အောင်သူရထွန်း၊မင်းမင်း
သူနာပြုသင်တန်း၊ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ ပုဂ္ဂလိကသင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုရန် သီးခြားဥပဒေ ပြဌာန်းထားခြင်းမရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်လိုပါက ကျန်းမာရေး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ဆိုသည်။
“ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေကို ကြော်ငြာအားကောင်းကောင်းနဲ့ ဆောင်ရွက်နေတာတွေ အများ အပြားတွေ့ လာရတယ်၊ ပုဂ္ဂလိကသင်တန်းတွေနဲ့ အသင်းအဖွဲ့များကို ဘယ်ဝန်ကြီးဌာနရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်တွေနဲ့ ဆောင်ရွက်နေသလဲ ဆိုတာကို စိစစ်ဖို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲရုံး အားလုံးကို ၁၆.၅.၂ဝ၁၂ ရက်စွဲပါ စာအမှတ် ၁မဂ(က) ၂ဝ၁၂/ ၄၄၆၅ ဖြင့်
မေတ္တာရပ်ခံထားပါတယ်” ဟု ဒု- ဝန်ကြီးက ဖေဖော်ဝါရီလ ၁၄ရက်က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်(၄)ခု၊ သွားဘက်ဆိုင်ရာ ဆေးတ္ကသိုလ်(၂)ခု၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်(၁)ခု၊ ဆေးဝါး တက္ကသိုလ် (၂) ခု၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(၂)ခု၊ သူနာပြုတက္ကသိုလ်(၂)ခု၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်(၁)ခု၊ သူနာပြုသင်တန်းကျောင်း(၂၃)ခု၊ သားဖွားသင်တန်းကျောင်း(၂ဝ)ခု၊ သူနာပြု နှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း(၃)ခု စုစုပေါင်း (၆ဝ)ခု တို့ကိုနိုင်ငံတော်မှ တရားဝင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက “ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆိုင်တဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေ ဟာ နိုင်ငံခြားမှာအလုပ်အကိုင်ပေးမယ်၊ ဒီပလိုမာ တွေပေးမယ်ဆိုတဲ့ ကြော်ငြာတွေ အားကောင်းကောင်းနဲ့ ဆောင်ရွက်နေကြတယ်၊ အဲဒီလို သင်တန်းကျောင်းတွေက ပညာသင်ကြားပြီး အမှန်တကယ် ဆေးဝါးကုသနေတာတွေရှိပါတယ်၊ ဒါကလည်း တကယ်အာမခံချက် စံနှုန်းတွေရှိပါ့မလား ဆိုတာ သေချာစိစစ် ဖို့လိုတယ်” ဟု အကြံပြုဆွေးနွေးခဲ့သည်။
လူငယ်များအနေဖြင့် ပုဂ္ဂလိကသင်တန်းကျောင်းများ တက်ရောက်ပြီး လက်တွေ့ဆောင်ရွက်ချိန်တွင် တတ်မြောက်မှု နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်မှု အခြေအနေ အခက်အခဲများရှိနိုင်သဖြင့် အချိန်ကုန်၊ ငွေကုန် ဖြစ်ရပြီး လူငယ်များ နောင်ရေးအတွက် အနှောင့်အယှက်သဖွယ် ဖြစ်နိုင်သည်ဟု ၎င်းကမှတ်ချက်ပြုပြောကြားခဲ့သည်။
No comments:
Post a Comment