Tuesday, February 4, 2014

အိုင်အန်ဂျီအိုတွေ ရခိုင်ကနေ ထွက်သွားဖို့ ဒေသခံတွေ ထပ်မံတောင်းဆို

ABC

ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ​အိုင်အန်ဂျီအိုတွေ ​ဒေသထဲကနေထွက်ခွာသွားဖို့နဲ့ ​၁၉၈၂ခုနှစ် ​နိုင်ငံသားဥပဒေကို ​အစိုးရ ​အမြန်ဆုံး ​အကောင်အထည်ဖော်လုပ်ဆောင်ကြဖို့အတွက် ​ရခိုင်ဒေသခံတွေက ​မနေ့က ​ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ​စစ်တွေမြို့မှာရှိတဲ့ ​ဦးဥတ္တမ ​ပန်းခြံမှာ ​လူပေါင်း ​၂၀၀၀ ​ကျော် ​စုစည်းခဲ့ကြပြီး ​လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ ​အချက် ​၆ချက်ကို ​တောင်းဆိုခဲ့ကြပါတယ်။ ​ဆန္ဒပြတဲ့အထဲမှာ ​ရခိုင်ပြည် ​အမျိုးသမီးကွန်ယက်နဲ့ ​စစ်တွေမြို့မှာရှိတဲ့ ​လူမှုကွန်ယက်တွေအပြင် ​သံဃာတော် ​အပါး ​၂၀၀ ​နီးပါးလည်း ​ပါဝင်ခဲ့ကြပါတယ်။ ​ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ​ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ​ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက် ​ဥက္ကဌ ​ဒေါ်ညိုအေး ​က ​အခုလို ​ပြောပါတယ်။

“ဒီတစ်ခေါက် ​ဖြစ်သွားတဲ့ ​ဇန္န၀ါရီလ ​၁၄ ​ရက်နေ့က ​MSF ​က ​ပုဂ္ဂိုလ်က ​ဒုချရာတန်းမှာ ​လူ ​၂၂ ​ယောက်ကို ​ဓါးဒဏ်ရာနဲ့ ​ဆေးကုပေးလိုက်ရတယ်ဆိုပြီးတော့ ​လိမ်လည်ပြီးတော့ ​သူက ​မီဒီယာ ​တွေမှာ ​တက်တယ်။ ​တကယ့် ​တကယ် ​စစ်ဆေးလိုက်တဲ့ ​အချိန်မှာ ​အဲ့လူ ​၂၂ ​ယောက်လုံး ​ဘာမှ ​လူနာမည်လည်း ​မပေးနိုင်ဘူး၊ ​ဒဏ်ရာရတဲ့ ​လူတွေကိုလည်း ​ဖော်ပြမပေးနိုင်ခဲ့ဘူး။ ​သက်ဆိုင်ရာတွေကလည်း ​ဆင်းပြီး ​စစ်ဆေးကြည့်တဲ့အခါမှာ ​ဘာမှ ​မဖြစ်ဘူး။ ​ကျမတို့ ​ပြည်သူတွေက ​လုံခြုံမှု ​မရှိဘူးဆိုပြီး ​ခံစားနေရတယ်၊ ​ဒါကြောင့်မို့ ​ငြိမ်းချမ်းစွာ ​ဆန္ဒထုတ်ဖော် ​ပြလိုက်တာ။”


တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ​ဒေါ်ညိုအေး ​က ​အခုလိုဆက်ပြောပါတယ်။

“၁၉ ​၈၂ ​ခု ​မြန်မာနိုင်ငံသား ​ဖြစ်မှု ​ဥပဒေကို ​လွတ်တော်ဆုံးဖြတ်ချက်ဖြင့် ​အမြန်ဆုံး ​အကောင်အထည်ဖော်ရန်၊ ​နံပါတ် ​၂ ​က ​White ​Card ​နှင့် ​ယာယီနိုင်ငံသား ​မှတ်ပုံတင်များအား ​ဆန္ဒမဲခံယူပိုင်ခွင့် ​ဆန္ဒမဲပေးပိုင်ခွင့် ​လုံးဝ ​မရှိစေရန်၂၀၁၄ ​သန်းခေါင်စာရင်းမကောက်ယူမှီ ​အင်အားစုများကို ​အစိုးရမှ ​ကြေညာရန် ​ဆိုတဲ့အချက်၊ ​နောက်တချက်ကတော့ ​ဒေသခံ ​လုံခြုံရေး ​တာဝန်ယူနေကြသော ​လုံခြုံရေး ​ရဲတပ်ဖွဲ့ဝင်များအား ​ခေတ်မှီလက်နက် ​တပ်ဆင်ရန်၊ ​နံပါတ် ​၄ ​ကတော့ ​ဘင်္ဂလီများကို ​ဘက်လိုက်တဲ့ ​နိုင်ငံတွေကို ​လက်မခံဘူးဆိုတဲ့ ​အချက် ​တစ်ချက်၊ ​နောက်တချက်ကတော့ ​UN ​နဲ့ ​NGO ​တွေကို ​၀င်ခွင့်မပြုဘူးဆိုတဲ့ ​တချက်ပါ၊ ​နောက်တချက်ကတော့ ​MSF ​ကို ​၇ ​ရက်အတောအတွင်း ​ရခိုင်ပြည်နယ်ထဲက ​ထွက်ပေးရမယ်ဆိုတဲ့ ​ကျမတို့ ​တောင်းဆိုချက်တွေ ​ထုတ်လိုက်တယ်။”

ဒီဆန္ဒဖော်ထုတ်ပွဲကို ​စစ်တွေမြို့နယ် ​အာဏာပိုင်တွေရဲ့ ​ခွင့်ပြုမိန့်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: