ABC
မြန်မာပြည်တွင်းနဲ့ ပြည်ပက အလွှာပေါင်းစုံပါဝင်တဲ့ ရခိုင်အမျိုးသားညီလာခံတရပ်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဧပြီလကုန် ကျရင် ကျင်းပသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပတဲ့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဲဒီညီလာခံကို ပြည်တွင်း ပြည်ပက ရခိုင်အမျိုးသား ခေါင်းဆောင်တွေ တက်ရောက်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ကျောက်ဖြူမြို့မှာ ကျင်းပမယ့် ညီလာခံကို ရည်ရွယ်ချက် ၃ ရပ်နဲ့ ကျင်းပမှာဖြစ်တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ ဦးသာဘန်း က ပြောပါတယ်။
“ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး၊ လုံခြုံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်လူ့ ဘောင်သစ်တရပ် ပေါ်ထွန်းရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ တင် ကျနော်တို့ ညီလာခံကို ကျင်းပပါမယ်။ ညီလာခံ ကျင်းပမည့် နေရာကိုလည်း ကျနော်တို့ ဆုံးဖြတ်ခဲ့ ပြီးပါပြီ၊ အထူးစီးပွားရေးဇုံဆိုတာလည်း ဟုတ်နေတယ်၊ နောက်တစ်ခုက ရွှေဂတ်စ်နဲ့ ပတ်သက်ပြီး တော့လည်း ရောင်းစားပြီးတော့ တရုတ်ပြည်ကိုပို့နေတယ်၊ စီးပွားရေး အချက်ချာကျတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ အလယ်ဗဟိုဂျက်မလည်း ဖြစ်တဲ့အတွက် ကျောက်ဖြူကို ကျနော်တို့ ရွေးပြီးတော့ ဧပြီလ ၂၇ ရက်ကနေပြီးတော့ မေလ ၁ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။”
ရခိုင်တစ်မျိုးသားလုံးကနေ ရခိုင်ပြည်ရဲ့ အနာဂတ်အတွက် ရေရာတဲ့ သေနကဗျူဟာတစ်ရပ် ချမှတ်နိုင်ဖို့ အတွက် ခုလို ကျင်းပမှာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားတိုးတက်ရေး RNDP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။
“ကျနော်တို့ ရခိုင်လူ့အဖွဲ့ အစည်း ဟာ စိန်ခေါ်မှုတွေ အများကြီး ကြုံနေရတယ် သူများဒေသထက် ထူးခြားတဲ့ စိန်ခေါ်မှုတွေကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ အဲ့ဒီ ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ ကျနော်တို့က တစ်ပါတီ တခုချင်းအနေနဲ့ ဒီပြသနာကို ကျနော်တို့ ဖြေရှင်းလို့ မရနိုင်ဘူး၊ အဲ့တော့ အကုန်လုံး ကျနော်တို့ စုပေါင်းပြီးတော့ ရခိုင်တွေ ရှေ့အနာဂတ်ကို ဘယ်လိုသွားမလဲ ဆိုတဲ့ သေနကဗျူဟာတစ်ခုကို ချမှတ်နိုင်ဖို့ အရေးကြီးတယ်။ ဒါက ကျနော်တို့ရဲ့ သမိုင်းမှာ လက်တွေ့ လိုအပ်ချက်ပဲ။”
ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင် ၇ ဦး ကို ရွေးချယ်လိုက်တဲ့အပြင် ညီလာခံ ကျင်းပရေးအတွက် နိုင်ငံတော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းရေးကော်မတီကို အဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ ဥက္ကဌ ဦးသာဘန်း၊ ရက္ခိုင့်တပ်မတော်က ဒုဗိုလ်မှူးကြီး ကျော်ဟန်၊ ALP က ဦးခိုင်သုခ နဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့နဲ့ ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။
ရခိုင်တစ်မျိုးသားလုံးပါဝင်နိုင်တဲ့ဒီညီလာခံကို ပြည်တွင်းပြည်ပမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက ရခိုင်ပြည်သူ ၇၀၀ လောက် တက်ရောက် နိုင်ဖို့ ခန့်မှန်းထားကြတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment