ယုဝေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသားကျန်းမာရေးကွန်ရက်မှ အသေးစားခွဲစိတ်မှု ပြုလုပ်ပေးနိုင်မည့်ဆေးရုံကားကို ၂ဝ၁၄ခုနှစ် ဧပရယ်လကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု ကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောသည်။
ခွဲစိတ်မှုအသေးစားများပြုလုပ်ပေးနိုင်မည့် ကားတွင် ပိုးသတ်ထားသော ကုတင်၊ ခွဲစိတ်ခန်းသုံးကိရိယာ စသည့် လိုအပ်သော ပစ္စည်းများ တပ်ဆင်နေဆဲဖြစ်ပြီး ကွန်ရက်မှ တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေသည့် နယ်လှည့် ဆေးကုသမှု ပြုလုပ်ရာတွင်လည်း အသုံးပြုသွားရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါ နယ်လှည့်ခွဲစိတ်ခန်း အတွက် အသုံးပြုမည့် ဆေးရုံကားမှာ ဂျပန်နိုင်ငံမှ မစ္စတာ OKAZAKI က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လှူဒါန်းခဲ့သော TOYOTA HI-ACE အရေးပေါ် အသက်ကယ် လူနာတင်ယာဉ် အမျိုးအစားဖြစ်သည်။
ဒေါက်တာတင်မျိုးဝင်းက “ခွဲစိတ်ခန်းအဖြစ် အသုံးပြုမယ်ဆိုရင် ပိုးသတ်ဖို့လိုတယ်၊ ကိရိယာတွေ တပ်ဆင်ဖို့လိုတယ်။ နောက်နှစ်လလောက်နေရင် အဲ့ဒီကားကို အသုံးပြုလို့ရပါပြီ။ နယ်လှည့်ဆေးကုသရာမှာ အဲ့ဒီကားကိုအသုံးပြုသွားမှာပါ။ လူနာအများစုကဆေးရုံးကို အားမကိုးချင်ကြပါဘူး။ အဲဒါဆိုရင် တစ်ခါတည်း ခွဲစိတ်ပေးလို့ရတာပေါ့” ဟု ပြောသည်။
အသေးစားခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည့် လူနာများအတွက် ခရီးစရိတ်၊ ဆေးရုံစရိတ် စသည့် ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ အဆိုပါ အသေးစားခွဲစိတ်ခန်းပါ ကားကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အသေးစားခွဲစိတ်မှုဆိုရာတွင် ထုံဆေးဖြင့်ပြုလုပ်နိုင်မည့် ခွဲစိတ်မှုမျိုးများဖြစ်ပြီး ဥပမာ- ရင်သားကင်ဆာရောဂါမျိုးအတွက်ဆိုလျှင် အကျိတ်များထုတ်ပေးသည်မျိုးအထိ လုပ်ပေးနိုင်မည်ဟု ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
နယ်လှည့်ဆေးကုသမှုပြုလုပ်ရာတွင် မျက်နှာအလှခွဲစိတ်ဆရာဝန်၊ အထွေထွေခွဲစိတ်ဆရာဝန်၊ သားဖွား မီးယပ်ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန် စသည့် အထူးကု ဆရာဝန်များ ပါဝင်မည်ဖြစ်သည်။
ကွန်ရက် ဒုဥက္ကဌ ဒေါက်တာဒေါ်ရွှေပုံက“ အခု ဆရာဝန်တွေကို လိုအပ်တဲ့သင်တန်းတွေ ပေးနေပါတယ်။ အခု ကွန်ရက် နယ်လှည့်ဆေးကုသမှုကနေ လူနာလေးသောင်းနီးပါးကို ကုသပြီးစီးသွားပါပြီ” ဟုပြောသည်။
NLD အမျိုးသားကျန်းမာရေးကွန်ရက်ကို မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါများအား ကာကွယ် ထိန်းကွပ်ရေးအတွက် အဓိကထားဆောင်ရွက်လျှက်ရှိသော ကျန်းမာရေးသုတေသနလုပ်ငန်းများနှင့် တိုင်းရင်းဆေး အပါအဝင် အခြားသုတေသန လုပ်ငန်းများအား အားပေးကူညီရန်နှင့် ပါဝင်ဆောင်ရွက်ရန် စသည့် ရည်မှန်းချက် ၁၁ ချက်ဖြင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment