Thursday, February 13, 2014

အိန္ဒိယ နယ်စပ်ဈေးအနီး အမျိုးသားအလောင်းတွေ့ရှိ

ကိုတိုးကြီး

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် တမူမြို့တွင် ဖေဖော်ဝါရီလ ၁၀ရက် နံနက် ၇ နာရီခွဲက နန်းဖာလုံနယ်စပ်ဈေး၏ မြောက်ဘက် ကိုက်ငါးရာအကွာတွင် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တမူးမြို့မ၊ အမှတ်(၁၃)ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးအောင်ထူး ဆိုသူက ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာမှ တစ်ဆင့် ခေတ္တမြို့နယ်မှူး ဒု-ရဲမှူး တင်ရွှေ၊ စခန်းမှူး ဒု-ရဲမှူး လှထွန်းတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောခမ်းနှင့်အတူ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးသူမှာ အသက်(၄၀)နှစ်ခန့်အရွယ်၊ အရပ်အမြင့် ငါးပေခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသူ၏ ဘယ်ဘက်လက်ဖျံတွင် “မမမြင့်” ဟု ဆေးမှင်ကြောင် ရေထိုးထားသည့်အတွက် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်နိုင်သည်ဟု သက်ဆိုင်ရာက မှတ်ချက်ပြုထားသည်။

ထို့နောက် သေဆုံးသူကို မှုခင်းဆေးပညာအရ ဆက်လက်ဆောင်ရွက်နိုင်ရန် တမူးမြို့မရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ အရ အမှုရေးဖွင့်၍ တမူးပြည်သူ့ဆေးရုံ မှုခင်းဆရာဝန်ကြီးက ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူ၏ ကိုယ်ခန္ဒာနေရာအချို့တွင် ဆေးထိုအပ်ပေါက်ရာများတွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။

No comments: