ABC
ဥရောပ သမဂ္ဂ အီးယူကနေ မြန်မာရဲအယောက်ပေါင်း ၁၄၀၀ ကျော်ကို သင်တန်းပေးခဲ့ပြီး ၂၀၁၅ခုနှစ်အထိ ဆက်လက်ပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းမှာ သင်ကြားခဲ့ရတာတွေကို လေ့ကျင့်တဲ့အနေနဲ့ မနေ့တုန်းက မြန်မာရဲတွေဟာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကနေ ပစ်ပေါက်တဲ့ ပလပ်စတစ်ဗူးတွေကို မထိအောင် ဒိုင်းကာတွေနဲ့ ကာကွယ်ထားတဲ့ သရုပ်ပြ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဥရောပနိုင်ငံက သင်တန်းမှုးတွေက ဆန္ဒပြမှုတွေအတွင်း လူ့အခွင့်အရေးနဲ့ အညီ ဘယ်လို လုပ်ဆောင်သင့်တယ်၊ ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ နည်းပညာသစ်တွေကို သင်ကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာရဲတွေဟာ ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့မဟုတ်ပဲ ပြည်သူတွေအပေါ် ကာကွယ်အကျိုးပြုဖို့ ဖြစ်တယ်ဆိုတာမျိုး သင်ကြားပေးတာဖြစ်ကြောင်း ဥရောပသမဂ္ဂရဲ့ သံအမတ် Roland Kobia က အေအက်ဖ်ပီ သတင်းကို ပြောသွားခဲ့ပါတယ်။
မြန်မာရဲတွေအနေနဲ့ လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ လုပ်ဆောင်ချက်မျိုး မလုပ်ခဲ့တာတွေရှိတဲ့အကြောင်း၊ အခုလို သင်တန်းရပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေးကို လေးစားဖို့၊ ပြည်သူတွေကို ကာကွယ်ရမယ့် အလုပ်တွေလုပ်ဖို့ ပိုသိလာရပြီး စဉ်းစားတွေးခေါ်ပုံတွေလည်း ပြောင်းလဲသွားတယ်လို့ ရဲဗိုလ်ရာဇာမြငြိမ်းက ပြောပါတယ်။
ဒီလို သင်တန်းတွေပေးဖို့ အီးယူက ယူရိုငွေ ၁၀ သန်း ချမှတ်ပေးထားပြီး မြန်မာရဲ အယောက်ပေါင်း ၄၀၀၀ လောက်ကို ၂၀၁၅ ခုနှစ် မတ်လအထိ သင်တန်းပေးဖို့ ရည်ရွယ်ထားပါတယ်။
မီဒီယာတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လည်း ရည်ရွယ်ထားပါတယ်။
ဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာအာဏာပိုင်တွေအပေါ် ပြည်သူတွေ ယုံကြည်သက်ဝင်မှု ပိုရှိလာမယ်လို့ မျော်လင့်ကြောင်း အီးယူသံအမတ် မစ္စတာ Kobia က ပြောပါတယ်။

No comments:
Post a Comment