Wednesday, February 19, 2014

ဖွဲ့စည်းပုံပြင်ရန် တည်ဆဲဥပဒေကို လိုက်နာရမည်ဟု တပ်မတော် ပြော

မင်းမင်း

အခြေခံဥပဒေသည် နိုင်ငံ၏ အနှစ်ချုပ်ဥပဒေဖြစ်သည့်အတွက် မူလပြဋ္ဌာန်းထားသည့် ဥပဒေကို လိုက်နာ ရန် လိုအပ်ပြီး ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှသာ ပြင်ဆင်ရမည်ဟု ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ခန့်ထားသည့် အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်က ပြောသည်။

“လက်ရှိ တည်ဆဲဥပဒေဆိုရင် လိုက်ကို လိုက်နာရမယ်။ လတ်တလောမှာတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေ။ ဥပဒေထဲမှာမှ သူက Mother Law ပေါ့နော်။အဲဒါဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ အတိုင်းပြင်။ ဟုတ်တယ်မလား။ ဒီအတိုင်းပဲ ပြင်ရမယ်လေ” ဟု ၎င်းက ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တည်ဆဲဥပဒေဖြစ်သည့်အတွက် ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း လိုက်နာရမည်သာဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး မဇ္ဈိမ ၏မေးမြန်းမှုကို တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ ယမန်နှစ်ကုန်ကတည်းက အချက် ၁၄ ချက်ပါ အကြံပြုစာများ ပေးပို့ထားသည်ဟု မဇ္ဈိမကိုအတည်ပြု ပြောဆိုခဲ့ဖူးသော်လည်း ယနေ့အထိ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယခုတွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲစေရန် ပြဋ္ဌာန်းထားသည်ဟု နိုင်ငံတကာကပါ ထုတ်ဖော်ပြော ဆိုထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အကြံပြုထားခြင်း ရှိ၊ မရှိ မဇ္ဈိမက အဆိုပါတပ်မတော် ကိုယ်စား လှယ် ခေါင်းဆောင်ကို ထပ်မံမေးမြန်းခဲ့သော်လည်း တိကျစွာ ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။

“အဲဒီအချက်တော့ မပါဘူးလို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အဲဒီဥစ္စာကျွန်တော်တို့က ညှိနှိုင်းဆွေးနွေး တာပဲ ရှိတယ်။ ဟို ၁၀၉ ဦးအဖွဲ့ထဲမှာပါတဲ့ ကိုယ်စားလှယ်တွေက နောက်ဆုံးအတည်ပြုပြီး တင်တာပေါ့ နော်။ ဒါပေမဲ့ အဲဒါတော့ပါတယ်၊ မပါဘူးဆိုတာ မပြောလိုပါဘူး။ မပါဖို့များပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) တွင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံသဘောတူရမည်ဖြစ်ပြီး ယင်းနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြု လုပ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံ ဆန္ဒမဲရမှသာ ပြင်ဆင်နိုင်မည် ဖြစ် သည်”ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်က ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်အတိုင်း ပြင်ရမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ “၂၅ ရာခိုင်နှုန်း(တပ်မတော်သားကိုယ်စားလှယ်)က ရွေးကောက်ခံမဟုတ်တဲ့အတွက် သူ့ကို ကျွန်တော် ထည့်မတွက်ဘူး။ ၇၅ ရဲ့တစ်ဝက်ဖြစ်တဲ့ ၃၈ က ထောက်ခံရင် အခြေခံဥပဒေကို ပြင်လို့ရရ မယ်။ တကယ်လို့ လွှတ်တော်ထဲ ဒီကိစ်္စရောက်လာရင်ကျွန်တော်ဆွေးနွေးမှာ” ဟု ၎င်း၏ သဘောထား ကို သတင်းထောက်များအား ထုတ်ပြောခဲ့သည်။

No comments: