Wednesday, May 6, 2009
နာဂစ်အလှူငွေတွေ ရသင့်သလောက် ရပါရဲ့လား (အပိုင်း -၂)
မျိုးရန်နောင်စိုး
ပြီးခဲ့တဲ့နှစ် မြန်မာ နိုင်ငံမှာ နာဂစ် လေမုန်တိုင်း ဘေးကြီး ခံလိုက်ရတော့ အစိုးရ စာရင်းတွေအရ သေဆုံး၊ ပျောက်ဆုံး လူ (၁) သိန်း (၃) သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံ အများအပြားက လူပေါင်း (၂) သိန်းကျော် သေခဲ့ရတဲ့ ဆူနာမီ ကပ်ဘေးနဲ့ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်။ အကြောင်း ကတော့ နာဂစ် ဘေးကြောင့် လူသေဆုံး မှုဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ခံရလို့ ဖြစ်ပါတယ်။ ဒီအတွက် လေဘေးသင့် ပြည်သူတွေကို ကူညီကြ တာဟာ ကမ္ဘာနဲ့ တဝန်းလို့ တောင် ပြောနိုင် ပါတယ်။
ဒါပေမယ့် အကူအညီတွေ ရသင့်သလောက် မရခဲ့ဘူး ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်သူ တွေက ထောက်ပြကြပါတယ်။ ဆူနာမီဘေး အတွက် ကမ္ဘာတဝှမ်း အကူအညီ ဒေါ်လာ သန်း (၁၃,ဝဝဝ) ကျော် လောက် ရခဲ့ပြီး နာဂစ်ဘေးအတွက် ဒေါ်လာ သန်း (၄ဝဝ) ဝန်းကျင်လောက်ပဲ ရပါသေးတယ်။ ပြန်လည်ထူထောင် ရေး နောက်ထပ် (၃) နှစ်အတွက် ဒေါ်လာ သန်း (၆ဝဝ) ကျော် လိုသေးတယ်ဆိုပြီး မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင်အဖွဲ့ကနေ အလှူရှင်တွေဆီ တင်ပြထားပါတယ်။ ဒီပမာဏတွေကို နှိုင်းယှဉ်ကြည့်ရင် နာဂစ်ဘေးအတွက် မြန်မာနိုင်ငံကရတဲ့ အကူအညီ ဘယ်လောက်နည်းတယ်ဆိုတာ သိနိုင်ပါတယ်။
နာဂစ်မုန်တိုင်းဘေးအတွက် ရလာတဲ့အကူအညီတွေကို အမျိုးအစားခွဲမယ်ဆိုရင် (၁) စစ်အစိုးရ လက်ထဲ ရောက်သွားပြီး အစိုးရကပဲ ကိုင်တွယ် ဆောင်ရွက်တဲ့အကူအညီ၊ (၂) နိုင်ငံတကာ မိသားစုတွေက လှူဒါန်းပြီး ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုတွေက အကောင်အထည်ဖော်တဲ့ အကူအညီ၊ (၃) မြန်မာပြည်သားတွေ ကိုယ့်ဖာသာကိုယ် သွားရောက် လှူဒါန်းတဲ့ အကူအညီဆိုပြီး ခွဲခြားနိုင်ပါတယ်။
နာဂစ်မုန်တိုင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မိသားစုတွေဆီက ရရှိတဲ့ အကူအညီ ဒီလောက်နည်းပါးရတာဟာ စစ်အစိုးရကြောင့်လို့ ပြောကြပါတယ်။ စစ်အစိုးရဟာ နာဂစ်မုန်တိုင်းဘေး စပြီးကြုံကတည်းက နိုင်ငံတကာ အကူအညီနဲ့ ပတ်သက်ရင် ငွေသားနဲ့ ရုပ်ဝတ္ထုသက်သက်ကိုသာ လက်ခံခဲ့ပါတယ်။ မြန်မာပြည်ထဲ အခြေစိုက်ထား ခြင်း မရှိသေးတဲ့ ဘယ်နိုင်ငံခြား အန်ဂျီအိုအဖွဲ့တွေနဲ့ ဘယ်နိုင်ငံခြားသားတွေကိုမှ မြန်မာပြည်ထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။ မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်းကို သွားခွင့်ပြုဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်ခဲ့တာပါ။ ဒီအတွက်လည်း နိုင်ငံတကာ အကူအညီတွေ ရသင့်သလောက် မရခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါမှ သာ နိုင်ငံတကာက ကူညီပေးကမ်းမယ့် အလှူရှင်တွေဟာ မြန်မာနိုင်ငံထဲ အခြေစိုက်ထားပြီး ဖြစ်တဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကတဆင့် လေဘေးသင့် ပြည်သူတွေဆီ ကူညီနိုင်ခဲ့ပါတယ်။ အခြေစိုက်ထားပြီးသား အဖွဲ့အစည်း တွေက ကျွမ်းကျင်သူတချို့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရပြီး တချို့ အကန့်အသတ်နဲ့ လေဘေးသင့်ဒေသတွေဆီ သွားခွင့်ရခဲ့ပါတယ်။
နောက်ထပ် နိုင်ငံတကာအကူအညီ လျော့နည်းရရှိစေတဲ့ အကြောင်းတချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပါ။ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံ အများစုဟာ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ်ထားပါတယ်။ လေဘေးသင့်ပြီးကာစ အချိန်က အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်လာတဲ့အခါ ကူညီချင်ပေမယ့် စီးပွားရေးပိတ်ဆို့မှု (ဆန်ရှင်) က ရှိထားတဲ့အတွက် အကူအညီမပေးနိုင် ဖြစ်ကြရပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်တွေ လျော့ချတာမျိုး သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ လုပ်လာတဲ့အခါမှသာ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဂစ်လေမုန်တိုင်းဘေးအတွက် မြန်မာနိုင်ငံက ရရှိတဲ့ အကူအညီ အထောက်အပံ့တွေ နည်းသွားရတာ ဖြစ်ပါတယ်။
စစ်အစိုးရကြောင့် လေဘေးသင့်ပြည်သူတွေ အကူအညီ အထောက်အပံ့ ရသင့်သလောက် မရတဲ့ အလွန်အရေးကြီး တဲ့ အချက်တချက်လည်း ရှိပါသေးတယ်။ ဒီအချက်ကိုတော့ နိုင်ငံတကာ မိသားစုက သိပ်မသိကြသေးပါဘူး။ တကယ့်အဖြစ်မှန်မှာ လေဘေးသင့်ပြီးနောက်ပိုင်း နိုင်ငံတကာ မိသားစုတွေက ကူညီကြတဲ့နည်းတူ မြန်မာနိုင်ငံသား တွေရဲ့ ကူညီမှုဟာလည်း မသေးငယ်လှပါဘူး။ မြန်မာနိုင်ငံတလွှားက များပြားလှတဲ့ ကူညီရေးသမားတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ရုပ်ဝတ္ထု ငွေကြေးတွေကို အလှူခံ၊ စုဆောင်းရလာသမျှကို လေဘေးသင့်ဒေသတွေဆီသွားပြီး ကူညီထောက်ပံ့မှု ပြုလုပ်ကြပါတယ်။
အဲဒီ ကူညီထောက်ပံ့မှုတွေဟာ မုန်တိုင်းတိုက်ပြီး (၂) ရက် (၃) ရက်အတွင်း စတင်ခဲ့ကြတာ တွေ့ရပါတယ်။ ပထမတော့ ရန်ကုန်ပတ်ဝန်းကျင်က ကိုယ်ပိုင်ကားတွေ၊ အငှားယာဉ်တွေနဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ လှိုင်သာယာ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး လမ်းကနေ နေ့စဉ် သွားရောက် ကူညီလှူဒါန်းကြပါတယ်။ နောက်ပိုင်း ဒီလမ်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက ကားတွေကို တွေ့လာရပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေဆို ကူညီကယ်ဆယ်ရေး သွားကြတဲ့ ကားတန်းကြီးဟာ များလွန်းလှလို့ မြန်မာပြည်မှာ အစည်ကားဆုံးလို့ ဆိုနိုင်တဲ့ ပွဲတော်တွေမှာတောင် ဒီလို ရှည်လျားတဲ့ ကားတန်းမျိုး မတွေ့နိုင်ဘူးလို့ သွားရောက်ခဲ့တဲ့ လူတွေရော၊ ဒေသခံ ပြည်သူတွေကပါ မှတ်ချက်ချကြပါတယ်။
ဒါပေမယ့် ဒီလို သွားရောက်လှူဒါန်းနိုင်မှုဟာ သိပ်ကြာကြာ မခံပါဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တတိယမြောက် အပတ် မေလ (၂၄) ရက် တနင်္ဂနွေနေ့မှာ လေဘေးကယ်ဆယ်ရေးသွားပြီး ရန်ကုန်ကို ပြန်လာတဲ့ ကားအစီး (၅ဝ) လောက်ကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ကူညီရေးသွားစဉ် သတင်းမပို့တာ၊ လေဘေးသင့် ပြည်သူတွေကို လမ်းဘေးမှာ ကားရပ်ပြီး ပစ္စည်းဝေတာ၊ ကားပေါ်ကနေ ပစ္စည်းတွေ ပစ်ချပေးတာ စတာတွေ ဖြစ်ပါတယ်။ လိုက်ပါလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်ပြန်ခိုင်းလိုက်ပြီး ကားနဲ့ ယာဉ်မောင်းသူတွေကို အင်းစိန် ဂျီတီအိုင်ဝင်းထဲ ဖမ်းခေါ်သွားခဲ့ပါတယ်။ ည (၁၂းဝဝ) နာရီကျော်သွားတဲ့အခါ ဒရိုင်ဘာတွေကိုပါ ပြန်လွှတ်ပေးလိုက်ပေမယ့် ကားတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားလိုက်ပြီး နောက်နေ့တွေကျမှ ဒဏ်ရိုက်၊ ခံဝန်ချက်ရေးထိုးပြီးမှ ပြန်လွှတ်ပေးပါတော့တယ်။
ဒါတင်မက နောက်နေ့ကစပြီး တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းတလျှောက် လုံထိန်းရဲသားတွေ အများအပြား ချထားလိုက်ပါတယ်။ ဓာတ်တိုင် (၂) တိုင်စာ အကွာလောက်မှာ ရဲသား (၂) ယောက် (၃) ယောက်၊ ရဲသား (၃-၄) စု တနေရာ ဒိုင်းတွေ အပြည့်တင်ထားတဲ့ ရဲကားတစီး စသဖြင့် ရာနဲ့ချီရှိတဲ့ ရဲသားတွေကို နေပူပူ မိုးရွာရွာ နေ့ည ချထားလိုက်တာ ဖြစ်ပါတယ်။
ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရသူတွေရဲ့ ပြန်လည်ပြောဆိုချက်တွေအရ ဒီသတင်း ပျံ့နှံ့သွားခဲ့တာကြောင့် ရန်ကုန်ကရော၊ နယ်တွေက ပြည်သူအများစုကပါ လေဘေးကူညီကယ်ဆယ်ရေးခရီး မသွားရဲကြတော့ပါဘူး။ တချို့ သွားရဲကြတဲ့တိုင် သွားဖို့ ကားငှားကြတဲ့အခါ ကားသမား အများစုဟာ လေဘေးကယ်ဆယ်ရေး ခရီးကို လိုက်ပါလိုခြင်း မရှိကြတော့ ပါဘူး။ ဒီအတွက် လေဘေးဒဏ်ခံ ပြည်သူတွေဟာ ဘဝတူ မြန်မာပြည်သားတွေရဲ့ ကူညီကယ်ဆယ်မှု အများအပြား ကို လက်လွှတ်ဆုံးရှုံးခဲ့ကြရပါတယ်။
ဘယ်လောက်ငွေကြေးအတိုင်းအတာပမာဏ ဆုံးရှုံးခဲ့ရသလဲဆိုတာကို ဘယ်လိုမှ တွက်ချက်လို့ မရနိုင်ပေမယ့် ကားတစီးစာ ငွေကြေးတန်ဖိုး သိန်း ဆယ်ဂဏန်း အထက်ရှိတဲ့ အခြေအနေအောက်မှာ ကျပ်ငွေ သိန်းပေါင်း သိန်းနဲ့ချီ နစ်နာခဲ့မှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် နာဂစ်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေဟာ စစ်အစိုးရကြောင့် နိုင်ငံတကာ မိသားစုတွေရဲ့ အကူအညီတွေ ရသင့်သလောက် မရခဲ့သလို ကိုယ့်ပြည်သူအချင်းချင်း ပေးတဲ့အကူအညီ အထောက်အပံ့တွေကိုလည်း ရသင့်သလောက် မရခဲ့ကြောင်း ကောက်ချက်ချနိုင်ပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment