Thursday, May 14, 2009

ကိုးထပ်မြောက် ငရဲတံခါး၏ နောက်


‘ကျနော့်ကို ထောင်ကို ပို့ပေးပါဗျာ’၊ ‘ထောင်ကို ဘယ်တော့ ပို့မှာလဲ’၊ ‘ထောင်ထဲကို သွားပါရ စေတော့ဗျာ’ အဲဒီလို ပြောခဲ့ရတဲ့၊ ပြောနေ ရတဲ့ သူတွေ ရှိနေခဲ့၊ ရှိနေ ဆဲဖြစ်တယ်လို့ ရေးလိုက်ရင် ယုံတဲ့သူ ရှိပါ့မလား။ ယုံချင်ယုံ မယုံချင်နေ ရှိခဲ့တယ်။ ရှိနေတယ်။ ဘယ်မှာလဲ။ စစ်အစိုး ရရဲ့ စစ်ကြောရေး စခန်း တွေထဲမှာပါ။

ရောက်ကတည်းက ဘာမှမကျွေးဘူး။ ရေလည်း မတိုက်ဘူး။ နေ့လယ် တနာရီလောက်ထိ အူတကြုတ်ကြုတ်နဲ့ မွတ်သိပ်ဆာလောင်မှုကို အားတင်းကြံ့ကြံ့ခံ။ ဟော ... ပင်မ ဆွဲတံခါးကြီး ဝေါခနဲ ပွင့်သွားပြီ။ ငယ်ငယ် ကလေးဘဝက ကားချပ်ပစ်တမ်း ကစားတုန်းက တိုင်ကီအဖုံး ခဲသားအပိတ်နဲ့ လျှပ်တိုက်ပစ်လိုက်တဲ့ အသံမျိုး ပွတ်တိုက်သံ ရှဲရှဲတွေ ကြားနေရပြီ။ ဒါ .. ထမင်းပန်းကန် (ဒန်ပန်းကန်) တွေကို တိုက်ခန်းကျဉ်းလေးတွေ ရှေ့နားရောက်အောင် လျှပ်တိုက် တွန်းပစ်လိုက်တဲ့ အသံ။ နားဝင်ပီယံ။ ဟော .. တဒေါက်ဒေါက်နဲ့ စစ်ဖိနပ်ခွာသံ။

လျှောက်လာတဲ့ စစ်ဖိနပ်သံက ကိုယ့်အခန်းဘေး ရောက်လာပြီး တံခါးသော့ခလောက် ဖွင့်သံ၊ ထွက်၊ ထမင်းသွားယူ၊ တရှပ်ရှပ်ခြေသံ၊ တံခါး ပြန်ပိတ်သံ၊ ချိုင်း၊ သော့ခလောက်သံ၊ ဆက်လျှောက်လာပြီ၊ ကိုယ့်အခန်းရှေ့မှာ ရပ်ပြီး ဖွင့်နေပြီ။ ရှူး သက်ပြင်းချသံ၊ ထွက်၊ ထမင်းသွားယူ။ ကြမ်းခင်း သမံတလင်း လမ်းမပေါ်မှာ ဖရိုဖရဲ ရှိနေတဲ့ ထမင်းပန်းကန်တွေထဲက တခုကို ကောက်ယူ၊ ကိုယ့်အခန်းဘက် ပြန်လှည့်၊ တံခါးပိတ်သံ၊ ချိုင်း၊ တဒေါက်ဒေါက် လျှောက်သွားနေတဲ့ စစ်ဖိနပ်သံ၊ တံခါးဖွင့်သံ၊ ခြေသံရှပ်ရှပ်၊ တံခါးပိတ်သံ၊ မင်္ဂလာရှိတဲ့ အချိန်ပါပဲ။

ဒန်ပန်းကန် နှုတ်ခမ်းပေါ်မှာ လက်သုံးချောင်းနဲ့ စုဖြစ်ထားတဲ့ ပုံစံမျိုး မျှင်ငါးပိ (မြန်မာပြည်မှာ အညံ့ဆုံး ဖြစ်လောက်ရဲ့) အတုံးလေး တတုံး၊ ထမင်းထဲမှာ ဘာမှန်းမသိတဲ့ အရည်ကြည်တမျိုး (ရေဖြစ်ချင် ဖြစ်နိုင်)၊ ဒါပဲ။ ဇွန်းမပါ၊ လက်ဆေးစရာ ရေမပေး၊ သောက်စရာ ရေမပေး၊ အားရပါးရ စားပစ်လိုက်မှ ဝမ်းထဲက တကြုတ်ကြုတ် မြည်သံတွေ လျော့ပါးသွားကြလေရဲ့။ ငံစူးစူး ငပိတုံးကလေးကြောင့်သာ ထမင်း တပန်းကန် ကုန်သွားတာ ဖြစ်နိုင်ပါရဲ့။ ပန်းကန်ထဲမှာ ဘာမှ မကျန်ခဲ့။ လက်မှာတော့ ထမင်းအပိုင်းအစ အရည်စွတ်စိုနေဆဲ။ ရေသောက်ချင်လာတယ်။ မရသေးဘူး။ လက်ကို စုတ်ပြီး လေထဲမှာ အခြောက်ခံထားလိုက်ရတယ်။ ထမင်းပန်းကန် ပြန်ထားပေးဖို့ တံခါး မဖွင့်ပေးသမျှ နေပေတော့။ အော်ခေါ်ဖို့ မကြိုးစားနဲ့။



တံခါးဖွင့်ပြီး စစ်ဖိနပ်နဲ့ ဆောင့်ကန်သွားလိမ့်မယ်။ မွေးမြူရေး ဝက်တွေ ဘဝက ကိုယ့်ထက် အများကြီးသာမယ်။ အစားစားရမယ်။ ရေချိုးရမယ်။ ရွှံ့လူးရမယ်။ ဘယ်လောက် စည်းစိမ် ရှိလိုက်လေမလဲ။ အဲဒီအထိ တွေးမိသွားတတ်တယ်။ တံခါး ဖွင့်ပြီ။ ထွက်၊ ပန်းကန်သွားထား၊ ပြန်ဝင်၊ တံခါးပိတ်၊ ရေသောက်ခွင့် မရ။ အောင့်နေပါ။ တာဝန် လဲတော့မယ်။ ဒီနေ့ ဆေးတပ် အလှည့်လား၊ ထောက်ပို့ အလှည့်လား။ ဆေးတပ် အလှည့်ဆို ကောင်းမယ်။

အပေါ့ သွားချင်လို့ပါ။ သွားလေ။ တံခါးမပိတ်နဲ့။ စောင့်နေတဲ့ စစ်သားရဲ့ အရိပ်အခြေကြည့်။ လစ်တာနဲ့ အိမ်သာကန်ထဲက ရေကို ခပ်မြန်မြန် ခပ်သောက်။ ခွက်။ ခွက် ရှာမနေနဲ့။ လက်ခုပ်နဲ့ ကပျာကယာ ခပ်သောက်။ တဝသောက်လို့ ရတိုင်း မသောက်နဲ့။ တော်ကြာ ဆီးသွားချင်လာမယ်။ ဆီးသွားစရာ နေရာမရှိဘူး။ ရေငတ်ပြေရင် တော်။ ပြန်ဝင်တော့ ကိုယ့်အခန်းကိုယ်။ သဲ တရှပ်ရှပ်နဲ့ သမံတလင်းပေါ်က ရာဘာဖိနပ် ခေါင်းအုံးလေးပေါ် ခေါင်းချ။ စဉ်းစား။ ဘာတွေ ထပ်မေးလာမလဲ။ ဘယ်လို ဖြေမလဲ။ စဉ်းစား။ ထောက်၊ ထောက်၊ ထောက် အသံတိုးတိုး ခေါက်သံ။ တဖက်ခန်းက ဆက်သွယ်လာနေတယ်။ ပြန်ခေါက်ပေးလိုက်။ အသံတိုးတိုးနဲ့ မေးသံ ထွက်လာတယ်။ ဘယ်သူလဲ။ ဘယ်အဖွဲ့ကလဲ။ ဖြေလို့ ရသမျှ ဖြေလိုက်။

ဘာလိုချင်လို့လဲ။ တခန်းကျော်ကို ဆေးလိပ် မီးညှိပေးချင်လို့။ အပေါ်က ကျော်ပစ်ပေးမယ်။ လက်ဆင့်ကမ်း ထပ်ပစ်ပေးပါ။ အိုကေ ရတယ်။ ပစ်လိုက်။ ရပြီ .. ကျေးဇူး။ အိမ်သာ ထွက်တုန်းက တွေ့လိုက်တယ်။ အကိုက ပိန်ပိန်ပါးပါး၊ ကျနော်တို့ထက် ကြီးမယ်။ ဟုတ်တယ် .. ၃၇။ ကျနော်တို့ကို အစိုးရက ကွန်မြူနစ်တွေဆိုပြီး စွပ်စွဲတယ်ဗျာ။ ကျနော်တို့လည်း ကွန်မြူနစ်ဆိုတာ ဘာမှန်းတောင် မသိပါဘူး။ သိတယ်။ ညီလေးတို့ အခုလုပ်နေတာ အများပြည်သူတွေ အကျိုးစီးပွား အလုပ်သမား၊ လယ်သမားတွေရဲ့ အကျိုးစီးပွားလို့ ပြောလိုက်သလား။ ပြောတယ် အကို။ အေး .. အဲဒါကြောင့် မင်းတို့ကို ကွန်မြူနစ်လို့ ပြောတာပဲ။ ဟာ .. ဒါဆို အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်းပြည်က အလုပ်သမား၊ လယ်သမားတွေအတွက် လုပ်တာပဲ။ ဟုတ်တယ်။ ကောင်းတယ်။ ဒါပေမယ့် စစ်တပ်က ကောင်းတာမှ မလုပ်ချင်တာကိုး။ အိုး … ဒါဆို ကျနော်တို့က သူတို့ ပြောတဲ့အတိုင်း ကွန်မြူနစ် ဖြစ်နေတာပေါ့။ ဖြစ်နိုင်ပါတယ်။ သိပ်မပြောနဲ့အုံး။ ရေငတ်လာပြီ။ ဟာ … ပြောပါဦး အကိုရာ။ ပြောမှာပါ။ ထောင်ထဲရောက်ရင် တွေ့ကြမှာပဲ။ ဒီတော့မှ ပြည့်ပြည့်စုံစုံ ပြောပြမယ် ညီရေ .. နော်။ အိုကေ အကို။ ထောင်ထဲရောက်တာနဲ့ ဆက်သွယ်မယ်။ ကျနော်က ... ဆေးတက္ကသိုလ် ... နှစ်ကပါ။



အကို့ရဲ့ ဘယ်ဘက်ခန်းက ....။ အိုကေ ဆက်သွယ်မယ်။ ကံကောင်းရင် တနေရာတည်းတောင် ဖြစ်ချင် ဖြစ်နေမှာပါ။ အိုကေ အိပ်တော့ကွာ။ ရေ .. တော်တော် ငတ်နေပြီ။ ‘ဝေါ’ ကနဲ လျှောတံခါးကြီး ပွင့်သံ၊ စစ်ဖိနပ်သံ၊ တံခါးဖွင့်သံ၊ ခြေသံ ရှပ်ရှပ်၊ လျှောတံခါးကြီး ပိတ်သံ၊ တညလုံး ကြားနေရတယ်။

အိပ်ပျော်လိုက်၊ လန့်နိုးလိုက်။ ငါ့ကိုများ .. လာခေါ်ကြဦးမလား။ ဖြေလို့ ဖြစ်သမျှလည်း ဖြေထားပြီးပြီ။ ဖြေလို့ မဖြစ်တာတွေ လာမေးရင်တော့ ပြဿနာပဲ။ နှိပ်စက်ကြလေအုံးတော့မယ်။ ဒီလိုနဲ့ မိုးစင်စင် လင်းသွားခဲ့ရတဲ့ ညတွေလည်း မနည်းတော့။ ပြောပါဗျာ။ ခင်ဗျား မပြောလည်း .. ခင်ဗျားလူတွေက ပြောနေပြီပဲ။ ဘာလို့ အလကား ဒုက္ခခံနေမလဲ။ ကျနော် သိသမျှ ပြောပြီးပြီ။ ကျနော် လုပ်ခဲ့တာတွေ ပြောပြီးပြီ။ မဟုတ်ဘူး၊ ဒီကိစ္စမှာ ခင်ဗျားမှ မသိရင် ဘယ်သူသိမလဲ။ ... နေ့လေး မှတ်မိသေးလား။ ဟာ... ကျနော် လုပ်ခဲ့တာ ဒိုင်ယာရီနဲ့မှ မဟုတ်တာ။ နေ့တွေက သိပ်များနေပြီ။ ဘယ်လိုလုပ် အတိအကျ မှတ်မိနိုင်မလဲဗျာ။ အဲဒီနေ့က ခင်ဗျား .. ဗိုလ်ချုပ်လမ်းက ‘ငွေရောင်’ လက်ဖက်ရည်ဆိုင်ကို လာတယ်။ မိနစ် ၂ဝ လောက် တယောက်ထဲထိုင် လက်ဖက်ရည်သောက်ပြီး ပြန်ထွက်သွားတယ်။ နောက် .. မောင်ထော်လေးလမ်းက ‘မြန်မာ’ လက်ဖက်ရည်ဆိုင်ကို သွားထိုင်တယ်။ မိနစ် ၂ဝ လောက် တယောက်ထဲထိုင်ပြီး လက်ဖက်ရည်သောက်ပြီး ပြန်ထွက်သွားတယ်။

ဘယ်သူ့ကို လာစောင့်တာလဲ။ ပြီးတော့ ခင်ဗျား ဘယ်သွားလဲ။ ကျနော် ဘယ်လို မှတ်မိနိုင်မှာလဲ။ ခင်ဗျားတို့ ပြောတဲ့ဟာမျိုး ကျနော် လုပ်ခဲ့တာ အများကြီး။ ဘယ် သိနိုင်တော့ မလဲဗျာ။ ဒီလောက်အထိ သိရင်လည်း မေးမနေပါနဲ့တော့။ ကျနော်သွားတဲ့နေရာ ခင်ဗျားတို့ သိပြီးလောက်ပြီ။ ကျနော်သာ မမှတ်မိနိုင်တော့တာ။ ‘လက်ရွေးစဉ်’၊ ‘စိတ်တိုင်းကျ’ ... ဘယ်လမ်းက စိတ်တိုင်းကျလဲ။ ကျနော် မမှတ်မိတော့ဘူး။ ဒါပဲဗျာ ကျနော် ထမင်းဆာပြီ။ ကျနော့်ကို ခင်ဗျားတို့ ဘယ်တော့ ထောင်ကိုပို့မှာလဲ ...။

‘ရှင်တို့ကို ထောင်ဒဏ် ၇ နှစ်အထိ ချနိုင်တဲ့ ပုဒ်မ ၅ (ည) နဲ့ တရားစွဲထားတယ်။ ရှင် သိလား။’ မသိဘူး။ အခု ခင်ဗျား ပြောမှ သိတာ။ ကျမက မြို့နယ် တွဲဖက်တရားသူကြီးပါ။ ရှင်တို့ကို ရီမန်ပေးဖို့ ပြောလို့ လာရတာ။ ကျုပ် မသိဘူး။ ဒါ တရားရုံးလား။ မဟုတ်ပါဘူး။ ရီမန်ပေးတာ တရားရုံးမှာ လုပ်ရမှာ မဟုတ်လား။ ကျမကို မမေးပါနဲ့။ ကျမကို လာခိုင်းလို့ လာလုပ်ပေးရတာပါ။ အော် တရားသူကြီးတွေကို ခေါ်ခိုင်းနေတာပေါ့။

အိုကေ … မေးစရာရှိတာ မေးပါ။ ကျနော် ဖြေနိုင်တာ ဖြေမယ်။ ၈၈ အရေးအခင်းမှာ လှုပ်ရှားခဲ့တာတွေ ပြောမနေပါနဲ့တော့။ လူတိုင်း ပါခဲ့ကြတာပဲ။ ၈၈ မတိုင်ခင်ကာလ ရှင်တို့ရဲ့ လှုပ်ရှားမှုနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရှင်တို့ ဘာတွေလှုပ်ရှားခဲ့တယ်။ ဘယ်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တယ်ဆိုတာ ပြောပြပေးပါလား။ ကျနော်လည်း ပြောရတာ မောပြီဗျာ။ ခင်ဗျားတို့က သူတို့ခိုင်းလို့ လာရတာဆိုတော့ ကျနော် ဘယ်လိုမှ သဘောမထားပါဘူး။

ဒါပေမဲ့ အခု ကျနော့်ကို တာဝန်ယူ စစ်နေတဲ့ ထောက်လှမ်းရေး တာဝန်ရှိ ပုဂ္ဂိုလ်ကို ကျနော် လုပ်ခဲ့တာတွေ မှတ်မိသမျှ ပြောပြီးပါပြီ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့ လုပ်ဆောင်ခဲ့တာတွေ ဘယ်လိုမြင်သလဲ။ စစ်တပ်ပေါ်မှာ ဘယ်လိုမြင်သလဲ ဆိုတာတွေ ရေးပေးပါ ဆိုလို့လည်း ရေးပေးခဲ့ပြီးပြီဗျာ။ လက်မှတ်လည်း ထိုးပေးခဲ့ပြီးပြီ။ သူတို့ဆီကသာ တောင်းယူလိုက်ပါတော့။ ကျနော် ဒီမှာလည်း အဲဒီအတိုင်းပဲ ပြောမှာပဲ။ ကျနော် တာဝန်ယူပါတယ်။ လက်မှတ်ထိုးပေးပါဆိုလည်း လက်မှတ် ထပ်ထိုးပေးမယ်လေ။ ထပ်တော့ မဖြေချင်တော့ဘူးဗျာ။

ကောင်းပြီလေ ကျမလည်း တာဝန်အရ မေးဆိုလို့ မေးရတာပါ။ မဖြေချင်တော့ဘူး ဆိုရင်လည်း ကျမ ကြည့်ရေးလိုက်ပါမယ်။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

မျက်စိကို အဝတ်နဲ့ ပြန်စည်းလိုက်ပြီ။ လက်နှစ်ဖက်ကို လက်ပြန်ကြိုး ပြန်တုတ်လိုက်တာကိုလည်း ငြိမ်ခံနေလိုက်တယ်။ ‘လျှောက်’ ဆိုပြီး တွဲခေါ်သွားတယ်။ ဘယ်ဘက်ကို ကွေ့မယ်၊ ညာဘက်ကို ကွေ့မယ်၊ ရှေ့မှာ မြောင်းကူးလေး ရှိတယ်။ လှမ်းကျော်မယ်။ ဘယ်ဘက်ကို ကွေ့မယ်။ တည့်တည့် လျှောက်မယ်။ ရပ်ပါ။ ဝေါကနဲ သံဆွဲ တံခါးကြီး တက်သွားပြီ။ ဝင်။ ရနေကျ ညှဉ်းသိုးသိုး အနံ့နဲ့ ရုတ်တရက် မြင့်တက်သွားတဲ့ အပူချိန်ကို သိလိုက်တယ်။ လျှောက်။ ရပ်တော့။ သစ်သားတံခါး သော့ဖွင့်သံ ကြားရပြီ။ လက်ကိုတုပ်ထားတဲ့ ကြိုးကို ဖြေနေတာ သိနေတယ်။ ဝင်းတံခါး ပြန်ပိတ်ပြီး သော့ခတ်သံ၊ တဒေါက်ဒေါက် လျှောက်သွားတဲ့ စစ်ဖိနပ်သံ။

သက်ပြင်းကို ရှုးကနဲ တချက်မှုတ်ထုတ်ရင်း မျက်လုံးကို စည်းထားတဲ့ အဝတ်စကို ဖြေလိုက်တယ်။ မတ်တပ် အကြာကြီး ရပ်ခဲ့ရလို့ ညောင်းညာနေတဲ့ ခြေထောက်တွေက ထိုင်ဖို့ တောင်းဆိုနေကြပြီ။ အေးစက်တဲ့ သမံတလင်းရဲ့ အထိအတွေ့က လူကို မသက်မသာ ဖြစ်သွားစေတယ်။ တပြိုင်တည်းမှာ ရေသောက်ချင်စိတ်က ဝင်လာပြန်တယ်။ မရသေးဘူး။ ဒီတခါ အစောင့်တွေ ဝင်လာမှပဲ ပြောကြည့်ရမှာပဲ။ အခန်း မျက်နှာကျက်က တွဲလောင်းကျနေတဲ့ ၂၅ ဝပ်အား မီးသီးအရောင်က ခါတိုင်းထက် ပိုပြီး မှိန်နေသလိုပဲ။ ဒါပေမဲ့ အပူရောင်က လည်ချောင်းတွေကို ပိုပြီး ခြောက်သွေ့လာစေသလိုပဲ။ သောကရောက်နေရှာမယ့် ဇနီးသည်ရဲ့ မျက်နှာနဲ့ ဖခင် ပြန်အလာကို မျှော်နေရှာမယ့် သားငယ် နှစ်ယောက်ရဲ့ မျက်နှာလေးတွေကို ရုတ်တရက် စိတ်မျက်စေ့ထဲမှာ မြင်လိုက်ရတယ်။ ရင်ဘတ်ထဲမှာ မီးစ တစနဲ့ ထိုးလိုက်သလို စူးကနဲ ပူပြင်း လောင်မြိုက်သွားတယ်။



ထိုင်စဉ်းစားနေတာထက် စာရင် ထပြီး လမ်းလျှောက်နေတာက ပိုကောင်းပါတယ်ဆိုတဲ့ အသိစိတ်နဲ့အတူ ဗလာဟင်းလင်း ဖြစ်နေတဲ့ အခန်းထဲမှာ ထပြီး လမ်းလျှောက်လိုက်တယ်။ ချက်ချင်းလိုလိုပဲ မြင်ဖူးခဲ့တဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုးရဲ့ ‘အကျဉ်းစက်ဝိုင်း’ ဆိုတဲ့ ပန်းချီကားကို ပြန်ပြီး မြင်ယောင်လာတယ်။ အကျဉ်းထောင်တခုရဲ့ အခန်းထဲမှာ အစင်းကြား ထောင်ဝတ်စုံနဲ့ စက်ဝိုင်းပုံ ပတ်လျှောက်နေတဲ့ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ ကြောင်တောင် ငေးရီနေတဲ့ မျက်လုံးတွေ ...။ သူ့မျက်လုံးတွေကရော အခုချိန်မှာ သူတို့လိုပဲ ကြောင်တောင် ငေးရီနေမလား။ ကြည့်စရာ မှန်မရှိလို့ မသိနိုင်ပေဘူး။

ဟော ... ‘ဝေါ’ကနဲ တံခါးဖွင့်သံ ကြားလိုက်ရပြန်ပြီ။ တဒေါက်ဒေါက်နဲ့ စစ်ဖိနပ်သံတွေ။ ရင်ထဲက နှလုံးခုန်သံ တဒုတ်ဒုတ်ကို ကြားနေရသလိုပဲ။ ကိုယ့် အခန်းရှေ့မှာများ လာရပ်ကြမလား။ ဟင့်အင်း မဖြစ်နိုင်ဘူး။ မိုးမှ မချုပ်သေးဘဲ။ သူတို့ သူ့ကို စစ်ဆေးရင် ညဘက်မှာပဲ စစ်ဆေးလေ့ ရှိတာ။ စိတ်ထဲမှာ နည်းနည်း ပြေလျော့သွားပေမယ့် ကြားနေကျ မေးခွန်းတွေ၊ စွပ်စွဲချက်တွေ၊ လှည့်ပတ် ဖုံးဖိပြောထားခဲ့တာတွေကို ရှေ့နောက် ညီညွတ်အောင် ပြန်ခေါ်စဉ်းစားရမှာတွေ၊ လွဲမှားသွားတာနဲ့ ကျရောက်လာမယ့် ထိုးနှက်၊ ကန်ကျောက်မှုတွေကို တွေးပြီး ရင်ထဲမှာ နွမ်းမောသွားပြန်တယ်။

ဒီ အလုံပိတ် အခန်းကျဉ်း၊ နီကျင်ကျင် မှိန်ပျပျ မီးရောင်၊ သောက်စရာ ရေက မရှိ။ အညစ်အကြေး စွန့်စရာ နေရာမရှိ။ သံမံတလင်းရဲ့ အအေးဓာတ်ကို ကာကွယ် ခုခံစရာ သူဝတ်လာတဲ့ ကုတ်အင်္ကျီပါးလေး တထည်က လွဲလို့ ဘာမျှမရှိ။ ခေါင်းအုံးစရာ သူစီးထားသော ရာဘာဖိနပ်တရံက လွဲပြီး ဘာမျှမရှိတဲ့ နေရာတခုမှာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ရက်ပေါင်း ၃ဝ တော့ မကလောက်တော့ဘူး။ ဘယ်လောက်ကြာအုံးမှာလဲ။ အကျဉ်းထောင်ထဲက အခြေအနေ၊ နေထိုင်ရတဲ့ ဘဝကို သူ ကျောင်းသား ဘဝကတည်းက သိနှင့်ခဲ့ပြီ။ ဘယ်လောက်ပဲ ကျဉ်းကျပ်ဆိုးဝါးပါစေ၊ ထောက်လှမ်းရေး စစ်ကြောရေး တိုက်ခန်းတွေထက်စာရင် ရုပ်အခြေအနေ၊ ရရှိနိုင်တဲ့ စိတ်အခြေအနေအရ အများကြီး သာလွန်ကောင်းမွန်တယ်လို့ ခံစားနားလည် ထားခဲ့တယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းထောင်ထဲကို ပို့မယ့်နေ့၊ ပို့မယ့် အချိန်ကိုပဲ စောင့်မျှော်

တောင့်တ နေမိတော့တယ်။

‘ကျနော့်ကို ထောင်ကို ပို့ပေးပါဗျာ’၊ ‘ထောင်ထဲကို ဘယ်တော့ပို့မှာလဲ’၊ ‘ထောင်ထဲကို သွားပါရစေတော့ဗျာ’ အဲဒီလို ပြောခဲ့ရတဲ့၊ ပြောနေရတဲ့သူတွေ ရှိနေခဲ့၊ ရှိနေဆဲဖြစ်တယ်လို့ ရေးလိုက်ရင် ယုံတဲ့သူ ရှိပါ့မလား။ ယုံချင်ယုံ၊ မယုံချင်နေ ...။ ။

No comments: