မောင်အေး
ဒုချီးရားတန်း ပြဿနာကြောင့် တင်းမာမူများ ပေါ်ပေါက်နေသော မောင်တောတွင် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒဖေါ်ထုတ်ခွင့်ကို အာဏာပိုင်များက ယနေ့တွင် ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။
“ ခွင့်ပြုလိုက်တယ်ဗျာ။ ဒီနေ့ နေ့လယ်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်တယ်” ဟု မောင်တောမြို့မိမြို့ဖ တစ်ဦးက ပြောသည်။
မြို့လူကြီးနှစ်ဦးက ခွင့်ပြုချက်ရရန် တင်ပြ တောင်းခံခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ခုနကဘဲ အဲဒီခွင့်ပြုချက်ကို မြို့နယ်မှူးဆီက သွားယူခဲ့တယ်။ လူပေါင်း ၅၀ ဆန္ဒဖေါ်ထုတ်မယ်လို့ တင်ထားတော့ အဲဒီအရေအတွက်အတိုင်းဘဲ ခွင့်ပြုလိုက်ပါတယ်။ ဆန္ဒဖေါ်ထုတ်ပွဲကိုတော့ လာမယ့် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ တနင်္လာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆန္ဒဖေါ်ထုတ်ပွဲတွင် UN နှင့် INGO များကို လက်မခံ ထွက်သွားရန်၊ အကြမ်းဖက်မှုဖြစ်အောင် လူံ့ဆော်သော အဖွဲ့အစည်းများကို လက်မခံ၊ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်ရန်၊ ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ တဘက်သတ်မှားယွင်းထုတ်ပြန်ထားမူကို ရုတ်သိမ်းရန် စသည့် အချက်များကို တောင်းဆို သွားမည်ဟု ဆိုသည်။
မောင်တောဒေသတွင် UN အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ ရောက်ရှိနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာနေပြီ ဖြစ်သော်လည်း ဒေသအတွင်း ပညာရေး၊ လူမူရေးအပိုင်းတွင် တစ်စုံတစ်ရာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးနိုင်ခြင်း မရှိကြောင်း၊ လူဦးရေတိုးပွားနုန်းကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း၊ ယင်းပြင် လူမျိုးနှစ်ခုအကြားတွင် ပြဿနာသာ ပိုမိုကြီးထွားလာကြောင်း၊ သို့အတွက် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မောင်တောဒေသတွင် ၀င်ရောက် လူပ်ရှားနေမူကို ပြန်လည် စဉ်းစားသုံးသပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်ကြောင်း သူကဆိုသည်။
ယင်းပြင် နိုင်ငံတကာ အန်ဂျီအိုများသည် ဒေသခံတိုင်းရင်းသားများကို ခွဲခြားဆက်ဆံပြီး တစ်စုံတစ်ရာ ကူညီထောက်ပံ့ပေးမှု မရှိကြောင်း၊ ဘင်္ဂလီများကိုသာ တစ်ဘက်သတ် အစားအသောက်၊ ရေတွင်း ရေကန်များ၊ လမ်းတံတားများ တည်ဆောက်ပေးခြင်းများကိုသာ ပြုလုပ်နေသဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ၎င်းအဖွဲ့အစည်းများ အပေါ်တွင် မကျေနပ်မူ တိုးပွားလာကြောင်းသူက ပြောဆိုသည်။

No comments:
Post a Comment