Thursday, June 11, 2009

လူထုလှုပ်ရှားမှုများကို ထိန်းရန် ကြေးစားများကို အသုံးပြု

NEJ / ၁၁ ဇွန် ၂၀၀၉

နအဖ စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့တို့ က နိုင်ငံရေး လှုပ်ရှားမှု များကို ထိန်းရန် အတွက် မြို့သစ် ဆင်းရဲ သား ရပ်ကွက်များ မှ ကြေးစား များကို အသုံး ချနေကြောင်း တောင်ဒဂုံမြို့ နယ်မှ ကိုယ်တိုင် ပါဝင်ခဲ့ သူ တဦးက ပြောသည်။


၎င်းက “ကိစ္စရှိတဲ့ ရက်တွေဆိုရင် သူတို့က (ကြံ့ဖွံ့အဖွဲ့မှ တာဝန်ပေးထားသူ) ကျနော်တို့အိမ် လမ်းထိပ်အထိ ဒိုင်နာကားနဲ့ လာကြိုတယ်။ ကျနော်တို့တာဝန်က ဒိုင်နာကားပေါ်မှာ ခပ်တည်တည် ထိုင်ပြီး သူတို့ မောင်းတဲ့နေရာ တွေကို လိုက်ပြီးစီးဖို့ပဲ။ အဲဒီအတွက် တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူတယောက်ယောက်ကို ဝိုင်းဖမ်း ပေးရ ရင်၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုးလုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်” ဟု ရှင်းပြသည်။

“ကျနော်တို့အတွက် စည်းကမ်းကတော့ ကားပေါ်ပါလာတဲ့သူ အချင်းချင်းလည်း စကားမပြောရဘူး။ တယောက်ကို တယောက် ဘယ်မှာ နေသလဲ၊ ဘာလုပ်သလဲ စသဖြင့် မစပ်စုရဘူး။ ဘာပြဿနာဖြစ်ဖြစ် သူတို့ တာဝန်ယူတယ်။ ရဲတွေလည်း မဖမ်းစေရဘူး။ အချိန်တန်ရင် လမ်းထိပ်အရောက် ပြန်ပို့ပေးမယ်။ ငွေ (၂,ဝဝဝ) ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသူ၏ ရှင်းပြချက်အရ ၎င်းတို့ကို ဒိုင်နာကားများနှင့် ရပ်ကွက်အလိုက် လှည့်ခေါ်ပြီး တရပ်ကွက်လျှင် နှစ်ယောက်ထက် ပိုမခေါ်ကြောင်း၊ လူများကို အမြဲတမ်း ပြောင်းလဲခေါ်ယူသည့်အတွက် ကားပေါ်ပါလာသူ အချင်းချင်း မသိကြဟုလည်း ၎င်းက ပြောသည်။

အချို့နေ့များတွင် ညဘက်လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အ ဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခဲ့ရကြောင်း တောင်ဒဂုံမြို့နယ်မှ အဆို ပါသူက ပြောသည်။

ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကားဒရိုင်ဘာတဦးက ၎င်းတို့ကားဒရိုင်ဘာများအနေဖြင့် ယာဉ်လိုင်း ကြီးကြပ် သူ များက အလှည့်ကျ စီစဉ်ပေးမှုအရနှင့် ကားရှေ့ခန်းထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ဘာတ ခုမှ မေးမြန်းစုံစမ်းခြင်းမလုပ်ရကြောင်း ပြောသည်။

၎င်းက “ပထမဦးဆုံး သက်ဆိုင်ရာ ရဲစခန်းတခုမှာ သတင်းပို့ရတယ်။ နောက် ကားနံပါတ်ကို ဖုံးတာ၊ ဖြုတ်တာတွေ လုပ်ရတယ်။ နောက် တရပ်ကွက်ပြီး တရပ်ကွက် လူတွေ လိုက်တင်ရတယ်။ လူတွေတင်ပြီး ကြီးကြပ်သူက မောင်းခိုင်းတဲ့ နေရာတွေ မောင်း၊ ရပ်ဆို ရပ်ရတယ်၊ ဘာတခွန်းမှ မပြောရဘူး” ဟု ပြောသည်။

ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့် ကျ ခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်းခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ယခုကဲ့သို့နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ စက်တင်ဘာ သံဃာ့အရေးအခင်း မတိုင်ခင်ကာလမှ ယ နေ့တိုင်ဖြစ်သည်။

ဒိုင်နာကားပေါ် ထိုင်နေကြသည့် သူများကို စွမ်းအားရှင်အဖွဲ့ဟု အများက ခေါ်နေကြသော်လည်း ထိုသူများသည် နယ်မြေခံ ကြံ့ဖွံ့များက ရွေးချယ်တာဝန်ပေးသည့် မြို့သစ်ရပ်ကွက်များမှ ဆင်းရဲသည့် ကြေးစားများ ဖြစ်ပြီး၊ ရပ်ကွက် တွင်း၌ ချဲလုပ်ငန်းအပါအဝင် တရားမဝင် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။

No comments: