စည်သူမောင်မောင်
ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဂျာမနီနိုင်ငံ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) အဖွဲဝင် Jurgen Koppelinက တို့သည် နှစ်နိုင်ငံ လွှတ်တော်ရေးရာ အလုပ်ရုံဆွးနွေးပွဲကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဖေဖော်ဝါရီလ ၅ရက်နှင့် ၆ရက်တို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရန် ဂျာမနီနိုင်ငံ၏ လစ်ဘရယ်နိုင်ငံရေးကို ဦးတည်သည့် Friedrich Naumann Foundation (FNF)နှင့် ဧရာဝတီတိုင်း လွှတ်တော်တို့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံက လာရောက်ဆွေးနွေးသည့် Jurgen Koppelinသည် FNF ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ဂျာမနီအောက်လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဂျာမနီ နိုင်ငံဘက်က ၎င်းတို့နိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်များအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး၊ ဘတ်က် ချထားမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းများကို ဂျာမနီနိုင်ငံ အောက်လွှတ်တော်အဖွဲ့ဝင် Jurgen Koppelin က ရှင်းလင်း ပြောကြားခဲ့သည်။
Jurgen Koppelinက ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့လည်းရှိတယ်။ ပြည်သူတွေ မကျေနပ်ရင်တောင် လာဆွေးနွေးလို့ရတယ်" ဟု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲကို ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ဒုတိယဥက္ကဋ္ဌ ဦးထိန်ဝင်းနှင့် တိုင်းဒေသကြီး ရေးရာကော်မတီများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
FNFနှင့် ဧရာဝတီတိုင်း လွှတ်တော်တို့ ယခုတစ်ကြိမ် တွေ့ဆုံခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃ခုနှစ်က ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တစ်ကြိမ်၊ ရန်ကုန်မြို့တွင် တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။
FNFသည် ဂျာမနီနိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသည့် တန်းတူညီမျှရေး၊ လွတ်လပ်ရေးအပေါ်တွင် သက်ဝင်ယုံကြည်သည့် လစ်ဘရယ်ဝါဒ အားကောင်းရေးကို ကြိုးပမ်းနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
No comments:
Post a Comment