Tuesday, February 11, 2014

မတ်လကုန်ပိုင်းကစပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ်

ABC

လာမယ့် ​မတ်လအကုန်ပိုင်းမှာ ​စတင်ကောက်ခံတော့မယ့် ​ပြည်လုံးကျွတ် ​သန်းခေါင်စာရင်း ​ကောက်ခံမှုမှာ ​နိုင်ငံတကာ ​စံချိန် ​စံနှုန်းတွေ ​အတိုင်း ​သတ်မှတ်ချက်တွေထားရှိသွားမှာ ​ဖြစ်ပြီး ​လူ့အခွင့်အရေးကို ​အခြေခံပြီး ​ကောက်ခံသွားမှာ ​ဖြစ်တယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီးဌာနက ​ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ​သုဝဏ္ဍ ​အားကစားခန်းမမှာ ​မနေ့တုန်းက ​ပြုလုပ်တဲ့ ​လူဦးရေနှင့် ​အိမ်အကြောင်းအရာ ​သန်းခေါင်စာရင်း ​ကောက်ယူရေး ​လုပ်ငန်း ​သတင်းစာရှင်းလင်းပွဲမှာ ​ပြောဆိုလိုက်တာဖြစ်ပြီး ​မတ်လကုန်ကနေ ​ဧပြီလဆန်းအထိ ​၁၂ ​ရက်တာ ​ကောက်ခံမှာဖြစ်ပါတယ်။

ဒီလို ​သန်းခေါင်စာရင်းကို ​နိုင်ငံတကာ ​စံချိန်စံနှုန်းတွေအတိုင်း ​ကောက်ခံမယ်ဆိုတဲ့ ​အကြောင်းနဲ့ ​ပတ်သက်ပြီးတော့ ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီဌာနက ​ပြည်ထောင်စုဝန်ကြီး ​ဦးခင်ရီက ​အခုလို ​ပြောပါတယ်။

“သန်းခေါင်စာရင်းဟာ ​အချက် ​၂ ​ချက် ​အပေါ် ​အခြေခံပါတယ်။ ​International ​Law ​and ​Standard ​နိုင်ငံတကာ ​စံချိန်စံနှုန်းကို ​အခြေခံပါတယ်။ ​Human ​Right ​လူ့အခွင့်အရေးကို ​အခြေခံပါတယ်။ ​နိုင်ငံတကာ ​စံချိန် ​စံနှုန်းဆိုတာတော့ ​အခု ​ကုလသမဂ္ဂ ​ကိုယ်တိုင် ​ဒါကျွန်တော်တို့ ​တူတူတွဲလုပ်တာ။ ​အဲဒီဟာတွေ ​အပေါ် ​မူတည်ပြီးတော့ ​ကျွန်တော်တို့က ​အဆင့်တိုင်းအဆင့်တိုင်း ​အဆင့်တိုင်းမှာ ​နိုင်ငံတကာက ​လက်ခံနိုင်မယ့် ​ပြည်တွင်း ​အခြေအနေနဲ့ ​ကိုက်ညီအောင် ​စီမံဆောင်ရွက်မယ် ​နောက်တစ်ပိုင်းက ​လူ့အခွင့်အရေး ​လူ့အခွင့်အရေးမှာ ​ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ​အချက်ပေါ်မှာ ​ကျွန်တော်တို့ ​အခြေခံထားတယ်။ ​ဒီ ​၂ ​ချက် ​အပေါ်မှာ ​အခြေခံပြီးတော့ ​လူဦးရေနဲ့ ​ဖွဲ့စည်းမှုကို ​ဖော်ထုတ်တယ်။”

သန်းခေါင်စာရင်းကောက်ခံတဲ့နေရာမှာ ​ပြည်တွင်း ​လုံခြုံရေးနဲ့ ​အမျိုးသား ​အကျိုးစီးပွား ​ထိခိုက်မှုတွေကိုလည်း ​ကာကွယ် ​လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ​အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ ​အဖွဲ့အစည်းမဟုတ်တဲ့ ​နိုင်ငံတွင်းနေထိုင်သူ ​နိုင်ငံသားတွေ၊ ​နိုင်ငံခြားသားတွေနဲ့ ​ဘာအထောက်အထားမှ ​မပြနိုင်တဲ့ ​နိုင်ငံတွင်းနေထိုင်သူအားလုံးကို ​မေးခွန်း ​၄၁ ​ခု ​မေးမြန်းကောက်ခံသွားမှာ ​ဖြစ်ပြီး ​စနစ်တကျ ​ဖွဲ့စည်းထားတဲ့ ​အဖွဲ့အစည်းတွင်း ​နေထိုင်သူတွေကိုတော့ ​မေးခွန်း ​၁၀ ​ခု ​မေးမြန်း ​ကောက်ခံသွားမှာ ​ဖြစ်ပါတယ်။

၁၂ ​ရက်တာ ​ကောက်မှုကို ​လူအင်အား ​တစ်သိန်း ​၂ ​သောင်းနဲ့ ​ဆောင်ရွက်သွားမှာ ​ဖြစ်ပြီး ​သန်းခေါင်စာရင်း ​ကောက်ခံမှုအရ ​လူဦးရေစာရင်းကို ​၂၀၁၅ ​ခုနှစ် ​အစောပိုင်းမှာ ​တရားဝင်ကြေညာနိုင်မှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အခုလို ​သန်းခေါင်စာရင်း ​ကောက်ခံမှုဟာ ​နှစ်ပေါင်း ​၃၀ ​ကျော် ​ကာလအတွင်း ​ပထမဦးဆုံး ​ပြန်လည် ​ကောက်ခံတာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံရဲ့ ​ပညာရေးကဏ္ဍ၊ ​ကျန်းမာရေးကဏ္ဍ၊ ​စီးပွားရေးကဏ္ဍ၊ ​လူဦးရေ ​အလိုက် ​ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ ​ဒေသဖွံဖြိုးရေး ​လုပ်ငန်းတွေကို ​ပိုမို ​ဆောင်ရွက်နိုင်မှာ ​ဖြစ်တယ်လို့ ​ကုလသမဂ္ဂ ​လူဦးရေ ​ရံပုံငွေ ​အဖွဲ့ရဲ့ ​မြန်မာပြည် ​ဌာနေ ​ကိုယ်စားလှယ်က ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​အရင် ​ဗြိတိသျှ ​ခေတ်ကတည်းက ​ကောက်ခံထားတဲ့ ​တိုင်းရင်းသားလူမျိုးစာရင်းအရ ​တိုင်းရင်းသား ​၁၃၅ ​မျိုးရှိခဲ့တဲ့အပေါ်မှာလည်း ​မှန်ကန်လာဖို့အတွက် ​အခုလို ​ကောက်ခံတာလည်း ​ဖြစ်တယ်လို့ ​ပြည်ထောင်စုဝန်ကြီးက ​ပြောဆိုခဲ့ပါတယ်။

“လူမျိုးနဲ့ ​ပက်သက်ပြီးတော့ ​ဘာတွေ ​ဖြစ်လာလဲဆိုတော့ ​၁၃၅ ​မျိုးရှိပါတယ်။ ​ခင်ဗျားတို့က ​ဒီ ​၁၃၅ ​မျိုးကို ​အသက်ဆက်သွင်းဖို့ ​အတွက် ​ဘာဖြစ်လို့ ​ဒီလို ​ကောက်နေတာတုန်း ​၁၃၅ ​မျိုးက ​မမှန်ဘူး။ ​သက်ပုံတွေက ​မှားနေတယ်။ ​လီဆုကနေ ​လီဆူးဖြစ်နေတယ်။ ​မှားနေတယ်။ ​တစ်ချို့လူမျိုးတွေက ​မရှိဘူး။ ​အသစ်တွေ ​ပေါ်နေတယ်။ ​ဒီလို ​ပြောတယ်။ ​အဲဒီဟာတွေကို ​မှားတာတွေ ​မှန်တာတွေကို ​ပြင်ဖို့ ​ဒီလိုကောက်တာ ​ဖြစ်ပါတယ်။”

ရရှိလာတဲ့ ​စာရင်းတွေအပေါ်မှာ ​တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ​သက်ဆိုင်ရာ ​ဌာနဆိုင်ရာတွေက ​ညှိနှိုင်းပြီး ​ပြင်ဆင်ဆောင်ရွက် ​သွားမှာ ​ဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​အိမ်ထောင်စုပေါင်း ​၁၁ ​သန်းနဲ့ ​ကျေးရွာပေါင်း ​၆ ​သောင်းကျော်ရှိပြီး ​လက်ရှိ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ​ခန့်မှန်း ​တွက်ချက်မှုအရ ​လူဦးရေ ​၆၁.၅၇ ​သန်းရှိပါတယ်။ ​ဒီသတင်းကို ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: