Friday, February 14, 2014

သဲကုန်းမြို့နယ် တောင်သူများ၏ သပိတ်စခန်း ရဲဝင်ဖမ်း

ရေခဲ(ပြည်)

သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရရေး ဆန္ဒပြတိုက်ပွဲဝင်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် တောင်သူများ၏သပိတ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ခဲများဖြင့်ပစ်ပေါက်ခံခဲ့ရပြီး နောက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းရှိ ဆန္ဒပြခေါင်းဆောင်လေးဦးက မြို့နယ်ရဲစခန်းသို့ သွားရောက် အဖမ်းခံ လိုက်ကြောင်း ဆန္ဒဖော်ထုတ်နေသူများက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြခေါင်းဆောင်လေးဦးဖြစ်သည့် ဦးသန့်ဇင်ထက်၊ ဦးပေါက်စ၊ ဒေါ်ညိုနှင့် ဒေါ်ဝင်းတို့သည် ဖေဖော်ဝါ ရီ ၁၂ ရက် နံနက်ပိုင်းတွင် သပိတ်စခန်းမှ လူအင်အား ၅၀ ခန့်နှင့်အတူ သဲကုန်းမြို့တွင်း လှည့်လည်ဆန္ဒ ပြရင်း ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခံရာတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟုလည်း ဦးသန့်ဇင်ထက် က ပြောသည်။

“တရားစွဲလိုက်ပြီလို့ ပြောတယ်။ အခုလိုက်ခဲ့ပါ ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်တယ်။ အချေအတင်ဖြစ် တယ်။ စကားများတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ကျွန်တော်တို့ လိုက်မသွားဘူး မနက်ကျမှလာမယ် ဆိုပြီး ကတိပေးလိုက်တယ်”ဟု ဆိုသည်။

ယင်းသို့ သွားရောက် အဖမ်းမခံမီ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်း ၈ နာရီခန့်က သပိတ်စခန်းသို့ ရဲအင်အား ၆၀ ခန့် လာရောက်ဝန်းရံပြီး ခေါင်းဆောင်သူ လေးဦးကို ဖမ်းဆီးရန်ပြောဆိုမှုများရှိသော်လည်း မလိုက် နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး နံနက်ပိုင်းမှသာ ရဲစခန်းအထိ လာရောက် အဖမ်းခံမည်ဖြစ်သည်ဟု ပြန်လည်ပြောကြားလိုက်ကြောင်းလည်း ဦးသန့်ဇင်ထက်က ပြောသည်။

ယင်းသို့လာရောက်ခဲ့စဉ်အတွင်း ရဲနှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်မှုများ ရှိခဲ့ပြီးနောက် ပြန်လည် ပြေလည်မှုရသွားသော်လည်း ည ၁၀ နာရီခန့်တွင် သပိတ်စခန်းကို ခဲသုံးချက် ပစ်ခံရသည်ဟု အဆိုပါ သပိတ်စခန်းရှိ ကိုသိန်းအောင်စိုးက မဇ္ဈိမကို ပြောသည်။

“ညပိုင်း လေးခွနဲ့ သုံးချက်ပစ်တယ်။ လောက်စာလုံးကို သက်သေအဖြစ် သိမ်းထားတယ်။ ရဲကပစ်တယ် လို့ ယူဆရတယ်။ လုံခြုံရေးပေးမထားတော့ တစ်ဖက်နည်းနဲ့ အုံကြွအောင် ဆွလိုက်တဲ့သဘော။ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်လိုက်တာ”ဟု ဆိုသည်။

သို့သော် ယင်းသို့ ခဲပစ်ပေါက်ခံရမှုများနှင့်ပတ်သက်ပြီး ဟုတ်မှန်မှု ရှိမရှိ အတည်ပြုနိုင်ရန်အတွက် မြို့ နယ်ရဲစခန်းသို့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဆက်သွယ်မေးမြန်းရာတွင် စခန်းမှူး ရဲအုပ်မျိုးမြတ် စံက ခဲပေါက်ခြင်းနှင့်ပတ်သက်ပြီး မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တော့ ဘာမှ အကြောင်းကြားတာမရှိဘူးဗျ”ဟု ၎င်းက ဆိုသည်။

ယင်းနောက်တွင် တာဝန်မှူး ဒု-ရဲအုပ်တစ်ဦးထံ ထပ်မံမေးမြန်းရာတွင် “အသံမကြားပါဘူး။ လာတိုင်တာ လဲ မရှိပါဘူး”ဟုသာ ပြန်လည်ဖြေကြားသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေ ၁၁၅၉ ဒသမ ၅၅ ဧကကို ၂၀၀၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူခဲ့ပြီး လက်ရှိတွင် အမှတ်(၃) လက်ကားသမ၀ါယမအသင်းလီမိတက်အမည် ဖြင့် ငါးကန်လုပ်ငန်းများအပါအ၀င် စီမံကိန်းအကောင်အထည်မဖော်သည့် မြေများရှိနေပြီး ယင်းမြေများ အားလုံး ပြန်လည်ရရှိရေး ဖေဖော်ဝါရီ ၁၁ ရက်တွင် သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။

အဆိုပါသပိတ်စခန်းတွင် ပြည်၊ ပုတီးကုန်း၊ နတ်တလင်းမြို့နယ်များမှ တောင်သူလယ်သမားအရေး လှုပ် ရှားသူများ ပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်နေသည်ဟု သပိတ်စခန်းရှိ ဆန္ဒပြနေသူများက ပြောသည်။

No comments: