Wednesday, February 12, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အန်အယ်လ်ဒီနှင့် ၈၈ တို့ ပူးပေါင်း

ဟိန်းကိုစိုး

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲဆောင်ရွက်မှုကို ပြည်ထောင်စုနေ့နောက်ပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဟု အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

အန်အယ်လ်ဒီနှင့် ၈၈တို့ ပူးပေါင်းဆောင်ရွက်မည့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ငြိမ်းချမ်း၍ တရားမျှတသည့် နည်းလမ်းကို အသုံးပြုကာ ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီလ ၁ဝရက်က နှစ်ဘက် ပူးတွဲထုတ်ပြန်လိုက်သည်။

"ငြိမ်းချမ်းတဲ့ နည်းဆိုတာကအများကြီးရှိတယ်။ ပြောနိုင်တာတစ်ခုကတော့ လမ်းပေါ်ကို လူတွေ ခေါ်တင်မှာ မဟုတ်တာတော့သေချာတယ်"ဟု ဦးဥာဏ်ဝင်းကဆိုသည်။ ပူးတွဲဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး အန်အယ်လ်ဒီ အလုပ်မှုဆောင်အဖွဲ့နှင့် ၈၈ ငြိမ်းပွင့်အဖွဲ့အစည်းတို့သည် ပြည်ထောင်စုနေ့နောက်ပိုင်းတွင် စတင်ဆွေးနွေးသွားမည်ဖြစ်သည်။

“ဆွေးနွေးတယ်ဆိုတာက ဘယ်လိုလုပ်မလဲဆိုတာ ဖြစ်နိုင်မယ်။ ဒီကိစ္စက အမြဲဆက်ပြီးတော့လည်း လုပ်သွားရမှာပဲ” ဟု ဦးဥာဏ်ဝင်းကပြောသည်။ အဖွဲ့အစည်းနှစ်ခုပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသား ဦးဂျင်မီကလည်း ပူးတွဲဆောင်ရွက်မည့် အဖွဲ့အစည်းနှစ်ခုသည် နိုင်ငံရေးဖြတ်သန်းမှု အတွေအကြုံများစွာရှိထားပြီးဖြစ်ကာ လုပ်ကိုင်နိုင်မည့် နည်းလမ်းများကို အသုံးပြုကာဆောင်ရွက်သွားမည်ဟု ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်စေဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကိုငြိမ်းချမ်း၍ တရားမျှတသောနည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၁ဝရက်နေ့တွင်ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်မထုတ်မီ တစ်ပတ်အလိုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၎င်း၏ ကိုယ်ရေးအရာရှိဒေါက်တာတင်မာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီ၊ ဦးမြအေးတို့ နှစ်ဖက်ပူးတွဲဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက်နေပြည်တော်စည်ပင်ရိပ်သာတွင် ဆွေးနွေးခဲ့ကြသည်။ ယင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ တွေ့ဆုံဆွေးနွေး မှု၏ နောက်ဆက်တွဲလည်းဖြစ်သည်။

No comments: