အောင်ကိုဦး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ မဟာခေမိကာရာမသစ်ဆိမ့်တိုက်သစ်အတွင်း မထွေးလေးဘုရားပရိဝုဏ်နှင့် ရှေးဟောင်းသာသနိက အဆောက်အအုံအတွင်းမှ လူနေအိမ်၊ ဆိုင်နှင့် စက်မှုလက်မှုလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် အကြောင်းကြားထားသည်ဟု မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တနန္ဒသာရက မဇ္ဈိမကို မိန့်သည်။
“မထားသင့်တော့တဲ့ အချိန်ရောက်လို့ပါပဲ။ အဆင်မပြေခင် ကိုယ့်ဒကာ ဒကာမတွေကို ကူညီတဲ့အနေနဲ့ ဆရာတော်တွေက မေတ္တာနဲ့ ယာယီခိုလှုံခွင့်ပေးထားတာပါ။ အခု အဲဒါတွေကို ရှင်းသွားမယ်။ ဒါတွေက ဘုန်းကြီးကျောင်းနဲ့ မအပ်စပ်ပါဘူး”ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါကျောင်းတိုက်များအတွင်း အိမ်ခြေ ၄၀ ခန့်ရှိပြီး စားသောက်ဆိုင်နှင့် စက်မှုလုပ်ငန်း ၁၅ ခုရှိရာ ယင်းတို့ကို ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၉ ရက်ကတည်းက အကြောင်းကြားစာများ ပေးပို့ထားသည်။ သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်သည်။ အခြား မြို့နယ်များတွင်လည်း ဘုန်းကြီးကျောင်းအတွင်းမှ လူနေအိမ်များနှင့် လုပ်ငန်းများကို ဖယ်ရှားရှင်းလင်း သွားမည်ဟု သိရသည်။
မထွေးလေးဘုရားအနီးတွင် ရောင်းချနေသော ဈေးဆိုင်များကို ဖယ်ရှားပေးရန် ရက်သတ်မှတ်ပေးခြင်း သည် ရက်နည်းသောကြောင့် ထပ်မံ ရက်တိုးမြှင့်ပေးရန် ဆရာတော်ကြီးများထံ အသနားခံစာ တင်ထား ကြောင်းနှင့် လောလောဆယ်တွင် ရွှေ့ပြောင်းပေးရန် မလွယ်ကူကြောင်း၊ ကျောင်းသူကျောင်းသားများ ရှိသောကြောင့် ငဲ့ညှာပေးရန် လျှောက်ထားထားသည်။
“အခုဖယ်ဆိုရင်တော့ မလွယ်ပါဘူး။ နေရာရှာရဦးမှာပါ။ ရွှေ့ပြောင်းတယ်ဆိုတာ မလွယ်ပါဘူး”ဟု လက် ဖက်ရည်ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဆရာတော်ကြီးများကလည်း ၂၄ ရက်တွင်သာ အပြီးပြောင်းစေချင်ပြီး ထိုနေ့တွင် မဖယ်ရှားသူများအား ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။
No comments:
Post a Comment