Sunday, May 17, 2009

ပန်းနုရောင်အို ပွင့်ချပ်များ


ထိုညက ကျနော် အိပ်မပျော်ပါ။ ညက အပူရှိန် ပြင်းလွန်းလှသည်။ ဘယ်အချိန် ရှိနေပြီလဲ၊ ကျနော် မသိ။ တလူးလူး တလွန့်လွန့်နှင့် အိပ် မပျော်။ မထူး တော့သည့် အတူတူ ကျနော် အိပ်ရာ ထဲမှ ထထွက် ခဲ့သည်။ ဝရန်တာ ဆီသို့။ သည်တော့မှ ကျနော် နေသာထိုင်သာ နည်းနည်း ရှိသွားသည်။

လမ်းပေါ်တွင်တော့ လူသွားလူလာ ရှင်းလင်းလျက်။ တခါတခါ ဖြတ်သန်းသွားသော ကားတစီးနှစ်စီးမှအပ ညက ပကတိ တိတ်ဆိတ်နေသည်။ အဝေးဆီမှ သံချောင်းခေါက်သံ တချက် ကြားလိုက်ရမှ ကျနော် အချိန်ကို သတိပြုမိသည်။ ည တနာရီပင် ထိုးပါပကော။ အမှတ်မထင် ကောင်းကင်ပေါ်သို့ မော့ကြည့်မိတော့ ငွေလမင်းကို ဝိုင်းဝိုင်းစက်စက် မြင်လိုက်ရသည်။ လတောင် ပြည့်တော့မှာပါလား။ “လခမြည၊ ပပကြိုးကြွ၊ လှလှပေစွ၊ မွမွရွရွ၊ ကြယ်စစိန်စ၊ စိမ်းစပြာစ၊ ဖြူဖွဖွလွ၊ ညက” တဲ့။ ကဗျာတစကို ကျနော် သတိရလာသည်။ ဘာကိုလွမ်းရမှန်း မသိ။ လမင်းကို မျှော်တမ်းရင်း ကျနော် လွမ်းနေမိသည်။

ထိုစဉ်မှာပင် ဘယ်အရပ်က တိုက်ခတ်လာမှန်းမသိ။ လေနုအေးကလေးက ကျနော့်ဆီ ဝေ့ဝဲရှပ်တိုက်လာသည်။ ချွေးတို့ဖြင့် စိုကပ်စေးထန်းနေသော ကျနော် ရုတ်တရက် လန်းဆန်းသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်။ “လေနုအေးသည် တနော့နော့ နွဲ့နေဆဲကို” ဟူသော လွန်ခဲ့သည့် နှစ် ၆ဝ ၊ ၇ဝ နီးပါးက ဝါကျကလေး တစ်ကြောင်းကို ကျနော် သတိရမိလိုက်သည်။ လေနုအေးကလေး…။ တွေးနေတုန်းပင် လေက ပြန်ငြိမ်သွားပြန်သည်။ လေနုအေးကလေး ဘယ်ရောက်သွားပါလိမ့်။ ဟော … ကျနော် သည်စကားလုံးကို ထပ်သုံးမိပြန်ပြီ။ ကျနော် ဘာတတ်နိုင်မှာလဲ။

ဖြူဖွေးမွရွ ဆံနွယ်ဆံစတွေက အင်္ကျီကော်လာပေါ်ကျော်၍ ခပ်ရိုင်းရိုင်း ဝဲကျနေသည်။ အနားသတ်က ဖွာရရာကြဲလျက်။ ဆံပင်တွေကို နောက်ပြန်ဖြီးထားသည်။ ဘော်ငွေရောင် လှိုင်းတွန့်တွန့်။ ဒါကိုက လွတ်လပ်ခြင်း၏ သဏ္ဍာန်။ အရိုင်း၏ ခေါ်သံ။ ကျနော် သဘောကျသွားသည်။ ဆံပင်ရှည် ယဉ်ကျေးမှုတွင် ကြီးပြင်းလာခဲ့သူမို့လားမသိ။ အပြုံးငွေ့ငွေ့က မျက်နှာပေါ်တွင် အထင်းသားအရှင်းသား ပေါ်နေသည်။ ပြီး ကျနော့်ဆီ ရိုက်ခတ်လာသည်။ အသားအရောင်ကတော့ ခပ်လတ်လတ်။ ဝတ်ထားသည်က ပါတိတ်အင်္ကျီနှင့် ကျနော် အမျိုးအမည် ခွဲခြားမသိသော ထူထူထဲထဲ ပုဆိုး။ ချည်ပုဆိုးတော့ မဟုတ်နိုင်။ ဘန်ကောက်လုံချည်လည်း ဖြစ်မည်မဟုတ်။ အင်္ကျီကော ပုဆိုးပါ အရောင်အသွေးက စိုစိုစွတ်စွတ်။ အသားအရေ စိုစိုညက်ညက်၊ မည်းမည်းနက်နက် မျက်မှန်။ အသက် ၈ဝ နားနီးနေပြီဖြစ်သော်လည်း ကျန်းမာရေးက အထူးကောင်းမွန်ပုံရသည်။

ပလတ်စတစ် ကုလားထိုင်ပေါ်တွင် အေးအေးသက်သာ ထိုင်ရင်း နံဘေးမှ လူလတ်ပိုင်း တဦးနှင့် စကားပြောနေသည်။ ကြည့်နေရင်းနှင့် ကျနော် အရောင်တွေကို သတိရလာသည်။ ရေးရေးရိပ်ရိပ်။ သြော် … စာပေသစ်၏ ဖခင်ဆိုတာ ဒါပါလား။ အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာဆိုတာ ဒါပါလား။ သခင်ဗဟိန်း၏ သူငယ်ချင်းဆိုတာ ဒါပါလား။ အောင်ဆန်း သို့မဟုတ် အရိုင်း၏ မိတ်ဆွေဆိုတာ ဒါပါလား။ ဦးဗဆွေ၊ သခင်သန်းထွန်းတို့နှင့် အကျွမ်းတဝင်ဖြစ်ခဲ့သူဟာ ဒါပါလား။ အလှတရားကို ကိုးကွယ်သူဆိုတာ ဒါပါလား။ ရုပ်ပုံလွှာတို့၏ အရှင်သခင်ဆိုတာ ဒါပါလား။ ခြေဆုံးခေါင်းဆုံး သမိုင်းဖြစ်နေသူဆိုတာ ဒါပါလား။ ဗန်းမော်တင်အောင်ကို နောက်ဆုံးရဲဘော်အဖြစ် သတ်မှတ်ခဲ့သူဟာ ဒါပါလား။ တာရာဆိုတာ ဒါပါလား။ ကဗျာဆိုတာ ဒါပါလား။ ခပ်လှမ်းလှမ်းမှနေ၍ ကျနော် ဆရာ ဒဂုန်တာရာ့ကို ငေးကြည့်ရင်း တွေးမိတွေးရာ တွေးနေမိသည်။

အခြားနေရာမှာ ဆိုလျှင်တော့ ကျနော် ဆရာ့ကို သွားဂါရဝပြုမိမည် အမှန်။ သို့သော် ကျနော် ယခုရောက်နေသည်က သုသာန်။ ဆရာ့ဘေးတွင်လည်း လူငယ်လူကြီး စာပေသမားများ၊ ကဗျာဆရာ အယ်ဒီတာများ ဝိုင်းရံလျက်။ ဟိုမှာ ဆရာအောင်သင်း၊ ဟိုမှာ ဆရာမောင်သွေးသစ်၊ ဟိုမှာ ဆရာချစ်ဝင်းမောင်၊ ဟိုမှာ ဆရာအောင်ဝေး၊ ဟိုမှာ…။ သည်မျှ များပြားသော လူတွေကြားထဲ ကျနော် ဆရာ့အနား ချဉ်းကပ်ခွင့်မသာ။ အဝေးမှသာ ငေးမောနေရသည်။ ရုပ်ပုံလွှာ၊ ပျားအုံခံစားမှု၊ ကားချပ်၊ မှန်ကူကွက်၊ သမိုင်း၊ စာလုံး ဆေးစက်နှင့် စောင်းကြိုး၊ မွှေးမြဝေရီ….ပြီးတော့ ကဗျာ။ ဆရာမြသန်းတင့်ကို သင်္ဂြိုဟ်ရန် အချိန်နီးကပ်လာပြီမို့ ကျနော် ဆရာမြသန်းတင့် လဲလျောင်းနေရာဆီသို့ ထွက်လာခဲ့သည်။

ဆရာ့စာနှင့် ကျနော် ပထမဆုံး အထိအတွေ့ကို ယခု ပြန်စဉ်းစားကြည့်တော့ ကဗျာဖြစ်နေသည်။ “သရက်ပွင့်တို့ နီကြင့်ဝါဝါ ကြွေရင့်ဖွာကြ” တဲ့။ “တဟီတီသွားရအောင်” ကဗျာဖြစ်သည်။ ဘယ်မဂ္ဂဇင်းထဲတွင် ဖတ်မိသည်လည်းတော့ ကျနော် မမှတ်မိတော့။ ဖတ်ပြီးပြီးချင်း စွဲမက်ငြိတွယ်ခဲ့သည် ကိုသာ မှတ်မိတော့သည်။ ရေးသူက ဒဂုန်တာရာ ဆိုပါလား။ ဘယ်သူပါလိမ့်။ ကျနော်မသိ။ ကျနော်က ဆယ်နှစ်သားသာသာ။ ဖခင်ကို မေးမြန်းကြည့်တော့ ဖခင်က စာအုပ်ပုံထဲမှ စာတစ်အုပ်ကို ရှာဖွေထုတ်ယူလာသည်။ “တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” ဆိုပါလား။ နာမည်လေးက လှလှချည်လား။ ကျနော် စာအုပ်ကို ချက်ချင်း ကောက်လှန်လိုက်မိသည်။ ကျနော် မတတ်နိုင်။

တကယ့်တကယ် ဆရာ့စာတွေ ကဗျာတွေကို လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုမိသည်က ကျနော် ၁၅ နှစ်၊ ၁၆ နှစ်သားခန့်မှ ဖြစ်မည်။ ၉ဝ ပြည့်လွန် အစောပိုင်းနှစ်များ။ ကျနော် ပန်းဆိုးတန်းစာအုပ်တန်းတွင် စတင်ကျက်စားမိကာစ အချိန်။ သည်တော့မှ ကျနော် ဆရာ့၏ နာမည်ကျော် ရုပ်ပုံလွှာအဖွဲ့အနွဲ့များနှင့် စတင်တို့ထိမိခြင်း ဖြစ်သည်။ နောက် ထပ်မံ တိုးမိတိုက်မိသည်က ဆရာ့၏ ကဗျာများ။ “မာယာ” ကဗျာပေါင်းချုပ် ဖြစ်မည် ထင်ပါသည်။ ကျနော်ကလည်း ကဗျာကို စတင် စမ်းသပ်ရေးသားနေချိန်။ လောကနတ်ပန်းချီပြခန်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ရှိနေချိန်။ လေထန်ကုန်းတွင် တမေ့တမော ထိုင်နေမိချိန်။ လည်ကတုံး၊ ကချင်ပုဆိုးနှင့် ဆေးပေါ့လိပ်ကို စတင်စွဲလမ်းချိန်။ တကယ်က ကျနော် ရင်ခုန်နေပါလား။ သည်သို့ပင် ကျနော် ယခု ပြန်လည်သုံးသပ်မိသည်။

သည်နှစ်ကာလတွေမှာပဲ ဖြစ်မည်ထင်ပါသည်။ ဆရာ့စာများသာမက ဆရာ့ဘဝ ဖြတ်သန်းမှု မှန်ကူကွက် ပြိုးပြက်ဖိတ်လက်များကိုပါ ကျနော် လှစ်ခနဲ လှစ်ခနဲ စတင်သိရှိလာခဲ့သည်။ ဘန်ကောက်ပုဆိုးကို ခုံခုံမင်မင် ဝတ်ဆင် တတ်သောဆရာ၊ စန္ဒရားတီးနေသော ဆရာ့ရုပ်ပုံလွှာ၊ ကဗျာဖြင့် စတင်သန္ဓေတည်ခဲ့သော ဆရာ့စာပေဘဝ မြစ်ဖျားခံရာ၊ နုပျိုစိုလက်ခဲ့သော ဆရာ့ငယ်ဘဝ နေ့ရက်များ၊ အရာတော်တော်များများကို ငြင်းပယ်၍ အနုပညာဖြင့်သာ ဝင်သက်နှင့် ထွက်သက်ကို အတိပြီးစေခဲ့သည့် ဆရာ၊ ဆန့်ကျင်ဘက် အရောင်အသွေးတို့ကို တွဲစပ်၍ ပန်းချီရေးဆွဲလိုသည့် ဆရာ၊ ဆိတ်ဖလူးရနံ့ သင်းထုံမွှေးယစ်ဖူးသည့် ဆရာ၊ အိပ်မပျော်သော ညများ၊ ပန်းနုရောင်နှစ်ကာလများ၊ အလင်းအမှောင် အရောင်အရိပ်များ၊ ဆရာ့ ရုပ်ပုံလွှာများက နည်းနည်းနောနော မဟုတ်။ ဒါကြောင့်ပဲ ဆေးရောင်စုံ ဒဂုန်တာရာဟု ခေါ်ဝေါ်သုံးစွဲကြလေသလား။

နောက်ထပ် ကျနော့် အမှတ်ရမှု ကြေးမုံပြင်တွင် ထင်လာသည်က ဆရာ တွဲစပ်သုံးစွဲခဲ့သော စကားစုကလေးများ။ လေနုအေးရှတ်၊ ဝေါ့ဒစ္စနေအပြာ၊ ဝတ်လစ်စလစ်လမ်းမကြီး၊ စိမ်းသစ်ရသ စသည်။ ဒါတွေကိုပဲ စကားလုံး လျှပ်ပေါ်လော်လည်သည်ဟု ဆရာ အဝေဖန်ခံရဖူးသည်။ ကျနော်ကတော့ ထိုသို့မမြင်။ အထူးသဖြင့် ကဗျာရှုထောင့်မှ ကြည့်လျှင် ပို၍မမြင်။ ခံစားချက်ကို အနီးစပ်ဆုံး ထင်ဟပ်ပြနိုင်ရန် စကားလုံးများကို သင့်လျော်ညီညွတ်သလို တွဲစပ်သုံးစွဲနိုင်စွမ်း ရှိရမည်။ သို့မှသာ ဘာသာစကား၏ အတိုင်းအတာ ကျယ်ပြန့်လာမည်။ ခံစားမှုဗေဒ၊ အလှဗေဒကို ပိုမိုဖော်ကျူးနိုင်လာမည်။ ကျနော်က ထိုသို့ ယုံကြည်နေမိသည်။

ထိုနှစ်ကာလများက ဆရာနှင့်ပတ်သက်၍ ဂယက်များက တခုပြီးတခု ထခဲ့သော ကာလများလည်း ဖြစ်သည်။ နှစ်များကိုတော့ ကျနော် အတိအကျ မမှတ်မိတော့။ ထားတော့။ ကျနော်မှတ်မိသည့် ပထမဆုံး ဂယက်က ကဗျာနှင့် စကားပြေအကြား အယူအဆရေးရာ ဂယက်ဖြစ်သည်။ ဆရာက ကဗျာသည် စကားပြေအဆင့်သို့ လျှောကျမသွားသင့်ဟု ယူဆသည်။ ဆရာဇော်ဇော်အောင်က ယနေ့ခေတ်ပေါ်ကဗျာသည် စကားပြေအဖြစ် လျှောကျသွားခြင်းမဟုတ်၊ အဆင့်တဆင့်သို့ ကူးပြောင်းသွားခြင်းမျှသာ ဖြစ်သည်ဟု ချေပသည်။ စကားလုံးအတိအကျ မမှတ်မိတော့သော်လည်း သည်သဘောအတိုင်းသာ ဖြစ်သည်ဟု ကျနော် နားလည်မိသည်။

ဆရာဇော်ဇော်အောင်၏ ဆောင်းပါး အဆုံးသတ်တွင် “အကယ်၍ ဆရာက စိန်ခေါ်လျှင် ကျနော် တိမ်ပေါ်အထိ တက်လိုက်ခဲ့ပါမည်” ဟု အဆုံးသတ်ထားသည်။ သည်မှာပင် ဂယက်ထသွားခဲ့ရခြင်း ဖြစ်သည်။ ကျနော်ကတော့ ထိုစဉ်က ဖူးစပွင့်စအရွယ်။ စမ်းတဝါးဝါး။ တရားကိုယ် သဘောတရားတွေကို ဘာမှဆုပ်ဆုပ်နယ်နယ် နားမလည်သေး။ ဗျာ/ပြေ မျဉ်း၏ အထူအပါးက ဘယ်လောက်ရှိသလဲ။ တနေရာမှ ကြည့်လျှင် စကားပြေဖြစ်၍ နောက်တနေရာမှ ကြည့်လျှင် ကဗျာ ဖြစ်နိုင်သလား။ စံတခုကို အတိအကျ သတ်မှတ်ရန် ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား။ ထိုစဉ်က ကျနော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိခဲ့သော မေးခွန်းများ ဖြစ်သည်။

ကျနော့်အတွက် တခုကောင်းသွားသည်က မိမိဘာသာ စာ၊ ကဗျာများ ရေးသားနေရာက သဘောတရားရေးရာများကိုပါ လေ့လာရကောင်းမှန်း သိသွားရခြင်း ဖြစ်သည်။ လက်လှမ်းမီသလောက် ဆိုပါတော့။ သည်မှာပင် ဆရာ၏ မုဆိုးစိုင်သင်၊ လေးကိုင်းသဖွယ် ညွှတ်ပျောင်းခြင်း စသည် အယူအဆ ဆိုင်ရာများနှင့် ကျနော် နှီးနွှယ်ခဲ့မိခြင်း ဖြစ်ပါသည်။

နောက်ဂယက်တခုက ဆရာဇော် (ပျဉ်းမနား) ၏ ကတ္တီပါလမ်းခွဲ ကိစ္စဖြစ်သည်။ သည်ဂယက်ကလည်း မသေး။ ကျနော် မှတ်မိသလောက် မဂ္ဂဇင်းတချို့တွင် နှစ်ပါပေါက်သွားခဲ့သည်။ သည် “လမ်းခွဲ” ဆိုသော ကိစ္စကိုတော့ ကျနော် ယနေ့အထိ နားမလည်။ သဘောမပေါက်။ ဘာလမ်းခွဲတာလဲ။ လမ်းခွဲရအောင် ဘာလမ်းခွဲရမည့် ကိစ္စက ရှိနေလို့လဲ။ နောင်မှ ဆရာမောင်သာနိုး၏ “လမ်းခွဲတယ်ဆိုတာ” ဆောင်းပါးထွက်လာသည်။ သည်တော့မှ ကျနော် ဘဝင်ကျသွားသည်။ တကယ်တော့ ဆရာဇော် (ပျဉ်းမနား) ကလည်း ကျနော် ကြိုက်နှစ်သက်သည့် ကဗျာဆရာတယောက်။ သည်ကိစ္စတွင်တော့ ဂန္ဓဗ္ဗနတ်သား စိတ်လိုက်မာန်ပါ နိုင်သွားသည်ဟု ကျနော် နားလည်မိသည်။ သုံးစွဲလိုက်သည့် စကားလုံး မှားယွင်းသွားသည်ဟု ကျနော် ယူဆမိသည်။ ဆရာဒဂုန်တာရာ့ထံမှတော့ ဘာမှပြန်မကြားမိ။ ဒါကလည်းမဆန်း။ ဆရာက ဘာမှ တုံ့ပြန်တတ်သူ မဟုတ်။ လေနုအေးကလေးဖြင့်သာ နော့ကောင်းနော့မည်။ သူ ယုံရာတွင်သာ မြဲမြဲမြံမြံ ရပ်တတ်သူ။

တခါတုန်းက ဆရာက သည်လို ပြောဖူးပါသည်။ “ကျနော် တခုခုကို လက်မခံခင် သေသေချာချာ လေ့လာတယ်၊ ဆန်းစစ်တယ်၊ လက်ခံပြီးရင် မပြောင်းတော့ဘူး“ ဟူ၍။ စကားလုံးအတိအကျ မဟုတ်သော်လည်း ထိုသဘောအတိုင်း ဖြစ်ပါသည်။ ဆရာမောင်စွမ်းရည် ရေးသကဲ့သို့ “လိပ်ရင်ဘတ်လို” ဟုပဲ ရေးရမလား မသိ။ ဆရာက သူသဘောမပေါက်လျှင်၊ စိတ်ထဲဘဝင်မကျလျှင် ဘာမှလုပ်သူမဟုတ်။ ဒါကိုက ဆရာ၏ သရုပ် ဖြစ်ပါလိမ့်မည်။

ဒါကြောင့်ပဲ ထင်သည်။ ဆရာပါရဂူက ပရကထာတွင် သည်လိုရေးဖူးသည်။ “ ဒဂုန်တာရာက သာမန် သူလိုငါလို လူမျိုး မဟုတ်ပေ။ သူ့ကို အကြောင်းပြု၍သော်လည်းကောင်း၊ သူရေးသောစာကို အကြောင်းပြု၍ သော်လည်းကောင်း ပတ်ဝန်းကျင်၌ အငြင်းပွားရသော ပြဿနာဖြစ်ရသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ကို လေးစားကြည်ညိုသူများ ရှိသကဲ့သို့ ဆန့်ကျင်သူများလည်း ရှိသည်။ ထူးထူးချွန်ချွန် ဖြစ်လာရသော ပုဂ္ဂိုလ်အဖို့ သြဘာလက်ခုပ်သံကိုလည်း ကြားရသကဲ့သို့ပင် တထောင့်တနေရာက ထွက်ပေါ်လာသော အမနာပ ပြောသံဆိုသံကိုလည်း ကြားရတတ်သည်။ ဒဂုန်တာရာ ဇာတာ၌ သြဘာလက်ခုပ်သံနှင့် အမနာပ ပြောသံဆိုသံ နှစ်မျိုးလုံး ရောမွှေပေါင်းစပ်နေသလား မသိ” ဟူ၍။

အယူအဆများက များမြောင်ကွဲပြားနိုင်ကြသည်သာ ဖြစ်သည်။ ဒါက မဆန်း။ ငြိမ်းချမ်းစွာ ယှဉ်တွဲရပ်တည် နေနိုင်ခြင်းကိုသာ ရှေးရှုကြရမည်။ ကျနော်ကတော့ ထိုသို့ သဘောပေါက်နေမိသည်။ အချို့ကလည်း ဘာရယ်မဟုတ်။ အယူအဆရေးရာများထက် ပုဂ္ဂိုလ်ရေးရာတွေ အဖုအထုံးများက ကဲနေသလားမသိ။ ဘာအကြောင်းပြချက်မှလည်း ရေရေရာရာ မရှိ။ ပတိဒဂုန်တာရာများ ဖြစ်နေတတ်ကြသည်။ ဆရာ့အတွက်ကတော့ ဘာမှဆန်းကျယ်လှသည် မဟုတ်ပါ။ ဒါကြောင့်ပဲ ဆရာ တခါက သည်လိုရေးဖူးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ “ကျနော့်ကို ဆန့်ကျင်သူများနှင့် ကျနော် တဝိုင်းတည်း ထိုင်၍ ရသည်။ ကျနော် ဘာမှမဖြစ်” ဟု။ သည်စကားမှာ ဆရာ့ ငြိမ်းချမ်းရေး စိတ်ဓာတ်နှင့် ငြိမ်းချမ်းရေးအပေါ် သဘောထားကို လှစ်ခနဲ မြင်လိုက်ရသည်ဟု ကျနော် ယခု ပြန်လည်စဉ်းစားမိပါသည်။

ပြောသာပြောနေရသည်။ ထိုစဉ်က ကျွန်တော့် အသက်က ဘာမျှမရှိ။ နှစ်ဆယ်ပင်မပြည့်တတ်သေး။ ဘဝပုံပန်းက ဘာမှ ပီပီပြင်ပြင်မရှိ။ အတွေ့အကြုံကလည်း နုနုငယ်ငယ်။ ဘာပဲပြောပြော ဆရာသည် ကျနော် စိတ်အဝင်စားဆုံးသော သူ တယောက်ဖြစ်နေသည်။ ဆရာ့ဘဝ ဖြတ်သန်းမှုက နိုင်ငံရေးနယ်ပယ်နှင့် စာပေနယ်ပယ် နှစ်ခုစလုံးတွင် ရှိနေသည်။ ကျနော်ကလည်း သည်နယ်ပယ်နှစ်ခုစလုံးကို စိတ်ဝင်စားသူ၊ တပ်မက်စွဲလမ်းသူ။ ကျနော် ဘာတတ်နိုင်မှာလဲ။ ဆရာကတော့ သူ့ကိုယ်သူ နိုင်ငံရေးသမားမဟုတ်ပါ။ စိတ်ပါဝင်စားသူ၊ လေ့လာသူ မျှသာဟု တခါက ပြောဖူးသည်။ တချို့ကိစ္စများကလည်း ဝေးနီးမြင်ကွင်း အမှန်နှင့် မကြည့်တတ်လျှင် ချွတ်ချော်လွဲမှားတတ်သည်။ လှိုင်းကြားတွင် ရောက်နေသူကတော့ လှိုင်းဟု မြင်ချင်မှမြင်မည်။ ဆရာကတော့ သူ့ကိုယ်သူ “နိုင်ငံရေးနှင့် စာပေ နယ်ခြားမျဉ်းကြောင်းတွင် ရပ်နေမိသူ” ဟု ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များတွင် ဖော်ပြခဲ့ဖူးသည်။ “စိတ်လှုပ်ရှားမှု ဒဏ်ကို မခံနိုင်၍ ဖိတ်စင်သွားသည့် သဘော” ဟုလည်း ရေးခဲ့ဖူးသည်။

နိုင်ငံရေးသမား ဆိုတာကကော ဘာလဲ။ ကျနော် စဉ်းစားနေမိသည်။ နိုင်ငံရေးသမား မဟုတ်ဟုသာ ဆိုသည်။ ဆရာ့နိုင်ငံရေး အမြင်တွေက ဘယ်နံရောအခါကမှ မပီတတ်သေး၊ ဝိုးဝါးထွေး မဖြစ်။ ထာဝစဉ် ကြည်လင်နေသည်။ တခုပဲ ရှိသည်။ ဆရာက စကားလုံးတလုံးကို ဘယ်အခါတွင်မှ ပေါ့ပေါ့လွယ်လွယ် သုံးစွဲခြင်း မရှိ။ (ဆရာသည် ကျနော်သိသမျှ လူပုဂ္ဂိုလ်များထဲတွင် စကားလုံးကို သတိကြီးကြီးထား၍ ရွေးချယ်အသုံးစွဲတတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။) စကားလုံးများကို ဆီသည်မ လက်သုတ်ဖတ်သဖွယ် သုံးစွဲသောကြောင့် မူရင်းစကားလုံး၏ လေးနက်မှုဂုဏ်သတ္တိ လျော့ပါးနေသည့် ယနေ့ခေတ် အချို့စကားလုံးများကို မြင်ရတိုင်း ကျနော်ကတော့ ဆရာ့ကို သတိရနေမိသည်။

ဆရာ အလေးအနက်ထားသော နောက်ထပ် ဘာသာရပ်နှစ်ခုက “ခေတ်ပြိုင်ခံစားမှု” နှင့် “မျိုးဆက်” တို့ ဖြစ်သည်။ အင်္ဂလိပ်လိုကတော့ contemporary နှင့် generation ။ မြန်မာလို အခေါ်အဝေါ်အနေနှင့်တော့ ဘယ်တုန်းက စတင် သုံးစွဲသလဲ ကျနော်မသိ။ သည်စကားလုံး နှစ်လုံးကလည်း ဆက်စပ်နေသည်။ သီးခြား ဝေးကွာကင်းလွတ်နေသည် မဟုတ်။ ပြောရမည်ဆိုလျှင် “ခေတ်ပြိုင်ခံစားမှု” ဆိုသော စကားလုံးသည် ဆရာ အသုံးစွဲဆုံးသော စကားလုံးဖြစ်မည် ထင်သည်။ သုံးစွဲရလောက်အောင်လည်း ဆရာက “ခေတ်ပြိုင်ခံစားမှု” များကို အထူးတလည် စိတ်ဝင်စားသည်။ မျိုးဆက်အဆက်ဆက်နှင့် အမြဲထိတွေ့နေသည်။ သည်နေရာတွင် “မျိုးဆက်” ဟူသော စကားလုံးကို ဆရာ သတ်မှတ် ပိုင်းခြားပုံက စိတ်ဝင်စားဖို့ ကောင်းသည်။ ယေဘုယျ အင်္ဂလိပ်စကားလုံးတွင်တော့ နှစ်ပေါင်း ၃ဝ ကို မျိုးဆက်တခု ဖြစ်သည်။ နှစ် ၃ဝ ကြာတိုင်း မျိုးဆက်တဆက် ပြောင်းလဲသွားသည့် သဘော။ ဆရာသုံးသည့် “မျိုးဆက်” ကတော့ နှစ် ၃ဝ မဟုတ်။ ၁ဝ နှစ်မျှသာ။ ဆရာက ပထမမျိုးဆက်။ ဆရာ့ထက် ၁ဝ နှစ်ခန့်ငယ်သော ဆရာမြသန်းတင့် တို့က ဒုတိယမျိုးဆက်။ အစရှိသည်ဖြင့်။

အစကတော့ ထိုသို့ သတ်မှတ်ခြင်းကို ကျနော် သဘောမပေါက်။ ၁ဝ နှစ်ဆိုတော့ နီးလွန်းမနေဘူးလား။ နောင် ကျနော်ကိုယ်တိုင် သမိုင်းခေတ်များကို ဖြတ်သန်းလာမှ သဘောပေါက်လာသည်။ မျိုးဆက်နှင့် မျိုးဆက် ကွာဟမှု သဘောတရားကို ရေးရေးရိပ်ရိပ် မြင်လာသည်။ ကျနော်နှင့် ကျနော့်ထက် ၁ဝ နှစ် (မျိုးဆက်တဆက်) ငယ်ရွယ်သူ လူငယ် နုပျိုပွင့်သစ်များအကြား နှိုင်းယှဉ်ကြည့်တတ်လာသည်။ အချိန်ကာလတခုကို ဖြတ်သန်းနေကြတာချင်း အတူတူ မျိုးဆက်မတူသည့်အခါ တုံ့ပြန်ပုံချင်း မတူတတ်ပုံကို ခွဲဖြာဆန်းစစ် နိုင်လာသည်။

ဒါကြောင့်ပဲ “မာယာ” ကဗျာတွင် သည်သို့ ရေးဖွဲ့ခဲ့တာပါလား။ “ မျိုးဆက်တို့ကား သမိုင်းခေတ်များ၊ ဖြတ်သန်းသွားကြ၊ ခံစားမှု၏၊ တုံ့ပြန်ချက်များ၊ ထွေပြားများမြောင်၊ စုံလင်အောင်ပင်၊ ရှုပ်ထွေးရစ်မြှင်၊ အမြင်ကွဲပြား၊ တုံ့ပြန်ခြင်းကား၊ မတူကြလေ” ဟု။ တကယ်က ကိစ္စတော့သိပ်မရှိ။ တံတားထိုး၍ မရသော အရာများ မဟုတ်။ လွတ်လပ်ခြင်းချစ်သူ၊ ငြိမ်းချမ်းခြင်းချစ်သူ၊ ပိတောက်ချစ်သူများကြား ဘာအခြေခံတရားမှ ကွဲပြားစရာမရှိ။ သည်နေရာမှာ ဆရာ့အခန်းကဏ္ဍက အတော်ကြီးမားသည်။ ဆရာက ပထမမျိုးဆက်မှ အစချီ၍ ယခု ဆဋ္ဌမ၊ သတ္တမ မျိုးဆက်များတိုင် တောက်လျှောက် တံတားထိုးပေးခဲ့သူ ဖြစ်သည်။ တံတားထိုးရုံမျှ မဟုတ်။ ခေတ်အဆက်ဆက် မျိုးဆက်များနှင့် တပြေးညီ ရင်ဘောင်တန်း လိုက်နိုင်ခဲ့သူ၊ လိုက်နေသူ ဖြစ်သည်။ ခေတ်ပြိုင်ခံစားမှု တို့ကို ဘယ်တော့မှ မျက်ခြည်ပြတ်သည်မရှိ။ မျက်ခြည်မပြတ်ရအောင်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေသည်။ ဘယ်သောအခါကမှ မြန်မာ့လူ့အဖွဲ့အစည်းနှင့် မကင်းကွာစဖူး။ တသားတည်း နေထိုင်ခံစားခဲ့သူ ဖြစ်သည်။ အေးအတူပူအမျှ ပြည်ထောင်စု စိတ်ဓာတ် ထင်ဟပ်ခြင်းပေလား။ ကျနော် စဉ်းစားနေမိပါသည်။

တကယ်က ဆရာ့ဇာတိက ကဗျာဖြစ်သည်။ ပဝတ္ထိ ကတော့ ဘာလဲမသိ။ ကျနော့် အယူအဆ အရဆိုလျှင်တော့ ပဝတ္ထိလည်း ကဗျာပဲဖြစ်သည်ဟု ကျနော် ယုံကြည်မိသည်။ ကျနော်တဦးတည်းက ယုံကြည်သည်တော့မဟုတ်။ ကျနော်က စတင်ယုံကြည်ခဲ့သူလည်း မဟုတ်။ ဟို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆရာမြသန်းတင့်နှင့် ဆရာ လင်းယုန်မောင်မောင်တို့ စကားဝိုင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဆရာမြသန်းတင့်က သည်လိုဆိုခဲ့သည်။ ဆရာဒဂုန်တာရာသည် စကားပြေသမားမဟုတ်။ ကဗျာဆရာစစ်စစ် ဖြစ်သည်။ မည်မျှအထိ ကဗျာဆရာ ဖြစ်နေသလဲဆိုလျှင် ဆရာတာရာ ရေးသည့် စကားပြေသည်ပင်လျှင် စကားပြေအစစ်မဟုတ်။ ကဗျာဖြစ်နေသည်။ ဆရာတာရာသည် ကဗျာကိုစား၊ ကဗျာကိုရှူ၊ ကဗျာဖြင့်သာ နေထိုင်နေသည့် တကယ့် ကဗျာဆရာစစ်စစ် ဖြစ်ပါသည်ဟု ဆိုခဲ့သည်။

ဆရာ လင်းယုန်မောင်မောင်က ထိုသို့မမြင်။ “မြသန်းတင့် ပြောတာကို ကျနော်က ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငြင်းခဲ့သလိုပဲ အခုငြင်းလိုက်ပါတယ်။ ရုပ်ပုံလွှာတွေကို ကြည့်ပါ။ ပထမတန်း စကားပြေအရေးအသားတွေပါ“ ဟု ပြန်ပြောခဲ့သည်။ ကြာခဲ့ပါပြီ။ ကျနော်ကတော့ ထိုစဉ်ကတည်းက ဆရာမြသန်းတင့်၏ အယူအဆကို နှစ်သက်ထောက်ခံခဲ့မိသည်။ ဆရာတာရာကကော သူ့ကိုယ်သူ ဘယ်လိုမြင်ပါသလဲ။ ဒါကို ကျနော်က စိတ်ဝင်စားသည်။ ဆရာ့ဆီမှ ဘာမှတော့ ပြန်ပြောသံမကြားမိ။ ကျနော် နှစ်ပေါင်းများစွာ စောင့်ခဲ့ရသည်။ ဒါပေမယ့် စောင့်ရကျိုးနပ်သည်ဟုပဲ ဆိုရပါမည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ဆရာ့မျက်နှာဖုံးနှင့် ဆရာ့ကို အထူးပြုထုတ်ဝေသော ပိတောက်ပွင့်သစ် မဂ္ဂဇင်း ထွက်လာသည်။ ဆရာ့စာပေဘဝ ဖြစ်စဉ်များ၊ ဆရာရေးခဲ့ပြီးသမျှများထဲမှ ဆရာကိုယ်တိုင် ရွေးချယ်ပေးသော ကဗျာ ၁ဝ ပုဒ်၊ ဆရာ့၏ ကဗျာအပေါ်အမြင်များ၊ ဝေဖန်ရေးအပေါ် အမြင်များ၊ ဆရာ့အပေါ်မြင်သည့် မျိုးဆက်သစ်တို့၏ အမြင်များ စသဖြင့် အတော်စုံစုံလင်လင် ဖော်ပြထားသည်ကို ကျနော် ဖတ်ရှုရသည်။ သည်အထဲမှ ဆရာနှင့် ဆရာမောင်နွေထက်စကားဝိုင်းတွင် ကျနော် သိချင်နေခဲ့သောအရာကို ဘွားခနဲ တွေ့လိုက်ရသည်။

“ကဗျာရေးတိုင်း ခံစားမှုရှိမှ ကဗျာရေးတာ။ စကားပြေကတော့ ရတယ်။ ကဗျာနဲ့ မတူဘူး။ ခံစားမှု မရှိလည်း ရေးလို့ရတယ်”၊ “ကဗျာကို စကားပြောဟန်နဲ့ ရေးတယ်။ စကားပြေကို ကဗျာလိုရေးတယ်။ အဲဒါ ကျနော့် လျှို့ဝှက်ချက်ပဲ“။ ဆရာ့ နှုတ်ထွက်စကားများ ဖြစ်ပါသည်။ သြော် … ဒါကြောင့်ပဲ ဆရာ မြသန်းတင့်က ဆရာတာရာဟာ ကဗျာဆရာစစ်စစ်လို့ ပြောခဲ့တာပါလား…။ ပုစ္ဆာတပုဒ်ကို အပြီးတိုင် ဖြေရှင်းလိုက်နိုင်သော သူတယောက်လို ကျနော် ခံစားလိုက်မိသည်။

ထို ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင်ပဲ ဖြစ်ပါသည်။ ဆရာဇော်ဇော်အောင်က ရှင်မဟာရဌသာရ၏ “ငါနှင့် ငါသာ နှိုင်းစရာဟု…” ကဗျာစာသားကို ရွတ်ဆိုရင်း ဆရာတာရာ့ကို ဂါရဝ ပြုသွားခဲ့သည်။ ယခင်က ဂိုဏ်းဂဏစွဲ ကြီး၊ အာဃာတ ကြီးခဲ့ကြောင်း၊ အဲဒီအမှားကို ဆရာတာရာနှင့် တွေ့စဉ်က တောင်းပန်ခဲ့ပြီး ဖြစ်ကြောင်း၊ ဗျာ/ပြေ မျဉ်း ကိစ္စတွင်တော့ သဘောထား မပြောင်းသေးကြောင်း၊ ဆရာတာရာ့ကို တကယ်လေးစားလို့ ရလာပြီဖြစ်ကြောင်း၊ ''မြန်မာစာပေလောကမှာ ထည့်ဝင်သယ်ပိုး အကျိုးပြုခဲ့တာတွေဟာ မနည်းပါလားလို့ လေးစားစွာ အသိအမှတ်ပြုလို့ ရလာပါပြီ” ဟု ပြောသွားခဲ့သည်။ ကျနော်ကတော့ စာဖတ်ပရိသတ် တဦးအနေနှင့် ဆရာကြီး နှစ်ဦးအကြား အမျက်အအီမရှိ၊ ငြိမ်းချမ်း ခင်မင်ခြင်းကို မြင်ရ၍ ဝမ်းမြောက်နေမိခဲ့ပါသည်။

ကဗျာကို စိတ်ဝင်စားသူ တဦးအနေနှင့် ပြောရမည်ဆိုလျှင်တော့ ဆရာ့ကဗျာများတွင် ထင်ထင်လင်းလင်း တွေ့ရသည်က ခံစားချက်များနှင့် အဘိဓမ္မာ အနှစ်အသားများ ဖြစ်သည်။ စိတ်အန်ဖတ်များကို ဆရာ့ကဗျာများတွင် တွေ့ရလေ့မရှိ။ “မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း”၊ “မာယာ”၊ “ ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ”၊ “တစ္ဆေ” နှင့် “ချယ်ရီကို ပြုပြင်ရခြင်း” ကဗျာများမှာ သည်အချက်ကို အလေးအနက် တွေ့မြင်ရသည်။ ခံစားချက်၊ နိမိတ်ပုံနှင့် အယူအဆတို့ကို ဆရာ အောင်အောင်မြင်မြင် ပေါင်းစပ်ရေးဖွဲ့နိုင်ခဲ့သည်ဟု ဆိုရမလား။ ကာရန်မဲ့တာ၊ မမဲ့တာထက် အဘိဓမ္မာမမဲ့ဖို့ပဲ ပိုအရေးကြီးတယ် ဟူသော ဆရာ့စကား ရောင်ပြန်ဟပ်ခြင်းလား။ ပုံသဏ္ဍာန်ကတော့ လေးလုံးစပ်ကို ချဲ့ထွင်ထားသော လွတ်လပ်ကာရန်ဖြင့် ရေးဖွဲ့သည်ဟု ဆိုရမလားမသိ။

ကာရန်ယူရာတွင် စည်းကမ်းအတိအကျကို လိုက်နာထားခြင်း မရှိ။ ဒါကြောင့်ပဲ ဆရာ့ “တဟီတီသွားရအောင်“ ကဗျာ ထွက်ပေါ်လာစဉ်က ဂယက်ထခဲ့ရသေးသည်။ ပုံသဏ္ဍာန်များထက် ကျနော် အထူးတလည် နှစ်ခြိုက်နေမိသည်က ကဗျာအတွင်းမှ နိမိတ်ပုံနှင့် အဘိဓမ္မာ အနှစ်အသားများ။ “ငါတမူကား မည်သူကမျှ အမိန့်မချ၊ မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ၊ မဲဇာသို့ သွားနေလိုက်သည်” ဟူသော စာသားများ။ “အဖြူကြားမှ အဖြူရှာရ၊ အနက်ထဲမှ၊ အနက်ရှာရ၊ ခက်လှပါဘိ၊ တကယ်ရှိကို၊ မသိရာမှ၊ သိအောင်ကြံဆ၊ နှစ်လများစွာ၊ ကုန်ခဲ့ပါသည်၊ မာယာတောမှာ၊ အလှတရားရှာဖွေခြင်း” တဲ့လား။ တစ္ဆေကဗျာတွင်တော့ ဆရာက သူ့ကိုယ်သူ သစ်ခြောက်ပင်ကို ရေလောင်းနေမိသူ အဖြစ်ပုံဖော်ထားသည်။ နောင်မှ ကလေးများက ပြောသဖြင့် သေနေပြီမှန်းသိသွားပြီး အားနှင့်ခုတ်ဖြတ် အဆုံးသတ်လိုက်ရသည်ဟု ဖွဲ့ဆိုထားသည်။

သို့သော် “ချယ်ရီကို ပြုပြင်ရခြင်း” ကဗျာတွင်တော့ တမျိုးပြောင်းသွားပြန်သည်။ ဆရာ နေ့စဉ် လမ်းလျှောက်ရာတွင် အသုံးပြုသော ချယ်ရီသား လက်ကိုင်တုတ်ကလေး။ သည်တုတ်ကလေးဖြင့် မြွေတကောင်ကို လူငယ်တယောက်က ရိုက်သတ်မိခဲ့သည်။ ဆရာ့တုတ်ကလေး သွေးတို့ဖြင့် စွန်းပေသွားသည်။ သာမန်လူအတွက်ကတော့ ထူးချင်မှထူးမည်။ အခုတော့ ငြိမ်းချမ်းရေးသမား ဆရာ့ခမျာ အသက်သတ်သည့် လက်နက် ဖြစ်ခဲ့ရပြီဖြစ်သော သူ့တုတ်ကလေးအတွက် ခံစားထိရှနေရသည်။ တုတ်ကလေးကိုလည်း မစွန့်ရက်။ ဘာလုပ်ရပါမလဲ။ နောက်ဆုံး တုတ်ကလေး၏ အပေါ်ယံလွှာကို ဓားဖြင့် ခြစ်ခွာပစ်လိုက်သည်။ သွားပေရော့ အမုန်းများ၊ သွားပေရော့ သွေးစက်များ ရန်ငြှိုးများ။

ထိုကျမှ တွေဝေစိတ်များ ကုန်စင်သွားပြီး ပြုပြင်လိုက်က ငြိမ်းချမ်းသွားသည့် သဘော ရေးဖွဲ့ထားသည်။ အင်မတန် အားကောင်းသည့် နိမိတ်ပုံ အဖွဲ့အနွဲ့များပါလား။ ကျနော် ဆွတ်ဆွတ်ကျင်ကျင် ခံစားနေမိခဲ့ပါသည်။

သည်ဘက် နှစ်ပိုင်းများမှာတော့ ဆရာ့ထံမှ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ” ဟူသော စကားကို တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ” ဟူသော စကားလည်း အပါအဝင် ဖြစ်သည်။ ထိုစကားကို စကြားကာစ အချိန်တွင် ပန်းဆိုးတန်းစာအုပ်တန်းရှိ ကျနော့်မိတ်ဆွေ တဦးနှင့် ဆွေးနွေးခဲ့ဖူးသည်ကို ကျနော် ပြန်လည် အမှတ်ရလာသည်။

ထိုနေ့က နွေတနေ့။ လေအဝှေ့တွင် ဗာဒံရွက်ခြောက်များက လမ်းပေါ် ရှပ်တိုက်ပြေးလွှားလျက်။ “ရန်သူမရှိ မိတ်ဆွေသာရှိ မုန်းသူမရှိ ချစ်သူသာရှိ” ။ ကျနော်တို့ နှစ်ဦး စကားဝိုင်းက တော်တော်နှင့် မပြတ်။ ဆေးလိပ်တိုများသာ အများအပြား ပြန့်ကျဲသွားသည်။ ဆရာ့အဘိဓမ္မာကို ကျနော်တို့ ကျေကျေလည်လည် သဘောမပေါက်နိုင်။ ရန်/ငါ မျဉ်း မရှိတော့ပြီလား၊ အဆုံးစွန်သော ငြိမ်းချမ်းခြင်းနှင့် အလှတရားဆီ ညွှတ်ပျောင်းသွားခြင်းလား။ ဗုဒ္ဓဓမ္မဆီ အရွေ့အယိုင်လား။ ဆရာကတော့ စိတ်ကူးသက်သက်၊ စကားလုံးသက်သက် ပြောခြင်းမဟုတ်။ သမိုင်းဖြတ်သန်းမှုများ၊ အတွေ့အကြုံများမှ ထုတ်နုတ်ရယူထားသော အတွေးအခေါ်ဟု ပြောခဲ့ဖူးသည်။ ဆရာကတော့ ပြောင်းမည်မဟုတ်။

တလောက ဆရာ မြင်သာတွင် ဆောင်းခိုရန် ရောက်ရှိနေစဉ် ကြုံကြိုက်သော ဆရာနတ်နွယ်၏ မွေးနေ့ပွဲတွင်လည်း သည်အတိုင်းပဲ ပြောခဲ့သည်။ ယခု ကျနော် သည်စာကို ရေးနေစဉ်မှာပဲ ဆရာ့ ၉ဝ ပြည့်မွေးနေ့ပွဲ အောင်ပန်းမှ ဆရာ့အသံက ကျနော့်ဆီ လွင့်ပျံလာပြန်သည်။ “ လူငယ်တွေကို အထူးမှာကြားချင်တာက ခေတ်အဆက်ဆက်မှာတော့ တာဝန်ခန်းဆိုတာ ရှိတယ်ဗျ”၊ “ကျောင်းသားတွေရဲ့ သမိုင်းဟာ၊ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုဟာ ဗမာပြည်လွတ်လပ်ရေးကို ပေးစွမ်းမှုရှိတဲ့ လှုပ်ရှားမှုပဲ။ အခုခေတ် ကျောင်းသားတွေက သူတို့မီတဲ့ခေတ်၊ သူတို့ ကြီးပြင်းတဲ့ ခေတ်မှာရှိတဲ့ စနစ်ကို မကြိုက်ရင်မကြိုက်သလို၊ ကြိုက်ရင်လည်း ကြိုက်သလို ထောက်ခံနိုင်တယ်၊ ကန့်ကွက်နိုင်တယ်။ ကန့်ကွက်ချင်ရင်လည်း ငြိမ်းချမ်းရေးနဲ့ ကန့်ကွက်ကြပါ”၊ ''ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ။ အဲဒီအတွေးအခေါ်နဲ့ လုပ်ရင် ဘယ်စနစ်ဖြစ်ဖြစ် ချက်ချင်း မပျက်တောင် ကြာရင်တော့ ပျက်ရမှာပဲ။ အဲဒီတော့ ငြိမ်းချမ်းတဲ့ခေတ်ကို ရောက်စေချင်တယ်။ ဒါ ကျနော့် ရည်ရွယ်ချက်ပဲ” ဆရာ့ထံမှ ကျနော် ကြားလိုက်ရသော စကားများ ဖြစ်ပါသည်။
သည်သဘောထားအမြင်များက အမုန်းများ ဆုံးရာလား။ အချစ်များစရာလား။ မဆုံးသော သမိုင်း၏ ပင်မ အကိုင်းအခက်တခုလား။ တွေးစရာများကတော့ အများကြီးပဲ ဖြစ်သည်။ မျိုးဆက်များကတော့ တဆက်ပြီး တဆက်။ ဘာပဲပြောပြော ကျနော်တို့ အားလုံး ဦးတည်နေရာက လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းဆီ။ ကျနော်တို့ အားလုံးက သည်လမ်းကြောင်းပေါ်မှာ။ အရောင်များကတော့ လူးလွန့်ပြိုးပြက် နေလိမ့်မည်။ မတူနိုင်။ ဒါကို သဘောတူနိုင်သည်က ဆရာ့ အန္တိမ ဦးတည်ရာ ဖြစ်ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကျနော် ခိုင်ခိုင်မတ်မတ် ပြောနိုင်တာက တခုတည်းဖြစ်သည်။ မြန်မာ့ လူ့အဖွဲ့အစည်းပေါ်သို့၊ မြန်မာစာပေပေါ်သို့ ဆရာ့အရိပ် နွေးနွေးထွေးထွေး၊ ကြီးကြီးကျယ်ကျယ် ကျရောက်ခဲ့ပါသည်ဟု။ ကျရောက်နေပါသည်ဟု။ ကျရောက်နေပါလိမ့်ဦးမည်ဟု။ ဒါကပဲ တာရာ၏ အလှဗေဒ ဖြစ်နေသည်ဟု ကျနော် ယူဆမိသည်။ ဆရာ သက်တော်ရာကျော် ရှည်ပါစေသတည်း။ ။


No comments: