Thursday, June 11, 2009

လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံတွင်းကျ ထိုင်းမှ မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့


NEJ / ၁၁ ဇွန် ၂၀၀၉

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံ ခရိုင် အတွင်း ဖြစ်ပွား နေသည့် တိုက်ပွဲ များတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်အချို့ ထိုင်း နိုင်ငံ ဘက်ကျ ရောက်ခဲ့ သဖြင့် ထိုင်း ဘက်မှ မြန်မာ ဘက်သို့ ကန့်ကွက်စာ ပေးပို့ ထားသည်။

ယမန်နေ့က တပ်မဟာ (၇) နယ်စပ်ဒေသနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင် ရန်း မြို့ နယ်အတွင်းသို့ လက်နက်ကြီးကျည် (၂) လုံး ကျရောက်ခဲ့သည့်အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်ခြင်းဖြစ်သည်။

ထိုင်းမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) ဥက္ကဋ္ဌနှင့် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ပဒုံယင့် ဖိုင်းဘွန်း စို့ က “ထိုင်းဘက်ကို လက်နက်ကြီးတွေ ကျတဲ့အတွက် မြန်မာနယ်ခြားကော်မတီကို ကန့်ကွက်စာ ပေးပို့ထားတယ်။ နောက်ကို ဒီလိုပဲ လက် နက်ကြီးတွေ ထပ်ကျလာမယ်ဆိုရင် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ မီးခိုးဗုံးတွေနဲ့ အချက်ပေး ပစ်ခတ်မှာဖြစ်တယ်။ အဲလို အချက်ပေး တဲ့ကြားက လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ထိုင်းဘက်က ပြန်ပြီး ပစ်ခတ်ရမှာဖြစ်တယ်” ဟု ယမန်နေ့က ဒေသခံ သတင်း ထောက် များကို ပြောကြားသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများအရ တိုက်ပွဲကာလအတွင်း ယခုလ (၈) ရက်တွင် လက်နက်ကြီးကျည် (၃) လုံးနှင့် (၉) ရက်တွင် လက်နက်ကြီးကျည် (၄) လုံး ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ယခုလဆန်း (၂) ရက်နေ့မှ စတင်သည့် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ (၇) ဒေသကို ထိုးစစ် ဆင်ခဲ့ သည်မှာ (၁၀) ရက် ရှိပြီဖြစ် သည်။ နေ့စဉ် တဖက်နှင့် တဖက် အပြန် အလှန် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ မရှိသော်လည်း ပူးပေါင်း အဖွဲ့များက အဝေးမှ လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ် သောကြောင့် လက်နက်ကြီး ကျည် အချို့ ထိုင်း ဘက်သို့ ကျရောက် ပေါက်ကွဲခြင်း ဖြစ် သည်။

၎င်းတိုက်ပွဲများ၏ဂယက်ကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်တို့မှ ဒေသခံ ရွာသား (၄,၀၀၀) ခန့်မှာ စစ်ပြေး ဒုက္ခ သည်များအဖြစ် ထိုင်းနိုင်ငံ ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေကြသည်။




No comments: