စိုးသန်းလင်း
“ပေးကားပေး၏၊ မရ” ဟု နာမည်ကြီးနေသော ပုဒ်မ ၁၈ ခေါ် ငြိမ်းချမ်းစွာ စု ဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့သို့ တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေး နွေးရန် အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီကရေးဆွဲတင်သွင်းသော အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် မူလဥပဒေ၏ ပုဒ်မ (၉)ကို ပယ်ဖျက်ရမည်ဟုပါရှိရာ အဆိုပါဥပဒေကြမ်း အတည်ဖြစ်ခဲ့ပါက ဆန္ဒပြခွင့်ထုတ်ပေးရန် ငြင်းပယ်ခံရလျှင် အယူခံဝင်ရောက်နိုင်သည့် အဆင့်သုံးဆင့် စလုံး မပါဝင်တော့ကြောင်း ဖော်ပြပါရှိသည်။
မူလဥပဒေ ပုဒ်မ (၉)တွင် ခွင့်ပြုမိန့်အတွက် ငြင်းပယ်ခံရလျှင် ငြင်းပယ်ကြောင်း အကြောင်းကြားစာ ရရှိ သည့်နေ့မှ ခုနစ်ရက် အတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။ ၎င်း ရဲ တပ်ဖွဲ့မှူးသည် အယူခံလွှာ လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် အဆုံးအဖြတ် ပေးရမည်။ ၎င်းရဲတပ်ဖွဲ့မှူး၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်ဟု ပါရှိသည်။
သို့ရာတွင် ယခုပြင်ဆင်သည့် ဥပဒေကြမ်းအရ အကြောင်းပြချက် မခိုင်လုံဘဲ ငြင်းပယ်ခြင်းမပြုရဟု ပါရှိ ကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ် များအခန်းရှိ ထောင်ဒဏ် သုံးမျိုး တို့အားလည်း ထက်ဝက်စီလျှော့ချထားကြောင်း စသည့် ပြင်ဆင်ချက်များရှိပါကြောင်း ၎င်းဥပဒေကြမ်းကို ပြင်ဆင်တင်သွင်းသည့် ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက မဇ္ဈိမကို ပြောကြားသည်။
“ငြိမ်း၊ စု၊ စီ ဆောင်ရွက်ခွင့် တောင်းခံရာမှ ဒေသအာဏာပိုင် အဖွဲ့အစည်းများအနေနဲ့ ခိုင်လုံသော အကြောင်းပြချက်မရှိရင် ပယ်ချခြင်းမပြုရလို့ ပြင်ဆင်ထည့် သွင်းထားပါတယ်။ ပြစ်ဒဏ်ပိုင်းမှာလည်း ပုဒ်မ ၁၇ မှာ ထောင်ဒဏ်နှစ်နှစ်ကို တစ်နှစ်အထိလျှော့ချပါတယ်။ ပုဒ်မ ၁၈ မှာ တစ်နှစ်ကနေ ခြောက် လအထိ လျှော့ချပါတယ်။ ပုဒ်မ ၁၉ မှာတော့ဖြင့် ထောင်ဒဏ် ခြောက်လ ကနေ သုံးလအထိ လျှော့ချပါ တယ်” ဟု ၎င်းက ဖြေကြားခြင်း ဖြစ်သည်။
ခိုင်လုံသော အကြောင်းပြချက်ဆိုသည်နှင့် ပတ်သက်ပြီး အကြောင်းအရာ တစ်ခုကို ဆန္ဒထုတ်ဖေါ်လိုက် သဖြင့် ရပ်ရွာ အေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာမယ်ဆိုလျှင် မျိုးနွယ်စုတစ်ခု နှင့်တစ်ခုကြား ဘာသာတစ်ခု နှင့် တစ်ခုအကြား မှာ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်မည်ဆိုလျှင် ထိုအချက် တို့သည် ခိုင်လုံသော အကြောင်းပြချက်များ ဖြစ်ကြောင်း၊ ထိုသို့ လုံလောက်သော အကြောင်းပြချက်မရှိ လျှင် ခွင့်ပြုချက်ကို ပယ်ချပိုင်ခွင့်မရှိစေရဟု ဖြည့်စွက်ထားကြောင်းလည်း ၎င်းက ရှင်းပြသည်။
အဆိုပါဥပဒေကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ပြီဆိုလျှင် ယနေ့ပြည်သူများ ကြုံတွေ့နေရသည့် ပုဒ်မ ၁၈ ကြောင့် ထိခိုက်ဆုံးရှုံး အနာတရဖြစ်မှုများ သိသိသာသာ လျော့နည်းကျဆင်းသွားမည်ဟု ယုံ ကြည်ပါကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ပုဒ်မ ၁၈ကို ပြင်ဆင်ရာတွင် အဓိက ပြင်ဆင်မှုများဟု ပြောနိုင်သည့်အချက်များတွင် ယခင်ဥပဒေပါ ခွင့် ပြုမိန့်စကားရပ် အစားခွင့်ပြုချက်ဟု ပြင်ဆင်ခြင်း၊ ကိုယ်ရေးအချက်အလက်ဟူသော စကားရပ် အစား အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့်အစုံဟု ပြင်ဆင်ခြင်း ဟူသည့် သိသာသော ပြင်ဆင် အစားထိုးခြင်းအချို့လည်း ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိ ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံအချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာ၊ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးတို့၏ စီမံဆောင်ရွက်ချက်တို့သည် ပြည်သူ့အကျိုးစီးပွားများနှင့် ဆန့်ကျင်နေလျှင် ပြည်သူတို့က ဆန္ဒဖေါ်ထုတ်နေကြမည်သာဖြစ်ကြောင်း ပဉ္စမဏ္ဍိုင်ဖြစ်သော ပြည်သူတို့က ထိုသို့ ဆန္ဒဖေါ်ထုတ်စောင့် ကြည့် ထိန်းညှိပေးခြင်းကြောင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ အား ကောင်းလာသည်နှင့်အမျှ ဆန္ဒဖေါ်ထုတ်မှုများ လျော့နည်းပပျောက်သွားနိုင်ကြောင်း ထိုအချက်များကို ရည်ရွယ်လျက် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားအသနားခံစာများ စိစစ် ဆောင်ရွက်ရေးကော်မတီသည် ၎င်း ငြိမ်း၊ စု၊ စီ ဥပဒေကြမ်းကို တင်ပြရခြင်းဖြစ်ကြောင်းလည်း အစီရင်ခံ စာ၌ ပါရှိသည်။
ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခဲ့သည့် အဆိုရှင် သူရဦးအောင်ကို မူလ တင်သွင်းထားမှုတွင်မူ ရဲ စခန်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ခွင့်ပြုချက်ရယူရန် မလိုတော့ဘဲ အကြောင်းကြားရုံ သာဖြစ်ကြောင်း၊ ငြိမ်း-စု-စီ ဆောင်ရွက်မှုကို တားမြစ်ခြင်းမပြုရန် အစားထိုးထားသည်ဟု ယခင် လက မဇိ္ဈမကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း လွှတ်တော်သို့ မတင်ပြမီ သက်ဆိုင်ရာ ပြည်ထဲရေး၊ တရားရေး စသည့် ဌာနများနှင့် ညှိနှိုင်းသည့်အခါ အပေးအယူ အလျှော့အတင်း လုပ်ခဲ့ကြရသဖြင့် ယခုအခါ၌ အဆိုပါ အချက်များ ပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။
No comments:
Post a Comment