Wednesday, February 19, 2014

ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့်တွေ့ရန် ပန်းတနော်လယ်သမားများ လမ်း၌ပင် ညအိပ်စောင့်မည်

စည်သူမောင်မောင်

ပန်းတနော် မြို့ နယ် ကျုံတိုင်းကျေးရွာမှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားများက ဧရာဝတီတိုင်း၊ ၀န်ကြီးချုပ်နှင့် တွေ့ ခွင့်ရရန် တိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် ဖေဖော်ဝါရီလ(၁၈)ရက် ယခုအချိန်ထိ (ည၁၁ခွဲအထိ) စောင့်ဆိုင်းလျှက်ရှိသည်။

“ကျွန်တော်တို့ လယ်ယာမြေမှတ်ပုံတင်တာ မရတာတွေကော၊ ကျွန်တော်တို့ သိမ်းဆည်းခံရတဲ့ လယ်တွေပြန်လုပ်ခွင့်ရဖို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ တွေ့ ချင်တာ။ ညနေက တွေ့ ရမယ်ဆိုပြီးတော့ စောင့်တာ ညနေကျတော့ စိုက်ပျိုးရေးဝန်ကြီးနဲ့ တွေ့ ရမယ်ဆိုတော့ ကျွန်တော်တို့ တွေ့ ခွင့်ရချင်တာ ၀န်ကြီးချုပ်နဲ့။ ကျန်တဲ့ သူနဲ့ မတွေ့ ချင်ဘူး။ တွေ့ ခွင့်မရရမချင်း ဒီနေရာက မထဘူး။ အခုလည်း ပလက်ဖောင်ပေါ်မှာ အိပ်ပြီးစောင့်မယ်”ဟု ပန်းတနော်မြို့ နယ် ကျုံတိုင်းကြီးကျေးရွာမှ လယ်သမားဦးထွန်းတင်က ပြောသည်။

ပန်းတနော်မြို့နယ်မှ တောင်သူလယ်သမားတွေ(၄၆)ဦးပိုင် လယ်မြေ ၁၇၈ဧကကို သိမ်းဆည်းခံရခြင်းကြောင့် လယ်မြေပြန်လုပ်ခွင့်ရရှိရန်နှင့် လယ်ယာမြေများ မှတ်ပုံတင်ထားသည်ကို ခွင့်ပြုပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တောင်သူလယ်သမား ၈ဦးက လာရောက် တွေ့ဆုံခြင်းဖြစ်သည်။

“အဓိက ၀န်ကြီးချုပ်ကိုပဲတွေ့ ချင်တယ် လယ်ယာမြေတွေကိုပြန်လုပ်ခွင့်ရဖို့ တောင်းဆိုချင်တယ်၊မရမချင်း ကျွန်မတို့ မပြန်ဘူး။ ကျွန်မတို့လယ်တွေကို အရင် ပြည်ခိုင်ဖြိုးကဆိုပြီး သိမ်းတယ်၊ဖိုးလမင်း ကုမ္ပဏီကသိမ်းတယ်။ လယ်ယာမြေ အခွန်ဆောင်ထားတာတွေလည်းရှိတယ် ပြန်ရချင်လို့ ၀န်ကြီးချုပ်နဲ့ လာတွေ့ တာ” ဟု ကျုံတိုင်ကြီးကျေးရွာမှ ဒေါ်အုန်းထွေးက မဇ္ဈိမကို ပြောသည်။

No comments: