Wednesday, February 5, 2014

စစ်ကိုင်း၊ တမူးတွင် ဆယ်ရက်ကြာ ပျောက်ဆုံးနေရာမှ အလောင်းပြန်တွေ့

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ဆယ်ရက်ကြာ ပျောက်ဆုံးနေသည့် နာဂတိုင်းရင်းသား တစ်ဦး၏ ပုတ်ပွနေသည့် အလောင်းကို တမူးမြို့၏ အရှေ့တောင်ဘက် တစ်မိုင်နှင့် လေးဖာလုံခန့်နေရာရှိ တောတွင်းတစ်နေရာတွင် ဇန်နဝါရီ ၃၁ ရက်ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသူသည် တမူးမြို့၊ မြို့မ အမှတ် (၁၃) ရပ်ကွက်နေ ကိုဆလိုက်စီ အသက်(၃၄) နှစ်ဆိုသူ ဖြစ်သည်။ ထိုသူ၏ ပုတ်ပွနေသော အလောင်းအား (၁၄/ခ) ရပ်ကွက်နေ ဦးအေးဖေ ဆိုသူက သူ၏ အခင်းတော၌ သစ်ခုတ်ရန် သွားရောက်စဉ် အင်တောအတွင်းချောက်ကမ်းပါးတွင် ပေါက်နေသည့် သခွပ်ပင်ပေါ်၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဦးအေးဖေမှ ဆယ်အိမ်စုမှူး ဦးမောင်စန်းထံ ပြောပြခဲ့ရာ ဆယ်အိမ်စုမှူးမှတဆင့် တမူးမြို့မ ရဲစခန်းသို့ ဖုန်းဖြင့် ဆက်လက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြောင်းကြားချက်များအရ ရဲစခန်းက ထိုအရပ်သို့ သွားရောက်စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးနေသူမှာ အပြာရောင် လျှပ်စစ်ဝါယာကြိုး အသုံးပြု၍ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ပြီး၊ ထိုသူ၏ ခန္ဒာကိုယ်မှာ ပုတ်ပွညိုမဲလျက်ဟု ရဲဌာနက စိစစ် တွေ့ရှိခဲ့သည်။ ရဲစခန်းက အဆိုပါ လူသေဆုံးမှုအား သေမှုသေခင်း အမှတ်စဉ် (၂/၂ဝ၁၄)အရ အမှုရေးဖွင့်ထားသည်။

No comments: