ကေဇူး
ရခိုင်ပြည်နယ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းလေ့လာရန် သမ္မတ ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ်သို့မရောက်ရှိသေးကြောင်း ကော်မတီအဖွဲ့ဝင်များက မဇ္ဈိမကိုဖေဖော်ဝါရီ ၁ဝ တွင် ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဟု သမ္မတရုံးကထုတ်ပြန်ထားသည့်အတွက် ကော်မရှင်အနေနှင့် စုံစမ်းစစ်ဆေးရန် ၂၂ ရက်သာ အချိန်ရသော်လည်း ရခိုင်သို့ မသွားရောက်နိုင်သေးပေ။
“ဒီမှာ အစည်းအဝေးတွေလုပ်ပြီး ဘယ်လိုစုံစမ်းလေ့လာမယ်ဆိုတာ ညှိနှိုင်းတဲ့အဆင့်ပဲရှိပါသေးတယ်။ ရခိုင်ကို ဘယ်နေ့သွားမယ် ဆိုတာကို အတိအကျပြောလို့မရပါဘူး”ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးဒေါက်တာကျော်ရင်လှိုင်က မဇ္ဈိမကိုပြောသည်။
“တစ်လအတွင်းမှာ ဒီပြဿနာနဲ့ဆက်နွယ်တာတွေအားလုံးကို တင်ပြရမှာ (၂၂ ရက်အတွင်း) နည်းနည်းတော့ အခက်အခဲ ရှိပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို ပြောသည်။
ယင်းကော်မတီကို သည် ဖော်ဖော်ဝါရီ ၂၈ ရက်တွင် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသေဆုံးမှု ဒုချရားတန်း အနောက်ကျေးရွာမီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်း၊ သတင်းထုတ်ပြန်မှု မည်သူတို့ကဆောင်ရွက်ကြောင်း၊ ဖြစ်စဉ်များကြောင့်သေဆုံး၊ ဒါဏ်ရာရရှိမှု၊ အခြေအနေ နှင့် နေအိမ်ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို တင်ပြရမည်ဖြစ်သည်။
ထို့ပြင် ထပ်မံမဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်ရမည့်အခြေအနေများကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်ကစတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်အနေဖြင့် ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။
ဒုချရားတန်းတွင်ဖြစ်ပွားသော ပြသနာနှင့်ပတ်သက်၍ ၂ဝ၁၂ ခုနှစ်ကဖွဲ့စည်းထားသော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင်အချို့သည် ပထမအကြိမ် ဇန်နဝါရီ ၂၂ ရက်တွင် ဒုချရားတန်းကျေးရွာသို့ ရောက်ရှိလေ့လာပြီးဖြစ်သည်။
ယင်းကော်မရှင်၏ တွေ့ရှိမှုများကို ဇန်နဝါရီ ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် နိုင်ငံတကာ သံအမတ်များ၊ ဥရောပသမဂ္ဂ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများကို ရှင်းလင်းပြီးဖြစ်သည်။
ယခုအကြိမ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော်မရှင်တစ်ရပ်ကို ထပ်မံဖွဲ့စည်းခြင်းလည်းဖြစ်သည်။
No comments:
Post a Comment