Monday, February 10, 2014

တက္ကသိုလ်ဝင်တန်းကျောင်းသားများအရေး ထည့်စဉ်းစားသင့်ဟု ဦးခင်အောင်မြင့်ထောက်ပြ

မင်းမင်း

မြန်မာ့ပညာရေးတွင် “ဘဝတစ်ဆစ်ချိုး” ဟု အများလက်ခံထားသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ အောင်ချက်မြင့်မားရန် ဆရာများ၏ သင်ကြားမှုအပိုင်းနှင့် စာမေးပွဲစစ်ဆေးမှုအပိုင်းတို့ကို ထည့်စဉ်းစားသင့်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဖေဖော်ဝါရီ ၇ ရက်က အမျိုးသားလွှတ်တော်တွင် ပြောသည်။

“ကျောင်းသားမိဘ သဘောမျိုးနဲ့ ကျွန်တော် ခံစားမိတာကတော့ သင်ကြားမှု ဒီဂရီနဲ့ စစ်ဆေးမှု ဒီဂရီကြားထဲမှာ ကွာဟချက်များရှိသလား။ ဒီပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးနေ၊ တိုင်ပင်နေ၊ ညှိနှိုင်းနေတဲ့ အခါမှာ ထည့်စဉ်းစားစေချင်တာပေါ့ ” ဟု ဦးခင်အောင်မြင့်က ထောက်ပြပြောဆိုသည်။

တက္ကသိုလ်ဝင်တန်းများ၏ ဆယ်နှစ်တာကာလအတွင်း အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနက လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားပါလား ဟူသည် ရန်ကုန်တိုင်းအမတ် ဒေါက်တာမြင့်ကြည်၏ မေးခွန်းကို ဝန်ကြီးက ဖြေပြီးပြီးခြင်း ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ ဆယ်စုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်းမှာ ပျဉ်းမျှ ၃၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် “ပျမ်းမျှ ၃၀ ရာခိုင်နှုန်းဆိုရင် ၇၀ ရာခိုင်နှုန်းတွေ ဘာဖြစ်ကုန်မလဲလို့ စဉ်းစားတိုင်း၊ စဉ်းစားတိုင်း စိတ်မကောင်းပါဘူး။ ဒါလေးတွေကိုလည်း ထည့်စဉ်းစားပေးပါ” ဟု ၎င်းကပြောသည်။

ဒေါက်တာမြင့်ကြည်၏ မေးခွန်းဖြစ်သည့် ၁၀နှစ်တာ အောင်စာရင်းကို “ဆန်းစစ်လေ့လာမှု ပြုထားခြင်းမရှိ” ဟု ပညာရေးဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြန်ဖြေခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ်အတွင်းက အောင်ချက် ရာခိုင်နှုန်းများကိုသာ ဖတ်ပြသွားသည်။

ဒုဝန်ကြီးဖတ်ပြသည့် စာရင်းအရ ၂၀၀၆-၀၇ ပညာသင်နှစ်မှ ၂၀၁၁-၁၂ အထိ အများဆုံး အောင်ချက်ရာခိုင်နှုန်းမှာ ၃၅ ရာခိုင်နှုန်းကျော်အထိသာရှိခဲ့သည်။

“စာမေးပွဲ အောင်စာရင်းထွက်တိုင်း၊ ထွက်တိုင်းမှာ ကျွန်တော့အနေနဲ့ စိတ်မကောင်းဘူး။ စိတ်မကောင်းတာ ကိုယ်ချင်းစာလို့ပါ။ ကျသွားတဲ့ကလေးတွေက များလို့။ များတဲ့အခါကျတော့ သူတို့ဘဝတွေ ဘယ်လိုဖြစ်ကုန်မလဲ” ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ဦးခင်အောင်မြင့်ပြောသကဲ့သို့ အောင်ချက်ရာခိုင်နှုန်း မြင့်မားရန်မှာ ဆရာအင်းအားလုံလောက်မှု၊ သင်ထောက်ကူပစ္စည်းပြည့်စုံမှု၊ ဆရာတို့၏ သင်ကြားမှု စွမ်းရည် မြင့်မားမှု တို့မှာ အဓိက စိန်ခေါ်ချက်ဖြစ်နေသည်ဟု အထက်မြန်မာပြည်၏ အခြေခံပညာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် မွန်တိုင်းရင်းသား ဦးနိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။

မြန်မာပညာရေး အရည်အသွေးနိမ့်ကျရခြင်းမှာလည်း “ပညာရေးဌာနကို မကျွမ်းကျင်တဲ့သူတွေ ရောက်လာလို့” ဟု ဦးနိုင်ငွေသိန်းက ဝေဖန်ခဲ့သေးသည်။

No comments: