစ္စတာ တာခုဂျိခမဲရမက “ဂျပန်ရင်းနှီးမြှုပ်နှံလိုသူတွေက မြန်မာနိုင်ငံကို အထူးအာရုံစိုက်နေကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ကျတဲ့ စီးပွားရေးအစီအစဉ်တော့ မရှိသေးဘူး” ဟု ပြောသည်။

၎င်းက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာကောင်း သည့်နိုင်ငံအဖြစ်သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးမှု နည်း ပါးခြင်း၊ ဥပဒေပိုင်းဆိုင်ရာများ အားနည်းခြင်း၊ သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်း၊ လုပ်ထုံးလုပ် နည်းများ မရှင်းလင်းခြင်း၊ စီမံခန့်ခွဲမှုအဆင့်ဝန်ထမ်းများ ရရှိနိုင်မှု ခက်ခဲခြင်း၊ လုံခြုံရေးနှင့် လူမှုရေး မတည်ငြိမ်မှုရှိခြင်းတို့သည် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အခက်အခဲများဖြစ်သည်ဟု သုံးသပ်ပြော ကြားသည်။

ထို့ပြင် ယင်းအဖွဲ့မှ တာခဲရှိမုက၀ါက ရင်းနှီးမြှုပ်နှံသူများသည်ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရှင်းလင်းလွယ်ကူခြင်း၊ ယင်းအချက်အလက်များပြောင်းမည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ မျှတသော၊ တန်းတူညီမျှသော ဆက်ဆံမှု၊ ပို၍ဓမ်္မဓိဋ္ဌာန်ကျ၍ ဆုံးဖြတ်ချက်ချရာတွင် ပွင့်လင်းမြင်သာမှု ရှိရမည်ဟု ပြောသည်။

မစ္စတာ တာခုဂျိခမဲရမက “ကုန်သွယ်မှုခွင့်ပြုချက်တွေ၊ မြေယာအသုံးချမှုနဲ့ ငွေကြေးလွှဲပြောင်းမှုတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အတားအဆီးတွေ ဖြစ်နေဆဲပါ” ဟု ပြောကြားခဲ့သော်လည်း အသေး စိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်အေး ဟန်ကဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံ၏ business environment နှင့် ပတ်သက်ပြီး သုတေသနပြုလုပ်နေသည်ဟု ပြောကြားသည်။

“investment ဘယ်လို တိုးတက်အောင် လုပ်သင့်တယ်ဆိုတာ အကြံပြုတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဘယ်လိုတိုးတက်အောင် လုပ်သင့်တယ်ဆိုတာသူတို့(ဂျိုက်ကာ)ရဲ့ ရှုထောင့်ကနေ ပြောတာဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် ကုမ္ပဏီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ရန်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီိးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစည်း၍ ဥပဒေတစ်ခုတည်းဖြစ်စေရန် ဆောင်ရွက်နေခြင်းများအပါအ၀င် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဖြေလျှော့မှုများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

No comments: