Monday, May 11, 2009

နာဂစ်ဒဏ်က ဘယ်တော့ နာလန် ပြန်ထူနိုင်မလဲ (အပိုင်း- ၃)


မျိုးရန်နောင်စိုး

နာဂစ် ဒဏ်ခံ ဒေသက ပြည်သူတွေ ဘယ်တော့ နာလန် ပြန်ထူမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ပြည်သူတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ စစ်အစိုးရ တို့အကြားမှာ အဓိပ္ပာယ် ဖွင့်ဆိုချက် ကွဲလွဲနေ တာကို တွေ့မြင် ရပါတယ်။ လေဘေး ဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ နာလန်ပြန်ထူလာတယ်ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ သူတို့ရဲ့ မုန်တိုင်း မတိုင်မီက အခြေအနေ မျိုး ပြန်လည် နေထိုင်နိုင် ရေး ဖြစ်ပါတယ်။ မုန်တိုင်း မတိုင်မီက စီးပွားရေး အခြေအနေမျိုး ပြန်ရ လိုတဲ့ သဘော ဖြစ်ပါတယ်။

နိုင်ငံ တကာ အန်ဂျီအို တွေရဲ့ နာလန်ပြန်ထူ လာရေး အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ လေဘေး ဒဏ်သင့် ပြည်သူတွေ အနေနဲ့ သန့်ရှင်း တဲ့ သောက်သုံးရေ ရရှိရေး၊ လုံခြုံစိတ်ချ ရတဲ့ အမိုးအကာ အောက်မှာ နေထိုင် ရရေး၊ သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ ပညာ သင်ကြား နိုင်ရေး၊ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည် နိုင်တဲ့ စီးပွားရေး ဘဝ ပိုင်ဆိုင်နိုင်ရေး စတာ တွေပဲ ဖြစ်ပါ တယ်။ ဒါပေ မယ့် စစ်အစိုးရရဲ့ လေဘေး သင့်ဒေသ ပြန်လည် နာလန်ထူ လာရေး ဆိုတာဟာ အစုလိုက် အပြုံလိုက် မသေ ရင်ပြီးရော၊ ကိုယ့်ဖာ သာ ကိုယ် ရုန်းကန်ပြီး ကိုယ့်ဖာသာ ကိုယ် အသက်ရှင် ရပ်တည်နိုင် အောင် ကြိုးစား နေထိုင်နိုင်ရေး အဆင့် လောက်ပဲ ဖြစ်ပါတယ်။


အဓိပ္ပာယ် ဖွင့်ဆိုချက် မတူတာကြောင့် အကောင်အထည်ဖော်မှုတွေ၊ သဘောထားအမြင်တွေလည်း မတူညီ ကြပါဘူး။ ပြီးခဲ့တဲ့နှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး သိပ်မကြာခင်မှာဘဲ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးပြီ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့ပဲ ကျန်တော့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ တဖက်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်နေတဲ့ အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်က အိုင်အန်ဂျီအိုတွေ လှူဒါန်းတဲ့ ရေသန့်ဘူးကို ကိုင်မြှောက်ပြရင်း ဒီလို ရေသန့်ဘူးတွေ ဒီအချိန်မှာ မလိုတော့ဘူးဆိုပြီး သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

တကယ့်တကယ်တော့ အားလုံးသိကြတဲ့အတိုင်း နာဂစ်ဖြစ်ပြီးလို့ တနှစ်ကျော်ကြာတဲ့တိုင် လေဘေးသင့် ဧရာဝတီတိုင်းမှာ သောက်သုံးရေ လုံလုံလောက်လောက် ရှိသေးတာ မဟုတ်ပါဘူး။ အိမ်ထောင်စု အများစုကြီးဟာ လာမယ့် မိုးရာသီကို ကျော်ဖြတ်နိုင်လောက်တဲ့ ခိုင်ခန့်တဲ့ အိမ်တွေနဲ့ နေနိုင်ကြသေးတာ မဟုတ်ပါဘူး။ မုန်တိုင်းကျလာရင် ခိုလှုံမယ့် အဆောက်အဦတွေ တည်ဆောက်လို့ ပြီးသေးတာ မဟုတ်ပါဘူး။ နေ့စဉ် နေထိုင်စားသောက်ရေး ဘဝအတွက် အာမခံချက်ရှိတဲ့ အလုပ်အကိုင် လုပ်ကိုင်နိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နောက်ထပ် (၂) နှစ်စီမံကိန်းဆွဲပြီး ၂ဝ၁၁ ခုနှစ်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လေဘေးသင့်ပြည်သူတွေ ပြန်လည်နာလန်ထူဖို့ ဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေ အပါအဝင် နိုင်ငံတကာမိသားစုက လုပ်ဆောင်ပေးနိုင်တဲ့ အပိုင်း၊ စစ်အစိုးရကသာ လုပ်ပေးနိုင်မယ့် အပိုင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာ မိသားစုတွေကတော့ ရန်ပုံငွေတွေ ရအောင်ရှာမယ်။ လေဘေး သင့်ပြည်သူတွေ သောက်သုံးရေ ရရှိအောင် ပျက်စီးသွားတဲ့ ရေကန်တွေကို ပြန်လည် ပြုပြင်ပေးမယ်။ မရသေးရင် အဝီစိလို စက်ရေတွင်းတွေ တူးပေးမယ်။ ဒါမှ မရသေးရင် ရေသန့်စင်တဲ့ စက်တွေ တပ်ဆင်ပေးပြီး ရေသန့်ရအောင် ဆောင်ရွက်ပေးမယ်။ ရေသန့် ဘယ်လိုမှ မရနိုင်တဲ့ နေရာတွေကိုတော့ ရနိုင်တဲ့ နေရာတွေကနေ ကားတတန်၊ လှေတတန် ပို့ပေးနိုင်အောင် စီစဉ်ပေးမယ်။ နေစရာအတွက် လုံခြုံတဲ့ နေအိမ်တွေ တည်ဆောက်ပေးမယ်။ တနှစ်ထဲ မပြီးရင် နောက်တနှစ် ထပ်လုပ်မယ်။ စာသင်ကျောင်းတွေ တည်ဆောက်ပေးမယ်။ ကျန်းမာရေး ဆေးခန်းတွေ တည်ဆောက်ပေးမယ်။ မုန်တိုင်းဖြစ်လာရင် ခိုလှုံဖို့ Cyclone Shelter တွေ တည်ဆောက်ပေးမယ်။ လုပ်ကိုင်စားသောက်ဖို့ လှေတွေ လှူပေးမယ်။ စက်တွေ လှူပေးမယ်။ ပိုက်တွေ လှူပေးမယ်။ ထွန်စက်၊ ကျွဲနွား၊ မျိုးစပါးတွေ ထောက်ပံ့ပေးမယ်။ တပိုင်တနိုင် လုပ်ငန်းငယ်လေးတွေအတွက် လုပ်ငန်းပြန်လုပ်နိုင်ဖို့ အရင်းအနှီး ထောက်ပံ့ ထူထောင်ပေးမယ်။ အလုပ်မရှိသူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ် စတဲ့ အစီအစဉ်တွေ လုပ်ပေးကြမယ် ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ နိုင်ငံတကာ မိသားစုက လုပ်ပေးဖို့ လုံးဝ မဖြစ်နိုင်တဲ့ အစိုးရကသာ လုပ်ပေးမှ ဖြစ်မယ့် လုပ်ငန်းကြီးတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါကတော့ သွားလာရ ခက်ခဲတဲ့ လေဘေးသင့်ဒေသမှာ လမ်းတွေ ဖောက်ပေးရေး၊ တံတားတွေ ဆောက်ပေးရေး၊ ခရီးသွားလာရေး သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ရေကြောင်းခရီးစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး၊ လျှပ်စစ်မီး ရအောင် ဖန်တီးပေးရေး၊ စာသင်ကျောင်းတွေ အတွက် ကျောင်းဆရာ ဆရာမတွေ ခန့်ပေးရေး၊ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးရေး၊ ကျန်းမာရေး ဌာနတွေအတွက် ဆရာဝန်၊ ဆေးမှူး သူနာပြုတွေ ခန့်အပ်ပေးရေး၊ လုပ်ငန်းတွေအတွက် ဘဏ်တွေကနေ ငွေတွေ ထုတ်ချေးပေးရေး စတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အစိုးရက လုပ်ပေးမှရမယ့် အဲဒီအပိုင်းတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက လုပ်ပေးမယ် မလုပ်ပေးဘူး ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လောလောဆယ် မြစ်ဝကျွန်းပေါ်ဒေသမှာ လမ်းတွေ ဖောက်ပေးနေပါပြီ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အလွန်ကြမ်းပြီး ဖြစ်သလို ဖောက်ထားတဲ့ စံချိန်စံညွှန်း မမီတဲ့ မိုးတွင်းဆို ဘယ်လိုမှ သွားလာလို့ မရနိုင်တဲ့ လမ်းမျိုးတွေကိုသာ တအီအီနဲ့ ဖောက်နေတာ ဖြစ်ပါတယ်။ တံတားတွေဆိုလည်း ဒီအတိုင်းပါပဲ။ ခနော်နီ ခနော်နဲ့ တံတားမျိုးတွေသာ များပါတယ်။ ခရီးသွားလာမှု အဆင်ပြေရေး ဆိုတာကတော့ ဧရာဝတီတိုင်းက ပြည်သူတွေ မဆိုထားနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးက လူတွေတောင် အဆင်ပြေကြတာ မဟုတ်ပါဘူး။ အကြောင်းက တော့ နအဖ စစ်အာဏာပိုင်တွေ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ မော်တော်ကားတင်သွင်းမှုတွေ ပိတ်ပင်ထားလို့ ကားဈေးနှုန်းတွေ အလွန်အမင်းကြီးမြင့်နေတဲ့ ကိစ္စပါ။ ဒီအတွက် ဧရာဝတီတိုင်း အောက်ပိုင်းမှာ ခက်ခက်ခဲခဲ သွားလာနိုင်တဲ့ လမ်းကြမ်းကြမ်းတွေ ပြီးစီးသွားရင်တောင် ပြေးဆွဲမယ့် ဘတ်စ်ကား လုံလုံလောက်လောက် ရှိမှာ မဟုတ်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေနိုင်ပါဘူး။ ရေကြောင်း ခရီစဉ်တွေလည်း ထို့နည်းလည်းကောင်းပါပဲ။ မုန်တိုင်းဒဏ် အလူးအလဲ ခံထားရတဲ့ ဧရာဝတီတိုင်းမှာ လှေသင်္ဘောတွေ လုံလုံလောက်လောက် မရှိတော့ပါဘူး။ စစ်အစိုးရ ခရီးသည်ပြေးဆွဲတဲ့ သင်္ဘောတွေကလည်း ဒီဇယ်ဆီ မထောက်ပံ့နိုင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခရီးစဉ် အများအပြား ရပ်နားထားတာပါ။ ဒါကြောင့် ဧရာဝတီတိုင်းက မြို့ရွာတွေဟာ ဒီနေ့ချိန်ထိ ရေလမ်းခရီးနဲ့လည်း သွားလာရ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး ဆိုတာလည်း စစ်အစိုးရ လက်အောက်မှာ မဖြစ်နိုင်သလောက်ပါဘဲ။ လေဘေးဖြစ်လို့ ဆိုပြီး တရုတ်ပြည် ဇက်တီအီး ကုမ္ပဏီက လှူဒါန်းလိုက်တဲ့ ကမ်းရိုးတန်း သုံး စီဒီအမ်အေ ဖုန်း အလုံး (၃) သောင်းကျော်စာလောက်ကို ဆက်သွယ်ရ ခက်ခဲတဲ့ ကျေးလက်တွေမှာ ချပေးရမယ့်အစား တလုံး (၁၅) သိန်း (၅) သောင်းနဲ့ ရောင်းစားခဲ့ပါတယ်။ ဒါဟာ လာဘ်ငွေ ပေးရတာတွေကို ထည့်တွက်မထားသေးတဲ့ ပမာဏဖြစ်ပြီး အားလုံးပေါင်းရင် တလုံး ကျပ်သိန်း (၂ဝ) လောက်ကျပါတယ်။ လေဘေးမုန်တိုင်းကြောင့် ဆွေမျိုး မိသားစုတွေ သေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရသူတွေကို တယ်လီဖုန်းတလုံး ကျပ်သိန်း (၂ဝ) လောက်နဲ့ ဝယ်သုံးခိုင်းတာမျိုးကတော့ အတော်လေးကို ရက်စက်လွန်းရာ ကျပါတယ်။ ဒီကနေ တဆင့် ဆက်သွယ်ရေး လွယ်ကူဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။

လျှပ်စစ်မီး ပြဿနာကတော့ နေပြည်တော်ကလွဲရင် စစ်အစိုးရက တတိုင်းပြည်လုံးမှာ လျစ်လျူရှုထားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအတွက် လပွတ္တာမြို့ပေါ်မှာဆိုရင် ပြည်သူတွေဟာ ပုဂ္ဂလိက မီးပေးစားသူတွေထံကနေ တယူနစ် ကျပ် (၁,ဝဝဝ) ကျော်နဲ့ ယူသုံးနေရပါတယ်။ နဂိုကတည်းက ဆင်းရဲနေတဲ့ ပြည်သူတွေအတွက် ရန်ကုန်ကလူတွေ တယူနစ် (၂၅) ကျပ်နဲ့ လျှပ်စစ်မီး သုံးနေရချိန် သူတို့ကတော့ ကျပ် (၁,ဝဝဝ) ပေးနေရတာဟာ စီးပွားရေးအရ နာလန်ထူဖို့ အခွင့်အလမ်း နည်းသွားစေပါတယ်။ ကျေးရွာတွေကတော့ ဒီထက်ပိုဆိုးပြီး မှောင်အတိ ကျနေတာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

ယူအန်နဲ့ နိုင်ငံတကာမိသားစုတွေက အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းပေးနိုင်ပေမယ့် ကျောင်းဆရာ ဆရာမ ခန့်ထားနိုင်ရေး၊ စာအုပ်စာတမ်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်ရေးဟာ အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါကိုလည်း လေဘေးသင့်ဒေသမှာ ကောင်းကောင်းလုပ်ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဆေးရုံဆေးပေးခန်းတွေလည်း အလားတူပါပဲ။ နိုင်ငံတကာ မိသားစုတွေက ရေရှည်အတွက် အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းဖို့ ကြိုးစားပေမယ့် လက်ရှိဆိုရင်တော့ လေဘေးသင့်ဒေသက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေတဲ့ အန်ဂျီအိုတွေလည်း ရုပ်သိမ်းနေကြပါပြီ။ အစိုးရရဲ့ ဆရာဝန်၊ သူနာပြုတွေ ခန့်အပ်ရေး၊ ပစ္စည်းကရိယာ ဖြည့်တင်းပေးရေးနဲ့ ဆေးဝါးထောက်ပံ့ပေးရေး လိုအပ်လာနေပါတယ်။ လက်ရှိ စစ်အစိုးရက မြန်မာတနိုင်ငံလုံးမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံနဲ့ လေဘေးသင့်ဒေသတွေကို ကျင့်သုံးရင်တော့ အဲဒီဒေသကလူတွေ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်၊ မသေသင့်ပဲ သေကြရဦးမှာပါပဲ။

လေဘေးသင့်ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တခုကတော့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ရေး ချေးငွေတွေ လိုအပ်နေမှုပါ။ စစ်အစိုးရ အနေနဲ့ ပုံမှန်အားဖြင့် တနိုင်ငံလုံးက တောင်သူလယ်သမားတွေကိုတောင် လုံလောက်တဲ့ ချေးငွေ ထုတ်ချေးတာ မဟုတ်ပါဘူး။ လေဘေးသင့်ဒေသတွေမှာ တနိုင်တပိုင် လုပ်ကိုင်စားနေသူ တွေကို အန်ဂျီအို အဖွဲ့တွေက အသေးစားချေးငွေတွေ ထုတ်ချေးပေးနေပေမယ့် အစိုးရပိုင်းကရော ပုဂ္ဂလိက ဘဏ်တွေကပါ ဒီအပိုင်း ဝင်ရောက်လုပ်ကိုင်တာ မတွေ့ကြရပါဘူး။ ခြုံပြီး သုံးသပ်ရရင် ယူအန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လေဘေးသင့် ပြည်သူတွေ နာလန်ပြန်ထလာအောင် ဘယ်လိုပဲ ကြိုးစားကြိုးစား နအဖ စစ်အစိုးရက သူ့ရဲ့ ကိုယ်ကျိုးရှာ မှားယွင်းတဲ့ စီးပွားရေးပေါ်လစီတွေကို မပြင်ဆင်သေးသရွေ့ လေဘေးသင့် ပြည်သူတွေအပေါ် စစ်မှန်တဲ့ စေတနာ မထားနိုင်သေးသရွေ့ နာလန်ပြန်ထူဖို့ဆိုတာ မဖြစ်နိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။


No comments: