စည်သူမောင်မောင်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် အမှတ် ၄ရပ်ကွက် နေမင်းတပ်ဘုရားရှေ့တွင် ပုဒ်မ ၄၄၇ (အိမ်ကျော်နင်းမှု)နှင့် ပုဒ်မ ၄၂၇ (သူတစ်ပါး အကျိုးစီးပွား ဖျက်ဆီးမှု) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် လယ်သမားများကို ပြန်လွှတ်ပေးရန် လပွတ္တာမြို့နယ်ကတာင်သူလယ်သမား ၅ဝကျော်က ဖေဖော်ဝါရီလ ၂ရက် နံနက် ၉နာရီမှ နေ့လည် ၁နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"လယ်သမားတွေအတွက်လယ်ယာမြေ ကိစ္စတွေကို ဘက်လိုက်ပြီးဆောင်ရွက်နေတယ်။ မျှမျှတတ ဆောင်ရွက်ပေးစေချင်တယ်။ လယ်တွေသိမ်းထားတယ် သူတွေက လယ်ယာမြေ စီမံခန့်ခွဲမှာ ပါနေတယ်။ သူတို့ကိုဖယ်ထုတ်ပြီး ဥပဒေအတိုင်းဆောင်ရွက်စေ ချင်တယ်။ တရားစွဲထားတာတွေကော ပိုင်နက်ကျူးကျော်လို့ ဆိုပြီး ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇)နဲ့ ထောင်ချထားတဲ့ လယ်သမားတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။”ဟု လူအခွင့်အရေး ကာကွယ်စောင့်ကြည့်ရေးနှင့် လယ်သမားအရေး လိုက်ပါဆောင်ရွက်သူ ကိုထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။
ထိုပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံထားရသော လယ်သမား ၆ဦးနှင့် အမှုရင်ဆိုင်နေရာသူ ငါးဦးရှိသည်။ လယ်သမားထံက အစိုးရက လယ်ယာမြေ သိမ်းဆည်းမှုများ ရှိသလို ယခင် စစ်အစိုးရလက်ထက် မတိုင်မီက ကျေးရွာအုပ်ချုပ်ရေးမှူး (ယခင်က ဥက္ကဋ္ဌ) အချို့ကလည်း တာဝန်ကျေစပါး မသွင်းနိုင်သဖြင့် လယ်သမားများထံက လယ်ယာများ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
ထိုမြေများပေါ်တွင် စပါးစိုက်ရာသီ၌ လယ်သမားများက ဝင်ရောက်စိုက်ပျိုးလိုသဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သဖြင့် လယ်သမား ၆ဦးကို ထိုပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၂လ၊ ၃လအသီးသီး ချမှတ်ခဲ့ပြီး ထိုပုဒ်မများဖြင့်ပင် တရားစွဲဆိုခံရဆဲ လယ်သမား ၅ဦးရှိသေးသည်ဟု ကျောက်တန်းကြီး ကျေးရွာက လယ်သိမ်းဆည်းခံ တောင်သူ ဦးကျော်မြင့်က ပြောသည်။
ထိုလယ်သမားများသည် ၂ဝ၁၃ခုနှစ် မိုးစပါးစိုက်ရာသီတွင် ထွန်တုံးတိုက်ပွဲဝင်ခဲ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံ လယ်သမားများကို ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်သူများသည် ပုဒ်မ ၄၄၇နှင့် ၄၂၇ဖြင့် တရားစွဲဆိုထားခြင်းကို ပိတ်သိမ်းရေး၊ လယ်ယာမြေကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးရေး၊ ခရိုနီလယ်သမားများကို ဖယ်ရှားပေးရေး စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ ဟစ်ကြွေး၍ အမှတ် ၄ရပ်ကွက်၊ နေမင်းတပ်ဘုရားရှေ့မှ သံတဲလမ်း၊ စိန်ရတုလမ်း၊ ဘုရားလမ်း၊ လမ်းမတော်လမ်း၊ ကုန်သည်လမ်း၊ အောင်သပြေလမ်းများကို လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းသို့ ဆန္ဒဖော်ထုတ်ရန် လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့က ခွင့်ပြုချက် မပေးသဖြင့် ဧရာဝတတိုင်း ရဲတပ်ဖွဲ့တွင် ခွင့်ပြုချက် ထပ်မံတင် ကာ ခွင့်ပြုချက်ရသဖြင့် တရားဝင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ ယခုဆန္ဒကဲ့သို့ ပုဒ်မနှစ်ခုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဇန်နဝါရီလ ၂၈ရက်က ထိုပုဒ်မနှစ်ခု ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
No comments:
Post a Comment