အေးမြင့်စန်း
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ကန့်သတ် တားဆီးသည်ဆိုသော ပုဒ်မများဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် သမ္မတ နှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သော ပုဒ်မ ၅၉(စ) နှင့် ၅၉(ဃ) ပြင်ပေးရန်အတွက် ရန်ကုန်မြို့ အလုံမြို့နယ်တွင် ဒီမိုကရေစီ အင်အားစု ဆိုသူများက ဦးစီးကာ ပြည်သူ ၁၀၀ကျော်က ဖေဖော်ဝါရီ ၆ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။
ဖေဖော်ဝါရီ ၆ရက် နေ့လည် ၃နာရီက စတင်သော အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် အလုံမြို့နယ်ပြည်သူများ၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ လှည်းကူး၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ဒီမိုကရေစီလိုလားသူများ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူများ၊ ပြည်သူ့အကျိုးဆောင်ကွန်ယက်နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင်များ ပါဝင်သည်။
ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သည့် လှိုင်သာယာမြို့နယ်က ဦးသန်းမြင့်က “နာဂစ်ကြောင့် လူထုဒုက္ခ ရောက်နေတဲ့ အချိန်မှာ ပြည်သူလူထု သဘောထားကို ရယူခဲ့တာမရှိဘဲ စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ရေးဆွဲထားတာပါ။ အခုပြည်သူတွေက ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာကို သမ္မတ ဦးသိန်းစိန်အစိုးရက အလေးထားရပါလိမ့်မယ်”ဟုပြောသည်။
“ပြည်သူတင်မြှောက်သော အစိုးရ ပေါ်ပေါက်ရေး၊” “ ပြည်သူရွေးချယ်သော ခေါင်းဆောင် အစိုးရ ပေါ်ပေါက်ရေး" “ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉( စ) အလိုမရှိ" “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး" အစရှိသည့် ကြွေးကြော်သံများဖြင့် ပြည်သူအင်အား တစ်ရာကျော်က ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် အလုံမြို့နယ်၊ သိပ္ပံလမ်းနှင့် ဆင်မင်းလမ်းတစ်လျှောက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။ ယင်းသို့ လှည့်လည်ပြီးနောက် အလုံခန်းမရှေ့တွင် ရပ်နားခဲ့သည်။
ယင်းအပြင် ပဲခူးတိုင်း၊ တောင်ဒဂုံ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြည်မြို့တို့ရှိ ပြည်သူများက အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉( စ) ပယ်ဖျက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်လိုသည်ဟု ပြောလာသောကြောင့် သွားရောက် စီစဉ်ပေးရန် ရှိသည်ဟုလည်း ဆန္ဒပြရာတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးသိန်းဆွေက ပြောသည်။
၎င်းက“ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်လို့ မရအောင် ပုဒ်မ ၅၉(စ)ကို တမင်ရည်ရွယ် ရေးဆွဲထားတယ်လို့ မြင်တယ်၊ လူထုထောက်ခံမှုနဲ့ အစိုးရတစ်ရပ် တကယ်ဖြစ်လိုတယ်ဆိုရင် အခြေခံ ဖွဲ့စည်းပုံပါ ပုဒ်မ၅၉(စ)နဲ့ ပုဒ်မ၅၉( ဃ)ကို ရဲရဲဝံ့ဝံ ပြင်ဆင်ပေးပါ၊ သန့်ရှင်းသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပလိုတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးပါ” ဟုပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတနှင့် ဒု-သမ္မတ အရည်အချင်း သတ်မှတ်ချက်များတွင် ပါဝင်သည့် ပုဒ်မ ၅၉ (စ)တွင် ပါဝင်သည့် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်းများသည် တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရ ဆိုသည့် အချက် ပါဝင်သည်။
၅၉ (ဃ)တွင်မူ “နိုင်ငံတော်၏ အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ၊ စစ်ရေး စသည့် အမြင်များ ရှိရမည်“ ဟု ပါရှိသည်။
No comments:
Post a Comment