သျှမ်းသံတော်ဆင့်/စိုင်းတိုင်း
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ သာယာကုန်း စီးကရက်စက်ရုံ ၀င်းအတွင်း၌ တရုတ်နှစ်သစ်ကူး အကြောင်းပြကာ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။
၎င်းစီးကရက် ရုံအတွင်း၌ ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ဖိုင့်ကျူး (မာကျောက်အနက်ရောင်တရုတ်ဖဲ) ၊ ပန်းကျူးနှင့် မာကင့်လွယ် (ကုန်းကင်းလောင်းကစားဝိုင်း) တို့ဖြစ်ကြပြီး၊ တစ်နေ့လျှင် လောင်းကစားသူ အယောက် (၂၀၀) နီးပါးရှိကြောင်း ဒေသခံ စိုင်းမောင် က ဆိုသည်။
“ လောင်းကစားတဲ့လူတွေတော့ ကျိတ်ကျိတ်တိုးပဲဗျ၊ ဆယ်ကျော်သက်လူငယ်ပိုင်းတွေများတယ် ၊ ဒီလ ၁ ရက် ကစပြီး နောက် ၅ ရက်နေ့အထိ ဖွင့်သွားမယ်လို့သိရတယ်၊ နှစ်စဉ်တရုတ်နှစ်သစ်ကူးပွဲတိုင်း အဲ့ဒီသာယာကုန်းမှာ လောင်းကစားဝိုင်းဖွင့်နေမြဲပဲ ၊ အဲဒီမှာ ပန်းဆေးပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးတယ်။ ဒေသအာဏာပိုင်တွေကလည်း ကြောက်လို့ထင်တယ် ပေးဖွင့်နေတယ်ဗျာ” ဟု ၄င်းက ပြောသည်။
နမ့်ခမ်းမြို့တွင်လောင်းကစားအမျိုးမျိုးပေါများလာမှုကြောင့် မူးယစ်ဆေးရောင်းဝယ် သုံးစွဲများလည်း ပေါများလာကြောင်း၊ လူနေအိမ်များလည်းမကြာခဏဖောက်ထွင်းခံရကြောင်း ပါ့နန်းအီပီးက ဆိုသည်။
“ ခုမကြာခဏ ဆယ်ကျော်သက်လူငယ်တွေ ဆိုင်ကယ်စီးပြီး ပိုက်ဆံအိတ်ဆွဲတာတို့ ရွှေဆွဲကြိုးတွေ လိုက်ဆွဲ တာတို့ ဖြစ်နေတယ်၊ တိတ်တိတ်ပုန်းဖွင့်နေတဲ့ လောင်းကစားTV ဂိမ်း (ငါးမန်းပစ်ဂိမ်း) လည်း ခု ထိ ဖွင့်နေတုန်းပါ ပဲ၊ အာဏာပိုင်တွေ မသိလို့ဖွင့်နေတာလား၊ ဒါမှမဟုတ် ပိုက်ဆံပေးပြီး ဖွင့်နေတာ လားမသိ၊ ဖွင့်နေတဲ့နေရာတွေကတော့ အရင်နေရာဟောင်းတွေပဲ ” ဟု ၄င်းကဆိုသည်။
ယခုအခါ သာယာကုန်းတွင်ရှိသောလောင်းကစားဝိုင်းများမှာ မာအိမ့်လွယ် (ခေါ်) ကုန်းကင်း လောင်း ကစားဝိုင်း (၁) ဝိုင်း၊ လေးကောင်ဂျင် ၊ ဖဲဝိုင်း ၊ ဖိုင့်ကျူးနှင့် ပန်းကျူးဝိုင်း ၂ ဝိုင်းစီရှိနေကြောင်း သွား ရောက်လေ့လာခဲ့သူ စိုင်းကမ် ကပြောသည်။
သာယာကုန်းစီးကရက်စက်ရုံသည် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ပိုင်ဆိုင်သည်ဟုလည်း ဒေသခံများကဆို ပါသည်။ နမ့်ခမ်းမြို့ အရှေ့တောင် ဘက်ခြမ်း ၁ မိုင်ခန့်တွင်တည်ရှိပြီး တရုတ်သင်းချိုင်းကုန်းနှင့် မြန်မာအစိုးရတပ်စခန်းဖြစ်သော စခန်းသစ်တပ်ကုန်းနှင့်နီးစပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

No comments:
Post a Comment