Sunday, February 9, 2014

မြန်မာနဲ့တရုတ် ဘာသာခြားတွေ အပေါ် ပိုမိုလက်ခံမှုလုပ်သင့်ဟု ကန်တိုက်တွန်း

ABC

မြန်မာနဲ့ ​တရုတ်နိုင်ငံအပါအဝင် ​နိုင်ငံတကာမှာ ​ဘာသာခြားတွေအပေါ် ​ပိုမို ​လက်ခံမှုတွေ ​လုပ်သင့်ကြောင်း ​အမေရိကန် ​သမ္မတ ​ဘားရက် ​အိုဘားမားက ​ပြောလိုက်ပါတယ်။

နိုင်ငံတကာမှာ ​ဘာသာရေးလွတ်လပ်ခွင့် ​ရှိဖို့ဟာ ​အမေရိကန် ​လုံခြုံရေးအတွက်လည်း ​အရေးကြီးတယ်လို့ ​ဆိုပါတယ်။

သမိုင်းကို ​ပြန်ကြည့်လိုက်မယ်ဆိုရင် ​လူ့အခွင့်အရေးနဲ့ ​ဘာသာရေးလွတ်လပ်ခွင့်တွေ ​ပေးထားတဲ့ ​နိုင်ငံတွေမှာ ​ပိုမို ​ငြိမ်းချမ်းပြီး ​ပိုပြီးတိုးတက်အောင်မြင်တာ ​တွေ့နေရတယ်လို့ ​အမေရိကန်နိုင်ငံမှာ ​တစ်နှစ်တစ်ကြိမ် ​ကျင်းပတဲ့ ​နံနက်စာ ​ဝတ်ပြုဆုတောင်းပွဲမှာ ​အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမားက ​ပြောခဲ့တာပါ။

ဒီလို ​လွတ်လပ်ခွင့်တွေ ​မပေးထားတဲ့ ​နိုင်ငံတွေမှာဆိုရင် ​မတည်ငြိမ်မှုတွေ၊ ​အကြမ်းဖက်မှုတွေနဲ့ ​အစွန်းရောက်မှုတွေ ​ပိုဖြစ်စေတယ်လို့လည်း ​ဆိုပါတယ်။

တချို့နိုင်ငံတွေရဲ့ ​လုပ်ဆောင်မှုတွေ ​အမေရိကန်နိုင်ငံရဲ့ ​အဆင့်အတန်းမမှီပေမယ့် ​တခါတလေတော့ ​ဒီသတ်မှတ်ချက်တွေကို ​ဘေးချိတ်ပြီး ​ဆက်ဆံမှုမျိုးတွေ ​လုပ်ရတယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဥပမာအားဖြင့် ​တရုတ်နိုင်ငံမှာ ​ခရစ်ယာန်တွေ၊ ​တိဘက်ဗုဒ္ဓဘာသာဝင်တွေနဲ့ ​ဝိဂါမွတ်စလင်တွေကို ​လွတ်လပ်ခွင့်မပေးထားတာကို ​သိနေတဲ့ကြားက ​အမေရိကန်က ​တရုတ်နိုင်ငံနဲ့ ​စီးပွားရေးတွေ ​လုပ်နေတာမျိုး ​ရှိတယ်လို့ ​ပြောပါတယ်။

ပြီးတော့ ​မြန်မာနိုင်ငံမှာလည်း ​ခရစ်ယာန်တွေနဲ့ ​မွတ်စလင်တွေ ​လွတ်လပ်မှု ​အခွင့်အရေးတွေ ​နည်းပါးကြောင်း ​သိတဲ့ကြားကပဲ ​ကမ္ဘာမှာ ​မြန်မာက ​အထီးကျန်နေတာကို ​ရပ်တန့်စေတဲ့အတွက် ​မြန်မာသမ္မတ ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံမှု ​လုပ်ခဲ့တယ်လို့ ​သမ္မတ ​ဘားရက်အိုဘားမားက ​ပြောပါတယ်။

ဘာသာရေး ​ယုံကြည်မှုကို ​အကြောင်းပြုပြီး ​တခြားလူကို ​နာကြင်စေတာဟာ ​ကိုယ်နဲ့ဘုရားကြားရှိနေတဲ့ ​ဆက်ဆံမှုကို ​ဖျက်ဆီးရာ ​ရောက်တဲ့အကြောင်း၊ ​အပြစ်မဲ့သူတွေကို ​သတ်ပြီး ​ဘုရားရဲ့အလို ​လုပ်ဆောင်လို့ ​မရနိုင်တဲ့အကြောင်း ​ဒီလုပ်ရပ်တွေဟာ ​ဘုရားရဲ့ ​အလိုတော်ကို ​ဆန့်ကျင်သစ္စာဖောက်ရာ ​ရောက်တယ်လို့ ​ပြောပါတယ်။ ​အဲဒါအပြင် ​နိုင်ဂျီးရီးယား၊ ​တောင်ဆူဒန်နဲ့ ​ဆူဒန်နိုင်ငံမှာ ​လွတ်လပ်စွာ ​ကိုးကွယ်ခွင့်ပေးဖို့နဲ့ ​အရှေ့အလယ်ပိုင်းဒေသမှာလည်း ​လွတ်လပ်ခွင့်တွေ ​ပေးဖို့ ​တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ ​နံနက်စာဆုတောင်းပွဲ ​အခမ်းအနားကို ​တစ်နှစ်တစ်ကြိမ် ​ကျင်းပလေ့ရှိပြီး ​အဲဒီပွဲအတွင်း ​ဥပဒေပြုသူတွေ၊ ​အစိုးရအရာရှိတွေ ​တက်ရောက်လေ့ရှိပါတယ်။

No comments: