Tuesday, February 4, 2014

နိုင်ငံရပ်ခြား ရောက်သူများ အားလည်း သန်းခေါင်စာရင်း၌ ထည့်သွင်း ကောက်ခံ သွားမည်

ချမ်းစွန်း

မွန်ပြည်နယ် အတွင်း လာမည့် မတ်လ၌ ကောက်ခံ သွားမည့် ပင်မ သန်းခေါင် ကောက်ယူရေး အစီ အစဉ်တွင် နိုင်ငံ ရပ်ခြားသို့ ရောက်ရှိ နေသည့် လူဦးရေ များကိုလည်း ထည့်သွင်း ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းမှ ပြောသည်။

“တရားဝင် သွားနေတဲ့ လူတွေ ကတော့ ကောက်ရတာ မခက်ပါဘူး၊ သူတို့တွေကို အိမ်သား တွေက ဘယ်သူ ဘယ်ဝါတွေ ဘယ်ကို သွားနေလဲ ဆိုတာ ထည့်ပြော ပေးရမယ်၊ အလား တူပဲ မရားမဝင် သွားနေတဲ့ သူတွေ ကိုလည်း သက်ဆိုင်ရာ မိသားစု၊ ဆွေမျိုး၊ အိမ်နီး နားချင်း တွေက ကျနော်တို့ မေးမြန်းတဲ့ အခါမှာ ထည့်ပြော ပေးဖို့ အရေးကြီး ပါတယ်၊ ဒါမှ မဟုတ်ရင် သူတို့ စာရင်းတွေ ကျန်ခဲ့ ပါမယ်” ဟု ဦးဝင်းရဲထွန်းက ပြောသည်။

ပြည်နယ် အစိုးရ ခန့်မှန်းချက် အရ မွန်ပြည်နယ်နှင့် အဝှမ်း၌ နိုင်ငံ ရပ်ခြားသို့ တရားဝင်သော်၎င်း တရားမဝင် သော်၎င်း သွားရောက် လုပ်ကိုင် နေသည့် လူဦးရေ တစ်သန်းခွဲ ရှိမည်ဟု ခန့်မှန်း ထားပါသည်။ ၄င်းလူများ အတွက် သက်ဆိုင်သည့် မိသားစုဝင်၊ ဆွေမျိုး၊ အိမ်နီး နားချင်း များမှ စာရင်း ကောက်ယူ ရာတွင် ထည့်သွင်း ပြောကြား ပေးရမည် ဖြစ်ကြောင်း ဆိုပါသည်။

ထိုကဲ့သို့ စာရင်းပေးသွင်း ရာတွင်လည်း အာဏာပိုင် များမှ အကြပ် ကိုင်ခြင်း၊ စစ်ဆေး မေးမြန်းခြင်း ၊ မတရား ငွေတောင်းခြင်း စသည့် မသာမာ မှုများ ဖြစ်ပေါ် လာပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့ တိုင်ကြား နိုင်ကြောင်း ဆိုပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် အတည်ပြု ထားသည့် သန်းခေါင် စာရင်း ကောက်ယူရေး ဆိုင်ရာ ဥပဒေ အရလည်း ၎င်း အချက် အလက်များ ပေါက်ကြားမှု မရှိစေရေးနှင့် တစ်ဦးချင်း စီ၏ ပုဂ္ဂလိက အချက် အလက်များ လုံခြုံမှု ရှိစေရေး အတွက်လည်း အခန်း (၇) ခန်း ဥပဒေ ပုဒ်မ (၂၇) ခုဖြင့် အကာအကွယ် ပေးထား ပါသည်။

အထူးသဖြင့် အခန်း (၅) ၌ ပါရှိသည့် ပုဒ်မ (၁၄) နှင့် (၁၅) တို့အရ သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာ တာဝန်ရှိ ဝန်ထမ်း များမှ အပ အခြားသူ များမှ ထိုအချက် အလက် များကို ကူးယူခြင်း ၊ တောင်းယူခြင်း မပြုလုပ် နိုင်စေရန် တားမြစ် ထားပြီး၊ မသာမာမှု မမှန် မကန်မှု ပြုလုပ်သည့် စာရင်းကောက် ဝန်ထမ်း များကိုလည်း သက်ဆိုင်ရာ ပြဌာန်း ဥပဒေ များအတိုင်း အရေးယူ နိုင်ရေး အတွက်လည်း ပြဌာန်း ထားပြီး ဖြစ်ကြောင်း ဦးဝင်းရဲထွန်းက ဆိုပါသည်။

မွန်ပြည်နယ် တစ်ပြည်နယ်လုံး၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၃၀၀၀) ကျော် ရှိပြီး ၎င်းကောက်ကွက် များအား စာရင်းကောက် ရာတွင် ပညာရေး ဝန်ထမ်း များ၏ လုပ်အားကို အသုံးပြုသွားမည် ဖြစ်သည်။

စာရင်း ကောက်ယူ မှုတွင် ကျေးရွာ အလိုက် အိမ်ထောင် ဦးစီး အမည်၊ ကျား၊ မ ပေါင်း လူဦးရေ စာရင်းအား (ဆ-၂၀) ပုံစံဖြင့် ကောက်ခံ သွားမည် ဖြစ်သည်ကာ မေးခွန်းပေါင်း (၄၁) ချက် ပါဝင်မည် ဖြစ်သည်။ ပျှမ်းမျှ အားဖြင့် လူတစ်ဦးလျှင် သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ မေးခွန်း ဖြေဆိုမှု အချိန် မိနစ် (၃၀) ရရှိမည် ဖြစ်ကြောင်း ဦးဝင်းရဲထွန်းမှ ဆက်လက် ရှင်းပြသည်။

ထို့ပြင် စာရင်းကောက် တစ်ဦးသည် (၁၀) ရက်ခန့် အတွင်း ကောက်ယူ နိုင်မည့် အိမ်ထောင်စု အရေအတွက် (၇၀) ခန့်မှ (၁၅၀) ခန့် အတွင်း ကောက်ကွက် (၁) ကွက် အဖြစ် သတ်မှတ် ရပါသည်။ ကောက်ကွက် တစ်ကွက်လျှင် စာရင်းကောက် တစ်ဦး ထားရှိ သွားမည် ဖြစ်ကာ ကောက်ကွက် အများဆုံး (၅) ကွက်လျှင် စာရင်းစစ် တစ်ဦး ထားရှိ သွားမည် ဖြစ်ကြောင်း သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အဆင့်ဆင့် ဆိုင်ရာ စာရွက် စာတမ်း များအရ သိရှိ ရပါသည်။

ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူ ရာတွင်လည်း အိမ်ထောင်စုနေ လူဦးရေ (အိမ်အတည်အကျဖြင့် ဆောက်လုပ် နေထိုင်သူ) ၊ အိမ်ထောင်စုနေ ရွေ့လျား လူဦးရေ (အိမ်ထောင်စု စာရင်း ရှိသော်လည်း ရွေ့လျား နေထိုင်သည်း ဖောင်လုပ်သား၊ ငါးဖမ်းနှင့် အခြား ရွေ့လျား နေထိုင် သူများ) ၊ အဖွဲ့အစည်း ဆိုင်ရာများ (ရဲ၊ စစ်တပ်၊ ဟိုတယ်၊ ဆေးရုံ၊ မိဘမဲ့ဂေဟာ စသည့် အဖွဲ့အစည်းဖြင့် နေထိုင် သူများ) ၊ အိမ်ခြေရာမဲ့ ရွေ့လျား လူဦးရေ (အရပ်တကာ လှည့်၍ တောင်းရမ်း စားသောက် သူများနှင့် ခရီးလှည့်လည် ထွက်ခွာ နေသူများ) စသည့် လူဦးရေ များကို ကောက်ခံ သွားမည် ဖြစ်သည်။

ထိုသို့ ကောက်ယူ နိုင်ရန် အတွက် မတ်လအတွင်း ရက်ပေါင်း (၁၂) ရက်ကို အသုံးပြု ကောက်ခံ သွားမည် ဖြစ်ကာ လူဦးရေ အမှန် ရရှိရန် အတွက် စာရင်းကောက် ရာတွင် မကျန်ရစ် စေရေးနှင့် ထပ်၍ မကောက်ခံ မိစေရန်လည်း မိမိတို့မှ ပြောကြား ပေးရမည် ဖြစ်ကြောင်း ဦးဝင်းရဲထွန်းမှ ဆက်ပြောသည်။

“ တချို့လူ တွေက ကိုယ့်မိသားစု ကျန်ရစ်မှာ ကြောက်လို့ ပြောချင်တယ်၊ ပြောကြတယ်၊ ဒါပေမယ့် တချို့ကျတော့ ပြောရင် ခြိမ်းခြောက် မှာလား၊ ငွေညှစ် မှာလား စသဖြင့် စိုးရိမ် ကြတယ်၊ ကျနော်တို့ ဥပဒေ အရကို ဒီလိုမျိုး လုပ်လို့ မရအောင် အကာအကွယ် ပေးထား ပါတယ်၊ ဒါကြောင့် ကိုယ့်မိသားစု ဝင်တွေ ၊ ဆွေမျိုးတွေ စာရင်းကောက် ရာမှာ မကျန်ရစ် သွားအောင် ထုတ်ပြော ပေးရမယ်၊ ကိုယ့်ကို နှစ်ခါ မေးမိတယ် ဆိုရင်လည်း ထပ်ပြီး မေးမိတယ် ဆိုတဲ့ အကြောင်း ရဲရဲတင်းတင်း ပြောပါ” ဟု ဦးဝင်းရဲထွန်းက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့ပြီး ထိုစဉ် လူဦးရေ ၂၈.၉ သန်းနှင့် ဆယ်နှစ် ခြား၍ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ထပ်မံ ကောက်ယူ နိုင်ခဲ့ကာ ထိုစဉ်၌ လူဦးရေ ၃၅ သန်း ကျော် ရှိခဲ့ ပါသည်။

လာမည့် မတ်လ၌ ကောက်ယူမည့် သန်းခေါင် စာရင်းသည် ပြီးခဲ့သည့် ၁၉၈၃ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် နောက်ဆုံး ကောက်ယူ ခဲ့သည့် သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်း စဉ်ထက် လုပ်ငန်း နှစ်ဆ ပိုကြီးမည် ဖြစ်ကြောင်း ပြည်ထောင်စု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ညွှန်ကြား ရေးမှူး ဒေါက်တာ ညီညီက ပြောသည်။

“နှစ်ပေါင်း (၃၀) ကျော် ကြာပြီးမှ ပြန်ကောက် ရတာ ဖြစ်တယ်၊ ဒီသန်းခေါင် စာရင်း ကောက်ယူ မှုမှာ ကျနော်တို့ မှန်းထား တာက လူဦးရေ သန်း (၅၀) နဲ့ (၆၀) ကြား ရှိမယ်လို့ မှန်းထားတဲ့ အတွက် ပြီးခဲ့တဲ့ ၁၉၈၃ ခုနှစ် စာရင်းရှိ လူဦးရေ ထက်ကို လုပ်ငန်း (၂) ဆလောက် ပိုကြီး ပါတယ်” ဟု ဒေါက်တာ ညီညီက ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့၌ တိုင်းရင်းမီဒီယာ အဖွဲ့မှ သတင်းထောက် များအား နေပြည်တော်၌ လက်ခံ တွေ့ဆုံစဉ် ပြောကြား ခဲ့ပါသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်မူ ကောက်ကွက်ပေါင်း ၈၀၀၀၀ ခန့် ရှိမည် ဖြစ်ကာ ၊ စာရင်းကောက် သူပေါင်း ၈၂၀၀၀ ခန့်နှင့် စာရင်း စစ်ပေါင်း ၁၅၀၀၀ ခန့် ထားရှိမည် ဖြစ်ကြောင်း ဒေါက်တာ ညီညီမှ ဆိုပါသည်။

No comments: