နန်းမြင့်
လှည်းကူးမြို့နယ်မှ ဖျက်သိမ်းခံရသည့် သမီးကလေးကျေးရွာအပါအဝင် မြေသိမ်းခံရသည့်သူများ ဆန္ဒဖော်ထုတ်ခြင်းကို လူအင်အား ၆ဝခန့်ဖြင့် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံ အနီး ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းတွင် ဖျက်သိမ်းခံရသည့် လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာ အပါအဝင် မြေသိမ်းခံရသည့် သင်္ဃန်းကျွန်းမြို့နယ် ၁၆/၃ ရပ်ကွက် ဘောလုံးကွင်းနှင့် မရမ်းကုန်း ၆ ရပ်ကွက် အိမ်ယာမြေ အသိမ်းခံခဲ့ရသော ပြည်သူများ ပါဝင်ကြသည်။
သမီးကလေးကျေးရွာမှ ဦးအာစာရက "ကျေးရွာသူကျေးရွာသားတွေကိုယ်စား ဆရာတော်တက်လာတာပါ။ သမီးလေးကျေးရွာ နည်းတူ မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်စရာအခက်အခဲဖြစ်ပြီး အိုးအိမ်ပျောက်နေတဲ့ ဒုက္ခသည်တွေ နေရာထိုင်ခင်း ပြန်လည် ရရှိရေး၊ ရွာတွေ ဖျက်ခံရလို့ ကလေးတွေ ပညာမသင်ကြားရဘဲ လမ်းဘေးရောက်နေတဲ့ကိစ္စ နိုင်ငံတော်က စနစ်တကျပြန်လည် လုပ်ဆောင်ပေးဖို့ ဆန္ဒဖော်ထုတ်တာပါ။ နေရာထိုင်ခင်း အတိအကျမပေးဘူးဆိုလည်း ဒုက္ခသည်တွေ ကရင်ပြည်နယ်ကို လိုက်ကောင်းလဲလိုက်လိမ့်မယ်။ ခုချိန်ထိတော့ မဆုံးဖြတ်ရသေးဘူး”ဟု မိန့်ကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး DKBA မှ ဗိုလ်မှူးစောဆန်းအောင်က အစိုးရက တာဝန်ယူဆောင်ရွက်ပေးခြင်းမျိုး မရှိလျှင် ဒုက္ခသည် များကို လူသားချင်းကိုယ်ချင်းစာနာသည့်အနေနှင့် ပြည်သူများဘက်မှ ဆန္ဒရှိ၍လိုက်နေမည်ဆိုပါက အချိန်မရွေး ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးအာစာရက မိန့်ကြားသည်။
အလုပ်သမားသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင်က “မြေသိမ်းခံရတဲ့ အားလုံးကို ကိုယ်စားပြုတာပါပဲ။ သမီးလေးကကျေးရွာရဲ့ ပုံရိပ်ကို ပြည်သူတွေ သိဖို့ရည်ရွယ်တာပါ။ ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ယူစေချင် တယ်”ဟုပြောသည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးလေးကျေးရွာကို ဖျက်သိမ်းခဲ့ပြီးနောက် ပဲခူးတိုင်းမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်း အတွင်း ခိုလှုံနေသည့် အိမ်ထောင်စု ၁၅၃ စုမှ ၇၅ စုကို ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံဖျက်သိမ်းခဲ့သည်။
No comments:
Post a Comment