Thursday, May 7, 2009

နှင်း ယွန်း နွေ ဦး

ရွှေအိမ်စည်

(က)

“နီရဲရဲလျှင် …

ပေါက်လဲပွင့်ငုံ၊ သရက်ထုံ၍

အစုံရောဖက်၊ နီသစ်ရွက်တို့

နီလျက်နီကာ မြန်းလေပြီ….”

(ဒဂုန်တာရာ၏ နှင်းယွန်းဟေမာန် ကဗျာမှ)


“နန့်စွယ်” က ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်တွင်ရှိသည့် ထိုင်းရွာလေး ဖြစ်သည်။ “မယ်ဟောင်ဆောင်” နှင့် နီး၏။ မယ်ဟောင်ဆောင်နှင့် နန့်စွယ်အကြား လိုင်းကားငယ်လေးများ ပြေးဆွဲကြသည်။ မိနစ် ၄ဝ ခန့် စီးရသည့် ခရီးဖြစ်သည်။ နန့်စွယ်ရွာအစွန်၌ ကြက်သွန်ခင်းများ ရှိသည်။ ကြက်သွန်ခင်းများ လွန်လျှင်မူ …. မြန်မာပြည်။ ဤနေရာက နယ်စပ်မျဉ်းဟူ၍ သိသိသာသာ စည်းခြားထားခြင်း မရှိ။ နန့်စွယ်ရွာတွင်က KNPP (ကရင်နီ အမျိုးသားတိုးတတ်ရေးပါတီ) မှ ခေါင်းဆောင်တချို့ နေထိုင်ကြ၏။

ဒေါက်တာနိုင်အောင် ဦးဆောင်သည့် ABSDF ဗဟိုသည် ဒေါင်းဂွင် ကျပြီးသည့်နောက် “တရုတ်ကုန်း” သို့ ရွှေ့ခဲ့၏။ တရုတ်ကုန်းက “နန့်စွယ်” မှတဆင့် သွားရ၏။ မြန်မာပြည် အတွင်းပိုင်းတွင်ရှိသည့် နေရာဖြစ်၏။

မာနယ်ပလောမှ ဆုတ်ခွာခဲ့ရပြီးသည့်နောက် …. ကျနော်တို့အဖွဲ့တွင် ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင် တချို့သည် K.N.U ဗဟိုနှင့်အတူ “ကနဲလေး” သို့ ရွှေ့၏။ ဥက္ကဋ္ဌနှင့် အဖွဲ့တွင် ဗဟိုရုံး၊ ပြန်ကြားရေးဌာနနှင့် ကျန်းမာရေးဌာနခွဲတို့လည်း ပါသွား၏။ အတွင်းရေးမှူးနှင့် ကျနော်တို့က “နန့်စွယ်” သို့ ပြောင်းရွှေ့ခဲ့ကြ၏။ ကျနော်တို့နှင့်အတူ ဗဟို ဆက်သွယ်ရေးဌာနခွဲနှင့် ပြည်တွင်းလုပ်ငန်းအဖွဲ့တို့ ပါလာကြသည်။ ကျနော်တို့၏ နန့်စွယ်မစ်ရှင်က…

ပထမ နန့်စွယ်တွင် ဗဟိုဆက်သွယ်ရေးဌာန ယာယီဖွင့်မည်။ ပြီးလျှင် …. မြန်မာပြည်အတွင်းပိုင်း နယ်စပ်တွင် စခန်းတခု တည်မည်။ စခန်းတည်ပြီးလျှင်မူ ဗဟိုဆက်သွယ်ရေးဌာနအား စခန်းအသစ်သို့ ပြောင်းမည်။ နန့်စွယ်တွင်မူ နယ်စပ်ဆက်သွယ်ရေး ရုံးအဖြစ်နှင့် ကွန်ပြူတာတချို့နှင့် ရုံးတရုံး ဆက်ဖွင့်ထားမည်။

ဒုတိယက …. “ကယန်းပြည်သစ်ပါတီ” နယ်မြေအတွင်း အခြေပြုပြီး နိုင်ငံရေး၊ စည်းရုံးရေး အလုပ်အဖွဲ့တစ်ဖွဲ့ ထားရှိရန် ဖြစ်သည်။ ထိုအလုပ်အဖွဲ့က ပြည်တွင်း၌ စည်းရုံးရေး ကွန်ယက် တည်ဆောက်မည်။ ပြီးလျှင် …. နိုင်ငံရေးအန်တုမှု လုပ်ငန်းများ ဖော်ဆောင်သွားမည်။ ဒုတိယမစ်ရှင်အတွက် ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဗဟိုကော်မတီက ကျနော့်ကို တာဝန်ပေးသည်။ ထိုစဉ်က …. ယကန်းပြည်သစ် ပါတီသည် စစ်အုပ်စုနှင့် “အပစ်ငြိမ်း” ထားပြီး ကာလဖြစ်သည်။ ကယန်းပြန်သစ်ပါတီ၏ အခြေခံဒေသသည် “ပေါင်းလောင်း” ဂွင်အတွင်း ဖြစ်သည်။ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးရွှေအေးနှင့်က မာနယ်ပလော မကျမီတွင် မာနယ်ပလော၌ တကြိမ်ဆုံဖူး၍ လူချင်း မရင်းသော်လည်း တွေ့ဖူး၊ မြင်ဖူးတော့ ရှိကြ၏။

ကျနော်တို့ ပေါင်းလောင်းသို့ သွားရောက်ရန် ခရီးအတွက် ခွန်းမာရ်ကိုဘန် (ဖယ်ခုံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က စီစဉ်ပေး၏။ ဒီမောဆိုးမြို့အား မြို့ပေါ်မှ ဖြတ်ကြရမည်။ KNPP မှ တပ်ဖွဲ့ဝင်ရဲဘော်အနေနှင့် သွားကြရန် ဖြစ်သည်။ ခရီးသွားခွင့် လက်မှတ်ကို KNPP က လုပ်ပေး၏။ ထိုစဉ်က KNPP သည် စစ်အုပ်စုနှင့် “အပစ်ငြိမ်း” ထားဆဲ ကာလဖြစ်သည်။ KNPP ရဲဘော်များ ခွင့်ပြန်သည့်အနေနှင့် ကျနော်တို့ ဒီမောဆိုးကို ဖြတ်ကြရမည်။

နန့်စွယ်မှသည် ….ပေါင်းလောင်းဆီသို့ ….။

နန့်စွယ်၏ တပေါင်းလနွေသည် နွေး၍ နေသည်။


(ခ)


နန့်စွယ်ရွာ လွန်လျှင် …. ပဒေါင်လူမျိုးများ နေထိုင်သည့် “ပဒေါင်ရွာငယ်” ရောက်၏။ ပဒေါင်းရွာငယ်လေး တည်ထားပုံကား … အစီအစဉ်ရှိရှိနှင့် ရည်ရွယ်ချက် တစုံတရာအတွက် တည်ထားသည့် ပုံမျိုး ပေါက်နေ၏။ သူတို့၏ လက်မှုပစ္စည်းလေးများကို အိမ်တိုင်းလိုလို ရောင်းချကြသည်။ အမျိုးသားများထက် အမျိုးသမီးများ အတွေ့များ၏။ ခလေးငယ်များလည်း ရှိ၏။ သူတို့၏ လည်ပင်းများ၌ ကြေးကွင်းကြီးများ အထပ်ထပ် စွပ်ထားကြ၏။ လည်ပင်းများက ညောင်ရေအိုးကဲ့သို့ ရှည်လျက်….။ မသက်သာ….။ သူတို့ကို မြင်ရသည်မှာပင် စိတ်၌ မသက်သာလှ….။ ရွာက ….ပြခန်းဆန်နေ၏။ ကျနော်တို့ ပဒေါင်ရွာလေးကို ဖြတ်ကျော်ခဲ့၏။ ရွာအလွန်၌ ရွာကို ကွင်း၍ ဖောက်ထားသည့် သစ်ထုတ်လုပ်ရေး ကားလမ်း တွေ့ရသည်။ လမ်းက မြေသားလမ်း….။ သစ်ထုတ်လုပ်ရေး လမ်းအတိုင်း ကျနော်တို့ မြောက်ဘက်သို့ လျှောက်ခဲ့ကြ၏။ လမ်းက သစ်တောအုပ်အုပ် အတွင်း တိုးဝင်သွားသည်။ သစ်တောက အုပ်ဆိုင်း၍မနေ…. ရွက်ကြွေတို့နှင့် …. ရွက်ကြွေတော….။

နွေဦး၏ နံနက်ခင်းက … နွေးနွေးထွေးထွေး ပွေ့ဖက်လာ၏။ ပတ္တမြားသွေးရည်အဆင်း …. ယှက်ဖျာမှုအောက်၌ ရွက်ကြွေတောသည် ရဲရဲစိုလွင်၍ နေ၏။ ဦးခွန်မာရ်ကိုဘန်းသည် ကျနော်တို့နှင့်အတူ “ဌာနခွဲ” အထိ လိုက်လာခဲ့၏။ “ဌာနခွဲ” တွင် KNPP မှ ဗိုလ်မှူးချုပ် အောင်မြတ်နှင့် တွေ့ပြီး ကျနော်တို့၏ ခရီးစဉ်ကိစ္စ စီစဉ်ပေးမည်။ “ဌာနခွဲ” တွင် တညအိပ်ပြီး နောက်တနေ့တွင် ကျနော်တို့က ပေါင်းလောင်းခရီး ဆက်မည်။ သူကမူ …. နန့်စွယ်သို့ ပြန်မည်။ ကျနော်တို့နှင့်အတူ ကယန်းလူမျိုး လမ်းပြတဦးကိုလည်း ဦးခွန်မာရ်ကိုဘန်းက ထည့်ပေးလိုက်မည်။ ကျနော်တို့အဖွဲ့က ၄ ဦးဖြစ်ပြီး ကယန်းလူမျိုး လမ်းပြတဦးနှင့် ဆိုလျှင်မူ …. ၅ ဦး ဖြစ်မည်။ ခရီးသွား ၅ ဦး၏ ပေါင်းလောင်းခရီး….။

လမ်းက တောင်ကြောမို့မို့လေးအပေါ်သို့ မော့၍တက်သွားသည်။ အတက်ဆုံးသည်နှင့် KNPP ၏ လုံခြုံရေး တပ်စခန်းတခု တွေ့ရ၏။ တပ်စခန်းက လမ်း၏ ညာဘက်တွင် ဖြစ်သည်။ ခြံစည်းရိုး ကာရံထား၏။ ဆက်သွယ်ရေး လျှောက်မြောင်း …. ဘန်ကာကတုတ်ကျင်းနှင့် အခိုင်အခန့်ပင်….။ ကားလမ်းအား ကန့်လန့်ဖြတ် ဝါးတန်းတား၍ “ရန်ဆီး” ထား၏။ KNPP ရဲဘော်လေး တဦး ဝါးတန်း၏ တဖက်တွင် ထိုင်၍ ကင်းစောင့်နေသည်ကို တွေ့ရသည်။ ကျနော်တို့ ဝါးတန်းကို ငုံ့၍ ဖြတ်လျှောက်ခဲ့ကြသည်။ ကင်းရဲဘော်လေးက ကျနော်တို့တတွေကို မေးမြန်းစစ်ဆေးခြင်းတော့ မပြုလုပ်…။ ကင်းစခန်း လွန်သော် …. လမ်းအား ကားယားခွ၍ တည်ထားသည့် ဈေးတန်းရှည်ကြီး တွေ့ရသည်။ သဲပွတ်ခင်း၊ သဲပွတ်ကာ၊ အင်ဖက်မိုး အဆောက်အဦများ ….။

“အဲဒါ…ဌာနခွဲပေါ့…။”

ခွန်မာရ်ကိုဘန်းက ရှေ့တွင် မြင်နေရသည့် ဈေးတန်းရှည်ကြီးကို ညွှန်ပြရင်း ပြော၏။ “နန့်စွယ်” မှ အထွက်တွင် “ဌာနခွဲ” ၌ တညအိပ်မည်ဟု သိရစဉ်က ကျနော့်စိတ်၌ “ဌာနခွဲ” ဟူသည် KNPP ၏ တပ်စခန်းတခုခုဟု တွေးထင်မှတ်ခဲ့၏။ နယ်စပ့်ဈေးတန်းဟူ၍ မထင်…။ ယခုမူ “ဌာနခွဲ” ဟူသည်က KNU နယ်မြေများအတွင်း တွေ့ခဲ့ဖူးသည့် “မယ်လထ” ကဲ့သို့ နယ်စပ်မျဉ်းပေါ်ရှိ ဈေးခင်းတခုပင်။

ဌာနခွဲဈေးခင်းက ခေါင်ရည်သည်တို့နှင့် ပြည့်နေသည်ဟု ဆိုရမလောက်ပင် ခေါင်ရည်ဆိုင်တို့က များလှ၏။ ဈေးတန်းအတွင်း ခြေလှမ်း ၁ဝ လှမ်း လှမ်းလျှင် ခေါင်ရည်ဆိုင်တဆိုင်ကို ရောက်၏။ ဤဒေသသို့ ကျနော် ရောက်ခဲ့ပြီး အမှတ်ထင်ထင် ထူးဆန်းစွာ တွေ့ရသည်က …. ပထမ နန့်စွယ်တွင် ဖြစ်သည်။

ညနေ၊ နေညိုလျှင် နန့်စွယ်၏ လမ်းမများပေါ်တွင် တောင်းငယ်လေးအတွင်း၌ အရက်ပုလင်းများ ထည့်ပြီး ခေါင်းရွက်၍ လှည့်ရောင်းသည့် ကယန်းမီးဖြတ် ချက်အရက်သည်များ တွေ့ရ၏။ သူတို့က …. “ဟော့ဒီက … ဘာယူကြအုံးမလဲ…” ဟူ၍တော့ အော်၍ မရောင်း….။ လမ်းပေါ်မှ ဈေးတောင်းအား ရွက်၍ လျှောက်သွားကြခြင်းသာ…။ အော်၍ ရောင်းလျှင်လည်း….

“ဟော့ဒီက ကယန်းမီးဖြတ်အရက် မူးမူးလေး သောက်ကြအုံးမလား…” ဟူ၍၊ အသံမြှင့်ပြီး အော်ရမည်။ မနိမ့်….။ ယခု “ဌာနခွဲ” သို့ ရောက်တော့လည်း ဈေးတန်းတွင် ခေါင်ရည်ဆိုင်တို့က အစီအရီနှင့်….။ ထားတော့….။

ထိုညက ကျနော်တို့ … ဌာနခွဲတွင် “ခေါင်ရည်မူးမူး … လူမူးမူးနှင့်” တည ဆိုလိုက်ကြ၏။


(ဂ)


မြက်ရိုင်းတောကြီးက တောင်ကြောတခုလုံး လွှမ်းခြုံထား၏။ တောင်ကြောတတောလုံး၌ သစ်ကြီးဝါးကြီးမရှိ….။ ပြုန်းနေ၏။ မြက်ရိုင်းတောနှင့် တောင်ကတုံး…။ မြက်ရိုင်းတို့က တပေါင်းနေကြောင့် ခြောက်၍…..သွေ့၍….။ တမိုးလုံး၊ တဆောင်းလုံး စိမ်းစိုညို့မှိုင်း၍ တောထရှင်သန်ခဲ့သော မြက်ရိုင်းပင်များက ယခုမူ ညှိုးခြောက်၍ နေလေပြီ။

ဌာနခွဲမှ ကျနော်တို့ ထွက်ခဲ့သည်မှာ ၂ ရက်ရှိပြီ။ ဤနေ့၊ ခရီးက “ပွန်း” ချောင်းကို ကူးပြီး KNPP စခန်းတခုသို့ အရောက်သွား၍၊ ထိုစခန်းတွင် ညအိပ်ကြမည်။ ဤသို့ ရည်မှန်းထား၏။ သို့သော် …. ကျနော်တို့ခရီးက မတွင် …. ရှေ့မရောက်….။ မြက်ရိုင်းတောကြီးအတွင်း လမ်းမှား၍ လယ်နေ၏။ လူသွားလမ်းများက အခွဲ၊ အမွှာများ၊ များ၏။ တလမ်းကို လိုက်သွားလျှင် … အဆုံး၌ လမ်းက နှစ်သွယ် ထပ်ခွဲပြန်၏။ လမ်းပြဖြစ်သူမှာလည်း ဤလမ်း၊ ဤခရီး မသွားဖြစ်သည်မှာ ၅ နှစ်၊ ၆ နှစ်ခန့်ပင် ရှိခဲ့ပြီ။ အမှတ်အသားပြုရန် မြင်သာထင်သာသည့် သဘာဝ ပတ်ဝန်းကျင်က မရှိ….။ ခက်ပြီ။

ပြဿနာက …. ရေ ဖြစ်သည်။ ရေဗူးအတွင်း ထည့်ခဲ့သည့် သောက်ရေက ကုန်ပြီ။ ဤ သဘာဝ ပတ်ဝန်းကျင် အခြေအနေအရ … ပွန်းချောင်းသို့ မရောက်မီအကြား၌ ရေမရှိနိုင်။ ကျနော်တို့ မြက်ရိုင်းတောကြီးအတွင်း၌ပင် ထိုင်၍ နားကြသည်။ ကျနော်တို့ ထိုင်လိုက်သည့်အတွက် မြက်ရိုင်းပင်များက မြေပြင်တွင် လဲ၍ ဝပ်စင်းသွားကြသည်။

နေနီလုံး ရွဲရွဲကြီးက အနောက်အရပ်ဆီတွင် တဖြည်းဖြည်း နိမ့်၍…နိမ့်၍ ပြိုကျလို့ နေ၏။ အနောက် မိုးကုတ်စက်ဝန်းကား ….. ပုဇွန်ဆီရောင် အသွေးမှသည် ဖျော့၍…ဖျော့၍….။ ကျနော်တို့ မမှောင်ခင် ပွန်းချောင်းကို ရောက်နိုင်မည်လား….။ မသိနိုင်….။ ကျနော်တို့ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ လမ်းအတိုင်း မလိုက်ဘဲ အနောက်စူးစူးသို့ မှန်း၍ ဖောက်ထွက်ကြမည်။ ပွန်းချောင်းက ကျနော်တို့၏ အနောက်စူးစူး အရပ်ဆီ၌….။

ပြိုဆင်းနေသည့် နေဝန်းနီနီကို မျက်နှာမူ၍ ကျနော်တို့ ခရီးဆက်ကြပြန်၏။ တလှမ်းပြီး …. တလှမ်း။ စိုလွင်သော အရောင်အသွေးတို့ကား …. တစစ မွဲခြောက်၍ လာသည်။

ပွန်းချောင်းခြေသို့ ကျနော်တို့ ရောက်တော့ …. စက်ဝိုင်းခြမ်းသဏ္ဍာန်လသည် ကျနော်တို့ကို အပေါ်တည့်တည့်မှ မိုး၍ စီးထားလေပြီ။ ပွန်းချောင်းရေက စိမ့်၍ အေးသည်။ ရေခဲမြစ် တစင်းအလား….။


(ဃ)


တောင်ယာကုန်းတခု ကျော်လိုက်သည်နှင့် ရွာတရွာ တွေ့ရ၏။ ရွာက အနိမ့်ဘက် မြေပြန့်တွင် ရှိ၏။ ဌာနခွဲမှ ထွက်ခဲ့ပြီးနောက်တွင် ပထမဆုံး တွေ့ရသည့် ရွာဖြစ်သည်။ အိမ်ခြေ ၂ဝ ခန့်ပင် ရှိမည်။ ရွာက အပြောင်ရှင်းထားသည့် မြေသားကွင်းပြင်တွင် တည်ထားသကဲ့သို့ ….။ မြက်ပင်မရှိ ….။ သစ်ပင်ဝါးပင် မရှိ။ မြေသား ထီးထီးပင်။ မြေသားရောင်မှာလည်း နီရဲ၍ နေသည်။ သဲပွတ်ခင်း၊ သဲပွတ်ကာ အိမ်များ ဖြစ်သော်လည်း အမိုးကိုမူ သက်ကယ်နှင့် မိုး၏။ သက်ကယ်နှင့် မိုးသော်လည်း သက်ကယ်ကို ပစ်၍ မိုးကြခြင်း မဟုတ်။ သက်ကယ်များကို ခြေသလုံးခန့် အစည်းများ စည်းပြီး၊ အစည်းလိုက် မိုးထားခြင်း ဖြစ်သည်။ ခေါင်ဇောက်ကို မြင့်ထားကြသဖြင့် အိမ်အမိုးများက ချွန်ချွန်စူးစူး ဖြစ်နေသည်။ ရွာအဝင်တွင် ရေကန်ကြီးတကန် ရှိသည်။ ရေက ကော်ဖီအရောင်ကဲ့သို့ ညိုညစ်၍ နေသည်။ ဤကန်မှ ရေကိုပင် သောက်သုံးကြရ၏။ သောက်ရေအတွက်ကိုမူ ဘူးသီးခြောက်အတွင်း တညခန့် အနယ်ထိုင်စေပြီး သောက်သုံးကြသည်။ အမျိုးသမီးများက ခြေသလုံးသားနှင့် လက်ဖျံနေရာများ၌ အနက်ရောင်ကြိုးများ အထပ်ထပ်ရစ်၍ ချီထားကြသည်။ ရစ်လုံးဘီးကဲ့သို့…။

ကြိုးဒဏ်ကြောင့် ခြေသလုံးနှင့် လက်ဖျံရှိ ကြွက်သားတို့က သိမ်၍ နေကြသည်။ အမျိုးသမီးများ၏ အင်္ကျီပုံသဏ္ဍာန်က ဆန်း၏။ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများအတွင်းမှ ခံဝတ်သည့် အင်္ကျီပုံသဏ္ဍာန်နှင့် ဆင်ဆင်တူ၏။ သူတို့ အင်္ကျီဝတ်ထားလျှင် …. ရင်သားတဖက်သည် ပေါ်နေသည်။ ကျနော်တို့ ရွာအတွင်းသို့ ဝင်ခဲ့ကြ၏။ ရွာလယ်လမ်း ဟူ၍ မရှိ။ အိမ်ခြံဝင်းများ မကာရံထားသဖြင့် အိမ်များအကြားမှပင် ဖြတ်သွားကြသည်။ ဗမာစကား မပြောတတ်ကြ…။ ကယန်းလူမျိုးများ ဖြစ်ကြသည်။ သူတို့က ကျနော်တို့ကို အထူးအဆန်းသဖွယ်….။ စူးစမ်း၍ ကြည့်ကြ၏။ ကျနော်တို့ကလည်း သူတို့ကို တွေ့ရသည်မှာ အမြင်ဆန်း၍ နေသည်။

ကျနော်တို့က ဗမာလိုမေးလျှင် …. တချို့က မဖြေ။ တချို့ကမူ …. “ဆေးနီတို့” ဟု ဖြေကြ၏။ “ဆေးနီတို့” ဟူသည်ကား သူတို့ ဘာသာစကားနှင့် “မသိဘူး” ဟု အဓိပ္ပာယ် ရမည်။ ရွာလူကြီးအိမ်သို့ ကျနော်တို့ ရောက်၏။ ရွာလူကြီးက ဗမာစကား နည်းနည်းတတ်သည်။ ကျနော်တို့ ရောက်သည့် ရွာအမည်က …. “ဒေါဒမကြီး” ကျေးရွာ ဖြစ်သည်။ ဒီမော်ဆိုးမြို့နယ်အတွင်းမှ ရွာငယ်လေး….။

နေလည်း ညိုပြီ။ ကောင်းကင်က ပုဇွန်ဆီရောင် အသွေး…။ မြေသားက နီနီရဲရဲ…။ ရွာလေးက မှိုင်းမှိုင်းခြောက်ခြောက်….။ ကမ္ဘာကြီးက ၂၁ ရာစုအဝင်၌ ခေါင်းပြူ၍ နေလေပြီ….။ ကျနော်တို့၏ ကျေးလတ်ကမူ ဤအတိုင်း….။

ရင်ထဲ၌ မွန်းကြပ်၍ နွမ်းနွမ်းလျလျ ….။ ။

No comments: