Thursday, February 6, 2014

ပညာရေးဝန်ကြီးများက လွှတ်တော်တွင် ပုံသေနည်း အတိုင်းဖြေနေဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

မင်းမင်း

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်သည့် မေးခွန်းများကို “ဆောင်ရွက်မပေးနိုင်သေး” ဟူသည့် အဖြေတစ်ခုကိုသာ ၀န်ကြီးနှင့် ဒု-၀န်ကြီးများက ပုံသေနည်းကဲ့သို့ သုံးနှုန်းနေသည်ဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစော အုန်းက ဖေဖော်ဝါရီ ၄ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဝေဖန်လိုက်သည်။

“လာဖြေကြားတဲ့ ပုဂ်္ဂိုလ်က ပုံသေနည်းကြီးနဲ့ လာပြီးတော့ ဘာဖြစ်ဖြစ်၊ ဘာမေးမေး ကျောင်းအဆင့်မြှင့်ဖို့ လည်း ဒီအဖြေမျိုးပဲ၊ ကျောင်းဆောင်သစ်တွေ၊ ဘာတွေဆောက်လုပ်ဖို့လည်း ဒီလိုမျိုးပဲ။ ကျွန်တော်တို့ ဟာ တစ်နှစ်မှာတစ်ကြိမ် အစည်းအဝေးထိုင်တဲ့အတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဖြေကြား တယ်” ဟု ဦးစောအုန်းက ပြောသည်။

ထို့ကြောင့် လွှတ်တော်အမတ်များ၏ မေးခွန်းများ၊အဆိုများကို သေချာစွာ လေ့လာစိစစ်ပြီးမှသာ လာရောက် ဖြေကြားသင့်သည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

“ကြယ်ပွင့်ပြ မေးခွန်းဖြစ်စေ၊ မပြမေးခွန်းဖြစ်စေ၊ ပေါ့ပေါ့တန်တန် မဖြေကြားဘဲနဲ့ သေသေချာချာ အလေး အနက်ထားပြီးတော့ လေ့လာသုံးသပ်ပြီးမှ ကျွန်တော်တို့လွှတ်တော်မှာ လာဖြေကြားဖို့ အကြောင်းရှိပါ တယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များ လုပ်ဆောင်ပေးပါမည်ဟုကတိပြုထားသည့်ကိစ္စများ ကို မည်သည့်အတိုင်းအတာထိ ရောက်ရှိနေပြီကို လေ့လာရသည့် “အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ် ၎င်းကထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာတွင် အမျိုးသားလွှတ်တော်၏ သတ္တမပုံမှန် အစည်းအဝေးအတွင်း လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်း ၁၆ ခုအနက် သုံးခုသာ လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့ သည်ဟု ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနက ယခုကဲ့သို့ ကတိပြုမှုအားနည်းသလို လုပ်ဆောင်ပေးမည်ဟု ကတိပြုထားသည့် ကိစ္စများကိုလည်း လုပ်ဆောင်ပေးမှုမရှိသလို နှောင့်နှေးမှုများလည်း ရှိနေသည်ဟု ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ် တော်အမတ် ဒေါ်ခင်စောဝေက ဇန်န၀ါရီ ၃၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်တွင် ပြော ဆိုထားသည်။

ရသေ့တောင်မြို့နယ်ရှိ ဥပဓိရုပ်မကောင်းသော စာသင်ကျောင်း ခုနစ်ကျောင်းကို ပြင်ဆင်ပေးမည်ဟု ကတိပြုထားသော်လည်း ယခုချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း မြန်မာ့ပညာရေးလောက၏ ချွတ်ချော် တိမ်း စောင်းနေမှုများအတွက် အမတ်တစ်ဦး၏ မေးခွန်းထုတ်မှုကို ပညာရေးဒု-၀န်ကြီး ဒေါက်တာစန်းလွင်ပြန် လည်ဖြေကြားမှုအပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဒုဝန်ကြီးက အလွတ်ကျက်လာ တဲ့စာကို လာရွတ်ပြသလို ဖြစ်နေတယ်” ဟု ဝေဖန်ကာ “ပညာရေးစီမံခန့်ခွဲမှု ညံ့သေးတယ်ဆိုတာ ဒါအဖြေပဲ” ဟု ထောက်ပြ ပြောဆိုထားသည်။

ယင်းအပြင် လက်ရှိအစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှာ တိုးတက်လာမှုမရှိဘဲ ယခင်အတိုင်းသာ တစ်ပိန်ပိန်၊ တစ်လိမ်လိမ် ဖြစ်နေသေးသည်ဟု ပြည်ထောင်စု လွှတ်တော်၏ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇန်န၀ါရီ ၃၀ ရက်က ဝေဖန်ခဲ့သေးသည်။

No comments: