Saturday, February 22, 2014

၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့ ရန်ကုန်၊ မင်းတပ်၊ နေပြည်တော်တို့တွင် ကျင်းပ

ကြယ်ပြာ

အစိုးရအသစ်နှင့် ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦးတို့ အပစ်အခတ် ရပ်ဆဲပြီးနောက်မှ ၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီက ဦးဆောင်၍ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ၊ လှိုင်ရတနာခန်းမတွင် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့သည်။

ချင်းတိုင်းရင်းသား မျိးနွယ်စုဝင်တို့မှ ရိုးရာအကများ၊ တေးဂီတများ၊ ခေတ်ပေါ်တေးသီချင်း ကကွက်များဖြင့် ဖျော်ဖြေခြင်း၊ နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ချင်းတိုင်းရင်းသားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြ သည်။

ချင်းအမျိုးသားနေ့ အခမ်းအနားတွင် တတ်ရောက်လာသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ချင်းကိုယ်စားလှယ် ဦးခွထီးယိုးက “ချင်းအားလုံးရဲ့ ညီညွတ်မှုကို ပြခွင့်ရတာက ချင်းအမျိုးသားနေ့ဘဲ။ ချင်းပြည်နယ်နေ့ဆိုတာက အဓိပ္ပါယ်ကွာခြား လွန်းပါတယ်။ ချင်းအမျိုးသားနေ့ ဆိုတာကတော့ ဖြစ်လာခဲ့ပြီ၊ ဒီနေ့ကို ပိတ်ရက်အဖြစ် အစိုးရကနေ လုပ်ပေးဖို့ လိုပါသေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ချင်းအမျိုးသားနေ့ စတင်ပေါ်ပေါက်လာခြင်းသည် ပထမဆုံးအကြိမ်အဖြစ် ဖလမ်းမြို့တွင် ချင်းလူမျိုး ၅ဝဝဝ ကျော်ပါဝင်၍ ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ရက်အထိ ပြုလုပ်ခဲ့သော ချင်းအမျိုးသား ညီလာခံ၏ ၂ဝ ရက်နေ့က ချမှတ်လိုက်သော တိုက်သူကြီး အုပ်ချူပ်မှု ကို ဖျက်သိမ်းပြီး ကောင်စီစနစ်ကို ကျင့်သုံးရန်ဆိုသော အချက်ကြောင့် ဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၂ဝ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ချင်းရေးရာကောင်စီက ၁၉၅ဝခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ပထမဆုံး ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့တွင် ပြုလုပ်ခဲ့ရာ သမ္မတစဝ်ရွှေသိုက်က သဝဏ်လွှာပေးပို့ခဲ့ကာ ဝန်ကြီးချူပ် ဦးနုနှင့် အခြားဝန်ကြီးများလည်း တတ်ရောက်ခဲ့ကြသည်။

၁၉၇၄ခုနှစ် ဇန်နဝါရီ ၄ရက်နေ့က ချင်းပြည်နယ်အဖြစ် ပြန်လည်သတ်မှတ်ခဲ့ခြင်းကြောင့် ချင်းပြည်နယ်နေ့နှင့် ချင်းအမျိုးသားနေ့ သည် ကွဲပြားနေခဲ့ပြီး အစိုးရကမှု ချင်းပြည်နယ်နေ့အဖြစ်သာ ပြုလုပ်ရန် တွန်းအားပေးခဲ့သည်။

ချင်းပြည်နယ်နေ့ဆိုသော အမည်သည် ချင်းတိုင်းရင်းသားအားလုံးအား ကိုယ်စားပြုခြင်း မရှိသည့်အတွက် ချင်းအမျိုးသားနေ့ ဆိုသော ပြန်လည်ခေါ်ဆိုခွင့်ရရန် နှစ်ပေါင်းများစွာ ချင်းတိုင်းရင်းသားတို့က ကြိုးစားခဲ့သော်လည်း ၂ဝ၁၂ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရသစ်တို့ အပစ်အခတ် ရပ်ဆဲပြီးမှသာ ရရှိခဲ့သည်။

၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၂ဝရက်တွင် ချင်းအမျိုးသားနေ့ဆိုသော အမည်ဖြင့် ပထမဆုံး ပြန်လည်ကျင်းပခဲ့ပြီး ၂ဝ၁၄ခုနှစ်သည် ဒုတိယအကြိမ်အဖြစ် ရန်ကုန်၊မင်းတပ်နှင့် နေပြည်တော်တို့တွင် ပြုလုပ်နေကြသည်။

No comments: