စိုးသန်းလင်း
မြို့နယ် ၃၃၀ အတွက် ၃၃ ဘီလီယံသုံးစွဲမည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၂၁ ချက်၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့၏ ဖြည့်စွက်ချက်နှစ်ချက်တို့ဖြင့် ယနေ့အတည်ပြုလိုက်ကြောင်း၊ အတည်မပြုမီ ဖွံ့ဖြိုးရေးလုပ်ငန်း များ အခွန်ကင်းလွတ်ခွင့်၊ ၎င်းလုပ်ငန်း၏ စာရင်းအင်းများစိစစ်မှု ကင်းလွတ်ခွင့်တို့အတွက် အကျေ အလည်ဆွေးနွေးခဲ့ကြပြီးမှ အတည် ပြုနိုင်ခဲ့ကြောင်းတွေ့ရသည်။
ထိုသို့ ပြင်ဆင်ဖြည့်စွက်ချက် ၂၃ ချက်အနက် ၎င်းဥပဒေကြမ်း၏ အခန်း ၈၊ ပုဒ်မ ၁၅နှင့် ၁၆ ဖြစ်သည့် အခွန်ကောက်ခံခြင်းနှင့် ကင်းလွတ်စေရမည်ဟူသော အချက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ စိစစ်ရေးအဖွဲ့၊ ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းစိစစ်ရေးကော်မတီက ပယ်ဖျက်ထားခြင်းကို ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ခြင်း၊ ၎င်းကန့်ကွက်ချက်ကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ဥက္ကဋ္ဌတို့က ပြန်လည်ဖြေရှင်းခြင်း၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက အကြံပြုခြင်း စသည့် ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့သည်။
“မြို့နယ်တစ်ခုမှာ ကျေးရွာတွေက အများကြီး၊ ဒီတော့ တစ်မြို့နယ် သိန်းတစ်ထောင်လို့သာ ပြောတာ၊ တစ်ရွာကို သိန်းငါးဆယ်စီတောင် ပေးလို့မရဘူး၊ တချို့ရွာတွေဆိုရင် ဆယ်သိန်းလောက်ပဲ ပေးနိုင်တယ်။ ဒီတော့ ရေကိစ္စအတွက် ရေစုပ်စက်လေး၊ ရေပိုက်လေး ၀ယ်ချင်ဝယ်မယ်။ အဲ့ဒါတွေကိုလည်း လူထုရှေ့ မှာ လုပ်မှာ၊ လူထုနဲ့ပေါင်းစပ်ညှိနှိုင်းပြီး ပွင့်လင်းမြင်သာစွာလုပ်ကြမှာ။ ပြီးသွားရင် လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဗီနိုင်းနဲ့ပြရဦးမှာ၊ အဲဒါတွေကို စာရင်းစစ်ရုံးက ဆင်းစစ်မယ်ဆိုရင်တစ်မြို့နယ်မှာ လုပ်ငန်း ၂၀၊ မြို့ ၃၃၀ ဆိုရင် လုပ်ငန်းပေါင်း ခြောက်ထောင်ကျော် ရှိတယ်။ ဒီလုပ်ငန်းအားလုံးကို ဒီလူ တွေ ဆင်းစစ်မှာလား။ သုံးတဲ့ငွေကြေး ပမာဏထက် ဆင်းပြီးစာရင်းစစ်ရမယ့် စရိတ်က ပိုများတယ်။ ဆင် ဖိုးထက် ချွန်းဖိုးက ကြီးနေတယ်” ဟု မိုင်းရယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟ ကျော်က အဆိုပါ ကင်းလွတ်ခွင့်များကို ပယ်ဖျက်ခြင်းအား ၎င်းကကန့်ကွက်ရသည့် အကြောင်းရင်းကို မဇ္ဈိမသို့ ရှင်းပြခဲ့သည်။
အလားတူပင် အခွန်အခ ကင်းလွတ်ခွင့်ပြုရမည်ဟူသည့် အချက်အား ဥပဒေကြမ်းကော်မတီက ပယ်ဖျက် ခြင်းကိုလည်း ၎င်းက ဖွံ့ဖြိုးရေးရန်ပုံငွေသည် ပြည်ထောင်စု ထောက်ပံ့ငွေဖြစ်ပြီး ဆောင်ရွက်သောလုပ်ငန်း များသည်လည်း ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးအတွက် ဖြည့်ဆည်းပေးသည့် ဖွံ့ဖြိုးရေးလုပ် ငန်းငယ်များ ဖြစ်သောကြောင့်ဟု ကျိုးကြောင်းရှင်းလင်းကာ ပယ်ဖျက်ခြင်းကို ကန့်ကွက်ခဲ့သည်။
ထိုအချက်နှင့်ပတ်သက်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်တင် နွယ်ဦးကလည်း “ဒီသိန်းတစ်ထောင်ကိစ္စက အမြတ်အစွန်းရဖို့လုပ်တဲ့ လုပ်ငန်းတွေ မဟုတ်ပါဘူး။ အရှုံး အမြတ်စာရင်းတွက်တဲ့ လုပ်ငန်းလည်း မဟုတ်သလို ၀င်ငွေရတဲ့လုပ်ငန်းလည်း မဟုတ်တော့ အခွန်ကင်း လွတ်ခွင့်ပြုရမှာပါ” ဟု ဦးစိုင်းသီဟကျော်၏ ပြင်ဆင်ချက်ကို ထောက်ခံဆွေးနွေးခဲ့သည်။
“ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ ပြဋ္ဌာန်းချက်တွေဟာ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းဖို့၊ တိုးတက်ဖို့ ဆောင်ရွက်တယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ညီညွတ်စွာ စီမံဆောင်ရွက်ခြင်းကသာ ရေရှည်မှာ ပိုပြီးအကျိုးဖြစ်ထွန်းနိုင်ပါတယ်။ ဒါကြောင့်ဒီဥပဒေကို ပြဋ္ဌာန်းတဲ့သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့ ညီညွတ်ရန် လိုအပ်ပါတယ်“ ဟု ၎င်းကလွှတ်တော်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment