သဇင်ဥ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အထင်ကရမြို့တမြို့ထဲတွင် ပါဝင်သော ကော့စ်ဘဇားမြို့ မဟာသိမ်တော်ကြီး ဗုဒ္ဓသာသနိ့က ဘုန်းတော် ကြီးကျောင်း တစ်ကျောင်းအား ဘင်္ဂလီတချို့က ခဲဖြင့်မကြာခဏလာပေါက်၍ အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင် ဆရာတော်ကြီးက အာရ်ကန်တိုင်းမ်စ်သို့ မိန့်ကြားသည်။
လွန်ခဲ့သော တနင်္လာနေ့က ဘင်္ဂလီတချို့အနေဖြင့် ရခိုင်ပြည်-ဘင်္ဂလာနှစ်နိုင်ငံရှိ မဟာသိမ်တော်ကြီး ၉ သိမ်အနက် တခုအပါအ၀င် ဖြစ်သော ကော့စ်ဘဇား (အောင်ချမ်းသာမြို့) မဟာသိမ်တော်ကြီးရင်ပြင်ရှိ ၀ိမလသာရ ဘုန်းတော်ကြီးကျောင်းအား ခဲများဖြင့်လာရောက် ပစ်ခတ်သဖြင့် ကျောင်းမှန်တံခါးဝများ ကွဲပြဲသွားကြောင်း အရှင်ဘုရား ဦး ပဏ္ဍိတက အောက်ပါအတိုင်း မိန့်ကြားသည်။
"ကျန်းမာပါတယ်၊ ဒါပေမဲ့ စိတ်မချမ်းသာဘူး၊ ဒီကျောင်းကို ကုလားတွေက မကြာခဏလာပြီး ခဲနဲ့ပစ်တယ်၊ နေ့လည်ဖြစ်တာပါ၊ ကျောင်းတံခါးမှန်တွေ ကွဲသွားတယ်၊ မှန်ချပ်ပေါင်းက ၁၃ ချပ်ကွဲပြဲသွားပါပြီ၊ အရင်တုန်းကကွဲတာတွေက ၀ယ်တပ်ထားပြီးပြီ၊ မှန်တွေကကြီးပြီးတော့ ထူလည်းထူတယ်၊ သူတို့ကိုဟန့်တားရင် ပိုဆိုးတယ်။"
ဆက်လက်ပြီး အရှင်ဘုရားက မဟာသိမ်တော်ကြီးရင်ပြင် အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြရာ "ကုလားတွေက သိမ်ရင်ပြင်မှာရှိတဲ့ ကျောင်းအောက်၊ ကျောင်းနားတွေကိုလာပြီး ဆေးခြောက်သောက်တယ်၊ ကျင်ကြီးကျင်ငယ်သွားတယ်၊ Cricket၊ ဘောလုံး ကစားကြတယ်၊ အရက်မူးလာပြီး တွေ့ရာကိုခိုးယူသွားလေ့ ရှိတယ်။"ဟု မိန်းကြားသည်။
ထို့ပြင် ယင်းသိမ်ရင်ပြင် ဓမ္မာရုံ၌ ငြိမ်းချမ်းရေးအလင်းရောင် ၀တ်ရွက်ပူဇော်ပွဲအသင်းမှ ဦးဆောင်၍ ဇွန္န၀ါရီလ ၂၉ မှ ဖေဖေါ်ဝါရီလ ၃ နေ့အထိ ကျင်းပခဲ့သော ထေရ၀ါဒတရားတော်မြတ် ဟောပြောပွဲကို စစ်တွေမြို့ အာဂျိတ်တော်ကုန်း ဗုဒ္ဓသာသနာ့ဝန်ဆောင် ဆရာတော် အရှင် အဃဿရ မှ တရားတော်ဟောပြောနေချိန်အတွင်း ၀ိမလသာရ ဘုန်းတော်ကြီး ကျောင်းနောက်ရှိ သီလရှင်တိုက်ခန်းအတွင်းမှ အသုံးအဆောင်ပစ္စည်းများအား ဘင်္ဂလီသူခိုး နေ့လည်အချိန်တွင် ခိုးယူသွားကြောင်း သီလရှင် ဓမ္မရတီ က ဆိုသည်။
ယင်းအောင်ချမ်းသာမြို့ရှိ ၀ိမလသာရကျောင်းတိုက်၊ သီလရှင်အဆောက်အဦး၊ ရွာသာယာရွာရှိ ထိပ်ကျင်းတောင်စေတီပုထိုး မြေနေရာများကို လွန်ခဲ့သော ၆ နှစ်ကျော်က မတရားကျူးကျော်သိမ်းပိုက်ထားသော ဟိန္ဒူနှင့် ဘင်္ဂလီတို့ထံမှ တရားစွဲဆို၍ ပြန်လည် ရရှိထားသော ဗုဒ္ဓသာသနိက မြေနေရာများဖြစ်သည်။
ဘင်္ဂလာဒေ့ခ်ျ၌ ဗုဒ္ဓဘာသာ သာသနိ့ကပိုင် မြေနေရာအနှံအပြားနှင့် သင်္ချိုင်းမြေများအား ဘင်္ဂလီနှင့် တခြားဘာသာခြားများ၏ ကျူးကျော်သိမ်းပိုက်ခြင်းများကို နည်းမျိုးစုံဖြင့် ခံနေရကြောင်း၊ စီးပွားရေးဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ယနေ့အချိန်ထိ ခြိမ်းခြောက် ခံနေရဆဲဖြစ်ကြောင်း ဘင်္ဂလာမှ ဌာနေတိုင်းရင်းသား လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

No comments:
Post a Comment