နန်းမြင့်
တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူဟုဆိုသူများက သပိတ်စခန်း ၁၁ ရက်မြောက်နေ့၊ ဖေဖော်ဝါရီ ၉ရက်တွင် မြန်မာ့ဂုဏ်ရောင်အိမ်ရာကို လှည့်ပတ်ပြီး ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့သည်။
ဆန္ဒပြသူများက ခရိုနီအလိုမရှိ၊ ဝါဝါဝင်းကုမ္ပဏီ အလိုမရှိနှင့် ပြည်သူများနစ်နာခြင်းကို အမြန်ဆုံး ဆောင်ရွက်ပေးဟု ကြွေးကြော် ခဲ့သည်။ ဆန္ဒပြဦးဆောင်သူ ဦးအောင်နိုင်ဝင်းက “ဒီနေ့က စပြီး လမ်းလျှောက်သပိတ် လုပ်တယ်။ အတတ်နိုင်ဆုံးငြိမ်းချမ်းစွာတောင်းဆိုသွားမယ်။ သူတို့ဆီက တုန့်ပြန်မှုဘာမှ မရှိသေးဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်ကို ဝါဝါဝင်းကုမ္ပဏီနှင့် ရပ်ကွက်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်ညွန့်နှင့် ဦးညွန့်ခင်တို့မှ ၁၉၉၄ ခုနှစ်တွင် ယင်းရပ်ကွက်မြေနေရာကို တပ်မတော်က စစ်တန်းလျားဆောက်လုပ်ရန် အကြာင်းပြခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက တပ်မတော်က ဘူဒိုဇာဖြင့် ထိုးမည်ဖြစ်၍ ဖယ်ရှားခဲ့ရသည်ဟု ယင်းရပ်ကွက်မှ ပြောင်းရွှေ့ခံရသူများက ဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရက်ကွက်တွင် နေထိုင်သည့် ဆန္ဒပြသူ ဦးတင်အုန်းက“ဒီနေ့လမ်းလျှောက်ဆန္ဒပြတယ်။ တစ်ဆင့်ပြီး တစ်ဆင့် မြှင့်တင်သွားဖို့ရှိတယ်”ဟု ပြောသည်။
ယခုဖြစ်ပွားနေသည့် ပြဿနာကို ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်က လာရောက်ကြည့်ရှုခဲ့ပြီး တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဟု ကတိပေးခဲ့သည်ဟု ဆန္ဒပြသူများက ဆိုသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီက အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဌေးဝင်းနှင့် ဆန္ဒဖော်ထုတ်သူများနှင့် တာမွေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သော်လည်း ထူးခြားသည့် အဖြေမရရှိခဲ့ကြပေ။
ဇန်နဝါရီ ၃၁ ရက် အိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး၊ တာမွေမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝါဝါဝင်း ကုမ္ပဏီပိုင်ရှင်၏ ညီမတို့က ဆန္ဒပြသူများကို လာရောက်တွေ့ဆုံခဲ့သော်လည်း တိကျသည့် အဖြေမရရှိခဲ့ပေ။
No comments:
Post a Comment