Wednesday, February 5, 2014

ဒေသဖွံ့ဖြိုးရေး အမတ်များနှင့် ပေါင်းလုပ်ရန် ညွှန်ကြားထား

ဉဏ်လှိုင်လင်း

ကျပ် ၃ ဒသမ ၃ ဘီလီယံသုံးစွဲ၍ လွှတ်တော်ကိုယ်စားလှယ်တို့ လုပ်ဆောင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ကော်မတီများ ပါဝင်ဆောင်ရွက်ရန် နေပြည်တော် ကောင်စီအပါအ၀င် တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြား ထားသည်ဟု ဖေဖော်ဝါရီ ၃ ရက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေသည့်စာတွင်
ပါဝင်သည်။

တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ထောင်စီသုံးစွဲ၍ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ထိုသို့ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မြို့နယ်စည်ပင် သာ ယာရေးအဖွဲ့ သို့မဟုတ် မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ တာဝန်ရှိသူတို့ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးကို အတွင်းရေးမှူးအဖြစ် တာဝန်ယူရန် စီစဉ်လိုက် ခြင်းလည်း ဖြစ်သည်။

“အရင်က သတ်သတ်စီဖြစ်နေတော့ လုပ်ရကိုင်ရတာခက်နေတာပေါ့၊ အခု ဒီလို လုပ်ပေးလိုက်တော့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကိုယ်စားလှယ် ဦးသူရိန်ဇော်က မဇ္ဈိမကို ပြောသည်။ ကိုယ်စားလှယ်တို့သည် အဆိုပါ ရန်ပုံငွေကို မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ရမည် ဖြစ်သည်။

အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားစာကြောင့် ပြည်ထောင်စုလွှတ်တော်ကလည်း ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်း ခြင်း နှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖေဖော်ဝါရီ ၃ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ယင်းတွင် သက်ဆိုင်ရာမြို့နယ်ကို ကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးဦးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အစိုးရအဖွဲ့ညွန်ကြား
စာပါအတိုင်း အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းရန် ပါဝင်သည်။

မူလ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ်အခြားသတ်မှတ်ထားသူများကို ရန်ပုံငွေထုတ်ယူမည့်သူအဖြစ် သတ်မှတ်ထားခြင်းကိုလည်း အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တာဝန်ရှိသူများအား ပြောင်းလဲတာဝန်ပေးခဲ့သည်။

No comments: