ပါးရယ်
မြန်မာ စစ်အစိုးရ သည် ပြည်တွင်း ရှိ ငြိမ်းချမ်းရေး ယူထား သော အဖွဲ့အစည်း များအား နယ်ခြား စောင့်တပ် အဖြစ် အသွင်ကူး ပြောင်း ရေး အတွက် ကမ်းလှမ်း ထားပါသည်။
ယင်းကမ်းလှမ်းချက်ကို လက်ခံမည့် အဖွဲ့များ ရှိသကဲ့သို့ လက်မခံဘဲ ငြင်းဆန်သည့် အဖွဲ့များလည်း ရှိနေသည်။
နယ်ခြားစောင့်တပ်ဖွဲ့များတွင် တပ်ရင်းအလိုက် လူအင်အား ၃၂၆ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး တပ်ရင်းတိုင်းတွင် အစိုးရတပ်မှ အရာရှိ လေးဦးနှင့် အခြားအဆင့် ၂၆ ဦး ပါဝင်မည် ဖြစ်သည်။ နယ်ခြားစောင့်တပ်များကိုလည်း မြန်မာစစ်တပ်က တိုက်ရိုက်ကွပ်ကဲသွားမည် ဖြစ်ပြီး လစာနှင့် ရိက္ခ္ခာများကို အစိုးရမှ တာဝန်ယူသွားမည် ဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူထားသော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် စစ်အစိုးရ ကမကထ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးအတွက် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကိုလည်း လက်ခံလိုက်ပြီဟု အပစ်ရပ် (ကလလတ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲတော့ ၀င်မှာပဲ၊ မ၀င်လို့ မရဘူးလို့ ဖြစ်နေတယ်၊ ဘာကြောင့် ၀င်ရတာလဲဆိုတော့ ဒီအပေါ်မှာ ဒါကတော့ ပါတီကတော့ ဖွဲ့စည်းပြီး ၀င်ကြရမှာပဲလေ၊ သူတို့က သူတို့လည်း ပါတီတစ်ရပ် ရပ်တည်ပြီးတော့ ၀င်ရမှာပဲလေ၊” ဟု ပြောသည်။
ဒု-ဥက္က္ကဌ ဦးထွန်းကျော် ကြီးမှူးသည့် ထိပ်ပိုင်းအဖွဲ့ဝင်များက ယခုလအတွင်း၌ နယ်ခြားလုံခြုံရေးတပ်ဖွဲ့အဖြစ် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။ သို့သော် အင်အား ၁၆၀၀ ခန့် ရှိသော ကလလတ အဖွဲ့က မည်မျှ ပါဝင်သည်ကို အသိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ကလလတ အဖွဲ့သည် အချို့သော အောက်ခြေများက ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ဆိုပြီး နယ်ခြားစောင့်တပ်အဖြစ် လက်ခံထားသော အနေအထားတော့ ရှိသော်လည်း အကြွင်းမဲ့ လက်ခံလိုခြင်း မရှိဟု လွိုင်ကော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ ဥက္က္ကဌ ခွန်းမာကိုဘာက ပြောသည်။
“အစက ဒီနယ်ခြားစောင့်တပ် ဆိုတဲ့နေရာ သူတို့ မြင်တာက ကိုယ့်ဟာကို ရပ်တည်ရမယ်လို့ သူတို့ အဲလိုမျိုး မြင်တာ ဖြစ်တယ်၊ ဒါမယ့် နောက်ပိုင်းမှာက ဒီစစ်တပ်တွေ အရာရှိ တပ်မှူးတွေ တပ်ခွဲတွေ တပ်စေးတွေ ဆရာတွေကစ ရဲဘော်တွေကစ အတူတူ ရှိနေရမယ် ဆိုပြီးတော့ အဲလို ဖွဲ့စည်းပုံနဲ့ လာတဲ့ အချိန်ကျတော့ ဒီကလလတ ပီပီပြေလည် လက်ခံလိုခြင်း မရှိဘူးဆိုတာ ဦးလေး အဲလိုပဲ သိရတယ်၊” ဟု ပြောသည်။
အကယ်၍ ကလလတ အဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် အကုန်လုံး စစ်အစိုးရနှင့် ပူးပေါင်းဖွဲ့စည်းပြီး လက်တွဲသွားမည်ဆိုပါက မိမိ၏ တော်လှန်ရေး လုပ်ဆောင်လာသည့် ကာလတစ်လျှောက်လုံးတွင် နိုင်ငံရေး ခံယူချက်ရော ပြည်သူလူထုကိုပါ စစ်အစိုးရထံ ပုံအပ်လိုက်သည့် သဘောမျိုး ဖြစ်သွားမည်ဟု ခွန်းမာကိုဘာက ပြောသည်။
အဓိက လက်ခံထားရသည့် အကြောင်းရင်းက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားရေးနဲ့ မိသားစုများ စားဝတ်နေရေး အဆင်ပြေရေးအတွက်သာ မက်မောခြင်း ဖြစ်သည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။
“ဒီ နယ်ခြားစောင့်ဖွဲ့အနေနဲ့ သူတို့ ပြောင်းလဲသွားမှာတော့ ဟုတ်တယ်၊ ဘာကြောင့်လဲဆိုရင် ကလလတရဲ့ ဗဟိုကော်မီတီ အရာရှိ အထက်ပိုင်းက သူတို့ရဲ့ စီးပွားရေးတွေနဲ့ ကိုယ်ကျိုးရှာတဲ့ အခြေအနေတွေ အပေါ်မှာ သူတို့ နအဖရဲ့ သဘောတူညီချက်ကို လက်ခံရတာ ဖြစ်တယ်၊” ဟု ကလလတ အဖွဲ့ဝင်က ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် လက်ခံထားသည့်အတွက် အချို့ကလလတ ပြည်သူလူထုများက မကျေနပ်သော ဖြစ်ပေါ်မှုများလည်း ရှိနေကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၌ ကြာရှည်စွာ သောင်တင်နေသော နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနှင့် အဖြေရှာဖွေရေး၊ ဒီမိုကရေစီစနစ် ကူးပြောင်းလာရေးကို လိုလားသည့် ပြည်သူများ ဖြစ်ကြောင်း ဆိုသည်။
ကရင်နီပြည်နယ်ရှိ အပစ်ရပ်အဖွဲ့များ (၅)ဖွဲ့ ရှိသည့်အနက် နဂါးအဖွဲ့ (ခေါ်) ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအဲန်ဒီပီ)က ပြီးခဲ့သည့်နှစ်တွင် ၎င်းတို့ ပိုင်ဆိုင်သော လက်နက်ခဲယမ်းများအား စစ်အစိုးရထံသို့ အပြီးအပိုင် စွန့်လွတ်၍ လက်နက်ချခဲ့သည်။
အခြားသော ကရင်နီအပစ်ရပ်အဖွဲ့များလည်း အစကတည်းက မျှော်လင့်ချက် ကြီးမားစွာဖြင့် လက်နက်ကိုင် တော်လှန်ရေး ကရင်နီပြည်တပ်မတော်မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားသော်လည်း နောက်ဆုံးတွင် စစ်အစိုးရ၏ အုပ်ချုပ်မှု အောက်သို့ ရောက်ရှိမည့် အခြေအနေကို ကြုံတွေ့နေကြရသည်။
အင်အား ၆၀ ၀န်းကျင်ခန့် ရှိသော (ကေအဲန်ဒီပီ)သည် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လွိုင်ကော်ဒကစမှူး မျိုးဝင်း၏ ညွန်ကြားချက်အရ လက်နက်ခဲယမ်းများ သိမ်းဆည်းခံရခြင်း ဖြစ်သည်။
သို့သော် ပါတီလိုင်းက မပျက်သေးသည့်အတွက် ၎င်းတို့အဖွဲ့ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား ပါတီကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ် ရှိကြောင်း (ကလလတ) အဖွဲ့ဝင်က ဆက်ပြောသည်။
“နဂါးအဖွဲ့အနေနဲ့ ကေအဲန်ပီဒီပေါ့နော့၊ ဒီပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲ ဝင်ရမှာပဲ ပါတီကိုယ်စားဖြစ်ပြီးတော့၊ လက်နက် ဖြုတ်သိမ်းလိုက်မယ်ဆိုကတည်းက သူတို့ ပျောက်သွားပျောက်လိမ့်မယ်၊ ပျောက်သွားနိုင်တယ်၊ ဒါပေမယ့်လို့ ဒီ လက်နက် ဖြုတ်သိမ်းတယ်ဆိုတာကတော့ သူတို့ကို သင်ခန်းစာ ပြတဲ့ သဘောဖြစ်တယ်၊ တခြားနည်းစနည်း အဖွဲ့အစည်းတွေကိုလည်း ဒီလိုလက်နက် ပေးအပ်ဖို့ ထုတ်ပြသရုပ်ဆောင်တဲ့ သဘောဖြစ်တယ်လေ စစ်အစိုးရက၊”
ကရင်နီအပစ်ရပ်အဖွဲ့များ ဖြစ်သော ကရင်နီသွေးစည်းညီညွတ်ရေးအဖွဲ့ (ကေအဲန်အက်စ်အို)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ ဟိုရာဒေသ) တို့သည်လည်း နယ်မြေဒေသအတွက် စစ်အစိုးရက သတ်မှတ်ပေးလိုက်ပြီ ဖြစ်သောကြောင့် သူတို့အဖွဲ့များ အနေဖြင့် တခြားရွေးချယ်စရာလမ်း မရှိတော့ကြောင်း ကလလတ အဖွဲ့ဝင်က ဆက်ပြောသည်။
“ဒီ သွေးစည်းညီညွတ်ရေးအဖွဲ့က သူတို့လည်း ရွေးကောက်ပွဲ ၀င်ရမှာပဲ၊ သူတို့လည်း သူတို့က ပေးထားတဲ့ နယ်မြေတွေ ရှိတယ်လေ၊ အဲဒါကြောင့်မို့လို့ (ကေအဲန်ပီပီ) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အမှတ် ၂ ခရိုင် (ကေအဲန်အက်စ်အို) လည်း ၀င်ရမှာပဲ၊ သူတို့ နယ်မြေတွေ သတ်မှတ်ထားပြီးသားပါ၊” ဟု ပြောသည်။
ကရင်နီ ဒေသအတွင်းရှိ အခြားအပစ်ရပ်အဖွဲ့တစ်ဖွဲ့ ဖြစ်သော ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) ကတော့ ၂၀၁၀ ရွေးကောက်ပွဲအား ၎င်းတို့အဖွဲ့ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးလည်း လက်မခံနိုင်ကြောင်း အမည်မဖော်လိုသူ (ကေအဲန်အယ်လ်ပီ) အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“မြန်မာစစ်အစိုးရဟာ နယ်ခြားစောင့်တပ်အဖြစ် သူတို့ သတ်မှတ်ထားတဲ့ အဆင့်က ပြည်သူ့ဆက်ဆံရေးနဲ့ ပြည်သူ့ရဲ့ လက်အောက်ခံတွေနဲ့ပဲ နေရမယ်ဆိုတော့ ကျနော်တို့က ဘာမှ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် မရှိတော့ဘူးလေ ဒါ၊ အဲလိုမျိုး အခြေအနေ ရှိတာပေါ့နော်၊ ဒါကြောင့်မို့လို့ လက်မခံနိုင်ဘူးလို့ ကျနော်တို့ ပါတီတွေက အဲလိုမျိုး သဘောထား ထုတ်ထားတာပေါ့၊” ဟု ပြောသည်။
သို့သော် အရပ်သားပါတီ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ဖို့ အလားအလာတော့ ရှိသည်ဟု ဆိုသည်။
(ကေအဲန်အယ်လ်ပီ) အဖွဲ့သည် ပြည်တွင်း၌ မိမိ၏ ပြည်သူများ ငြိမ်းချမ်းစွာ နေရေးထိုင်ရေး အဆင်ပြေရန်နှင့် စားဝတ်နေရေးအတွက် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ဆက်လက်၍ ငြိမ်းချမ်းရေး ထိန်းသိန်းသွားမည် ဖြစ်ကြောင်း ဆိုသည်။ ငြိမ်းချမ်းရေး ပြုလုပ်ခြင်းသည် အမှန်တကယ် ပြည့်ဝသော ငြိမ်းချမ်းမှု၊ လွတ်လပ်မှု မရရှိသည့်တိုင်အောင် မယူခြင်းထက်စာလျှင် လူထုအတွက် ပိုမို၍ အကျိုးရှိပြီး သက်သောက်သက်သာ ဖြစ်စေကြောင်း (ကေအဲန်အယ်ပီ) အဖွဲ့ဝင်က ပြောပါသည်။
ကယန်းပြည်သစ်ပါတီသည် မှန်ကန်သော သူတို့၏ နိုင်ငံရေး ခံယူချက် လမ်းကြောင်းအပေါ် ရပ်တည်နေသည်ဟု ခွန်းမာကိုဘာက သုံးသပ်သည်။
“ဒါဟာ ဘာပဲဖြစ်ဖြစ် သူတို့ဟာ မှန်ကန်တဲ့ နိုင်ငံရေး ရပ်တည်ချက် ဖြစ်တယ်၊ သူတို့ရဲ့ ပြည်သူအပေါ်မှာ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်း၊ တိုင်းရင်းသားတန်းတူရေးလမ်းကြောင်း မူဝါဒ အပေါ်မှာ ရပ်တည်တာ ဖြစ်တယ်၊ ဆိုတော့ ဘာပဲဖြစ်ဖြစ် အဲလိုရပ်တည်ချက်က မှန်ကန်တယ်၊ လူထုထောက်ခံတယ်၊ တပြည်လုံး ထောက်ခံတယ်၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာက နအဖရဲ့ တုန့်ပြန်မှု အပေါ်မှာ မူတည်ပြီးတော့ သူတို့ကတော့ ခံယူချက်အတိုင်းပဲ ရပ်တည်မယ်လို့တော့ ဦးလေးက ဒီလိုပဲ သုံးသပ်မိပါတယ်၊”
ပြည်တွင်းရှိ အပစ်ရပ်အဖွဲ့များသည် အကယ်၍ စစ်အစိုးရနှင့် နယ်ခြားစောင့်တပ်အဖြစ် ပူးပေါင်းဖွဲ့စည်းပြီး လက်တွဲသွားမည်ဆိုပါက လက်နက်ချခြင်းထက် ပိုမိုဆိုးဝါးနေကြောင်း ခွန်းမာကိုဘာက သုံးသပ်ပြောဆိုပါသည်။
“နယ်ခြားလုံခြုံရေးတပ်ထဲမှာ သူတို့နဲ့ ပူပေါင်းပြီးတော့ ဖွဲ့စည်းပြီးတော့ လုပ်သွားမယ် ဆိုတဲ့ ကိစ္စ္စဟာ လက်နက်ကို အကြွင်းမဲ့ ချလိုက်တာ ဆိုတာက တော်ပါသေးတယ်၊ ဒါက ရုပ်ဝတ္ထုပစ္စည်းကို ချခြင်းသာ ဖြစ်တယ်၊ အဲလို သူတို့က နအဖတပ်နဲ့ ပူပေါင်းပြီးတော့ လုပ်တယ်၊ ဆိုတာက ဒါလူပါ ကိုယ်ရဲ့ ခံယူချက်ပဲ ထိုးအပ်သွားတာ မကပဲနဲ့ မိမိလူမျိုးတစ်ခုလုံးကို နအဖဆီမှာ ပုံအပ်တဲ့ သဘောမျိုး ဖြစ်သွားမယ်၊ ဒါကြောင့် လက်နက်ချတာထက် ပိုဆိုးတယ်၊”
ကရင်နီအပစ်ရပ်အဖွဲ့များအားလုံးသည် နယ်ခြားစောင့်တပ်အဖြစ် အကယ်၍ လက်ခံလိုက်မည်ဆိုပါက တော်လှန်တိုက်ခိုက်နေသည့် ကရင်နီမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်နီပြည်တပ်မတော်အတွက် ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ဥက္ကဌ ခူထဲဘူးဖဲက ပြောသည်။
“အကျိုး ဘာမှ မရှိဘူး၊ သူတို့က အပစ်ခတ်ရပ်စဲရေး ယူတော့ သစ်တွေ ခုတ်တယ်၊ သစ်တွေ ထုတ်လုပ်တယ်၊ အခု ကရင်နီပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေ ပြောင်းလဲလာပြီ၊ ပြည်သူလူထု မြေယာတွေကိုလည်း သိမ်းယူတယ်၊ အဲလိုမျိုးလုပ်တော့ ပြည်သူလူထုတွေအတွက်ပဲ ထိခိုက်နစ်နာတယ်၊” ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး ယူထားသည့် ကာလတစ်လျှောက်လုံး အတောအတွင်း သူက သုံးသပ်ပြောဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများအတွင်း တစ်ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေး လက်ခံလိုက်ပြီး အခြားသော အဖွဲ့ကလည်း လက်မခံပါက သူတို့၏ အဖွဲ့များ အချင်းချင်း အကြားတွင် ဆန့်ကျင်သော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေမည်ဟု ခွန်းမာကိုဘာက သုံးသပ်ပါသည်။
No comments:
Post a Comment