နန်းမြနဒီ
ပြည်ပရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ စုစည်းထားတဲ့ ရခိုင်ပြည်အမျိုးသားကောင်စီဟာ လက်ရှိအစိုးရဖော်ဆောင်နေတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
ပြည်ပအခြေစိုက် ရခိုင်အဖွဲ့ပေါင်း ၅ ဖွဲ့နဲ့ စုစည်းထားတဲ့ ရခိုင်ပြည်အမျိုးသားကောင်စီ (အေအန်စီ)က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၀န်ကြီး ဦးအောင်မင်း၊ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြတာပါ။
ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို ရခိုင်ပြည်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က “အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါပဲ။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်ထဲမှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍရယ်၊ နောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်အနေအထားတွေ ဆွေးနွေးဖြစ်ကြတယ်။ နောက်ပြီးတော့ ဒီဘက်မှာ ဖြစ်နေတဲ့ ဒေသအခြေအနေတွေ ဖလှယ်ဆွေးနွေးကြတယ်။ နောက် ကျနော်တို့ရဲ့ လေ့လာရေးခရီးစဉ်အကြောင်း၊ ရှေ့ဆက် အပစ်ခတ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတွေပါ” လို့ ပြောပါတယ်။
အေအန်စီအဖွဲ့ဝင်တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ထဲ ပါဝင်ပြီး ဖြစ်ပေမယ့်လည်း ရခိုင်ပြည်တပ်မတော်ကတော့ အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်မထိုးရသေးတဲ့အတွက် ခုလို ဆွေးနွေးညှိနှိုင်းတာလို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ ပြည်တွင်းက ရခိုင်နိုင်ငံရေးပါတီ၊ လူထုလူတန်းစားအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ရေရှည်မှာ အမျိုးသားပြည်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်က မတည်ငြိမ်မှု၊ ပဋိပက္ခ အကျိုးဆက် ဖြေရှင်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ အထောက်အကူပြု ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးထွန်းဇော်က ပြောပါတယ်။
အေအန်စီအဖွဲ့ထဲမှာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များအစည်းအရုံး၊ ရခိုင်သံဃာ့သမဂ္ဂ၊ ရခိုင်ပြည်တပ်မတော် စတဲ့ အဖွဲ့အစည်း ၅ ခုနဲ့တကွ တသီးပုဂ္ဂလမျိုးချစ်ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၀န်ကြီး ဦးအောင်မင်းတို့အဖွဲ့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ရော၊ ရခိုင်အမျိုးသားညီလာခံဖြစ်မြောက်ရေး ကော်မတီတွေနဲ့ပါ တွေ့ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်လက်မှတ် မရေးထိုးထားရပေမယ့်လည်း တပြည်လုံးအပစ်ရပ်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့တခုဖြစ်တဲ့အတွက် ဆွေးနွေးရတာလို့ ဆိုပါတယ်။

No comments:
Post a Comment