Tuesday, February 4, 2014

မြင်းခြံမူလွန်ကျောင်းပိုင်မြေ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းကို ကျောင်းမြေအဖြစ်ပြန်ပေးရန် တောင်းဆို

အောင်ကိုဦး

မန္တလေးတိုင်း မြင်းခြံမြို့ အမှတ်၁၆ရပ်ကွက်ရှိ အခြေခံပညာမူလွန် အမှတ် ၁၆ ကျောင်းပိုင်မြေကိုမြင်းခြံမြို့ အိုးအိမ်ဦးစီးဌာနက ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကို ကျောင်းသူ ကျောင်းသားများ၊ ကျောင်းအကျိုးတော်ဆောင် များနှင့် ကျောင်းသားမိဘများအပါအဝင် ဒေသခံ ၁၅ဝခန့်က ဖေဖော်ဝါရီ ၂ ရက် ညနေက ဆန္ဒဖော် ထုတ်တောင်းဆိုခဲ့ကြသည်။

ဆန္ဒဖော်ခွင့် ရရှိရန် ငါးကြိမ်တိုင်တိုင် တရားဝင်စာတင်ခဲ့သော်လည်း ခွင့်မပြုခဲ့သဖြင့် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆန္ဒဖော်ထုတ်မှုကို အာဏာပိုင်အဖွဲ့အစည်းများက တားဆီးခြင်းမရှိခဲ့ပေ။

ဆန္ဒဖော်ထုတ်ကြသူများသည် “ကျောင်းမြေပြန်လည် ပေးအပ်ရန်နှင့် မန္တလေးတိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း အလိုမရှိ" ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ မြင်းခြံမြို့ တစ်ပတ် လှည့်လည် ခဲ့သည်။

အခြေခံပညာမူလွန် အမှတ် ၁၆ ကျောင်းသည် ၁၉၅ဝခုနှစ်ခန့် ကတည်းက ရှိခဲ့ပြီး ကျောင်းနေရာတွင် အိုးအိမ်ဦးစီးဌာနက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခဲ့ပြီး နောက်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ထပ်မံဆောက်လုပ်ခြင်းကြောင့်ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဒေသခံ ကျောင်းသားမိဘာတစ်ဦးဖြစ်သူ ဦးဖိုးဖြူက ပြောသည်။

"သူတို့ကို တရားဝင်တောင်းဖို့ အကြိမ်ကြိမ်အကြောင်းကြားပြီးသားပါ။ ဆန္ဒပြတောင်းဆိုစရာကိုမလိုဘူး။ ဘာကြောင့် ပြလည်းတော့ မသိဘူး။ ကျွန်မတို့ ကိုယ်တိုင်ကိုက ကျောင်းပိုင်မြေအဖြစ် ပေးချင်လို့ လျှောက်ခိုင်းနေတာကို ကြာပြီ။ ဒီမြေက အိုးအိမ်ပိုင်မြေပါ"ဟု မြင်းခြံမြို့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနက ဌာနမှူး ဒေါ်ဆွေဇင်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းကဆက်လက်၍ အိုးအိမ်ပိုင်ဖြေဖြစ်ပြီး ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် တိုင်းအစိုးရအဖွဲ့က စီမံချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းပိုင်မြေအဖြစ် လွဲအပ်နိုင်ရန် ပညာရေးဝန်ကြီးဌာနက တစ်ဆင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက် ရန် လုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် တရားဝင် စာတင်၍ တောင်းဆိုပါက လွဲပြောင်းပေးနိုင်မည်ဟုလည်း ဆက်လက်ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၂ရက် မွန်းလွဲ ၂နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်ခဲ့သည်။

No comments: