Tuesday, June 2, 2009

ပန်းပန်လျက်ပါ


ကျမ်းပြု အကျော် အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသ က သူရဲ့ ကိုယ်ကျင့် အဘိဓမ္မာ ကျမ်းစာ အုပ် ထဲမှာ “ဣဿာလျှံမူ လွန်ငြူစူ၏၊ ပြောထူမစ္ဆေ ဝန်တိုလေသတဲ့” ဆိုပြီး ဣဿာနဲ့ မစ္ဆရိယ သဘောသွားတွေကို လင်္ကာလေးနဲ့ ဖွဲ့ဆိုခဲ့ ပါတယ်။

သူတပါးရဲ့ စည်းစိမ်ဥစ္စာ၊ ပညာ၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း စတဲ့ ဂုဏ်သတင်း ကျော်ကြားမှုတွေအပေါ်မှာ မနာလို မရှုစိမ့်ဖြစ်ခြင်း သဘောတရားဟာ ပါဠိလို ဣဿာ ဖြစ်ပြီးတော့ မိမိ ဒါမှမဟုတ် သူတပါးတဦးဦးနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်၊ နေရာထိုင်ခင်း၊ ပစ္စည်းလဒ်လာဘ၊ တပါးသူရဲ့ ဂုဏ်သတင်း ကျော်ကြားခြင်း၊ မိမိတတ်သိထားတဲ့ အတတ်ပညာ စတာတွေမှာ သူတပါးတွေကို မသိစေလို၊ မရစေလိုတဲ့ သဘောဟာ မစ္ဆရိယ ဖြစ်ပါတယ်။ ဒီတရားနှစ်ပါးဟာ ပင်ကိုယ်က ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးကို ညစ်နွမ်းစေတတ်တဲ့ အကုသိုလ်တရားတွေ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ၄၅ ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်တွေကို အနှစ်ချုပ်လိုက်ပါက မကောင်းမှု အကုသိုလ် မဖြစ်ပွားအောင်၊ ကောင်းမှုကုသိုလ်တွေ တိုးပွားအောင်၊ မိမိရဲ့ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ကြဖို့ ဆိုတာတွေကို လမ်းညွှန်ဆုံးမထားတော်မူခဲ့တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ၎င်း တရားတော်တွေသည်ပင် ဗုဒ္ဓဝါဒဖြစ်ပါတယ်။

ယနေ့ ကမ္ဘာ့လူထုအများစုကြီးက ဗုဒ္ဓဘာသာ နိုင်ငံတခုရယ်လို့ သိထားကြတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကို မိမိ ဗုဒ္ဓဘာသာဝင်တွေပါရဲ့လို့ ခေါ်တွင်ပြီး စေတီပုထိုးတည်ခြင်း စတာတွေကို လုပ်ပြနေကြတဲ့ စစ်အာဏာရှင်ကြီးတွေက ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သူတော်စင် အမျိုးသမီးကြီး တယောက်ကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘဲ အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ ချုပ်နှောင်ထားခဲ့တာ အခုဆိုရင် ကမ္ဘာမှာ ပြိုင်စံရှားတဲ့ စွပ်စွဲချက်တွေနဲ့ စွဲချက်တင်ပြီး နောက်တကြိမ် အကျဉ်းချထားဖို့ စီစဉ်နေပြန်ပါပြီ။

အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ ထားခဲ့စဉ်အတွင်းမှာလည်း နိုင်ငံပိုင် တီဗီ၊ ရေဒီယို၊ သတင်းစာတွေကနေတဆင့် တဖက်သတ် ဝေဖန်ပုတ်ခတ်မှုတွေ၊ နာမည်ပျက်အောင် လုပ်ဆောင်မှုတွေ စတဲ့ လူ့ကျင့်ဝတ်တွေကို ဆန့်ကျင်တဲ့ ပြုမူပြောဆို ရေးသားမှုမျိုးတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်တွေကို မှေးမှိန်အောင်လုပ်နေခြင်းသာ ဖြစ်ပါတယ်။

အခုလည်း ဣဿာ မစ္ဆေရ ပိုင်ရှင်ကြီးတယောက် ပေါ်ထွက်လို့ လာပြန်ပါပြီ။ သူကတော့ ဟောင်ကောင် အခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် ဖြစ်ပါတယ်။ ဦးရဲမြင့်အောင်က မြန်မာ ကောင်စစ်ဝန်ရုံးရဲ့ အင်တာနက် စာမျက်နှာကနေတဆင့် မစ္စတာ ယက်တောဟာ လျှို့ဝှက် ကိုယ်စားလှယ် ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစား ဖြစ်နိုင်တယ်လို့ ဖော်ပြလိုက်တာပါ။ ဒီ စကားအသုံးအနှုန်းဟာ သံတမန်တယောက်အနေနဲ့ ပြောသင့်၊ မသင့် ဆိုတာကို မဝေဖန်လိုပေမယ့် ဦးရဲမြင့်အောင်ရဲ့ အတွင်းစိတ်သဏ္ဍာန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကောင်းသတင်း ကျော်ကြားမှုတွေအပေါ်မှာ မနာလို ဝန်တိုမှုလို့ ဆိုတဲ့ ဣဿာ မစ္ဆေရ စိတ်တွေ ပြင်းထန်နေတာကတော့ ထင်ရှားပေါ်လွင်လို့ နေပါတယ်။ တကယ်တော့ လူပုဂ္ဂိုလ် တဦးတစ်ယောက်ရဲ့ ကောင်းသတင်းကျော်ကြားမှု ဆိုတာဟာ တကယ် ပင်ကိုယ်စွမ်းရည် မရှိဘဲ လုပ်ယူလို့ရတာမျိုး မဟုတ်ပါဘူး။ တမင်ဖန်တီးပြီး ရလာတဲ့ ဂုဏ်သတင်းဟာလည်း တာရှည်မခံပါဘူး။ သူ့အလိုလို မှေးမှန်လို့ သွားတတ်ပါတယ်။

ဥပမာအားဖြင့် မြန်မာနိုင်ငံက လက်ရှိ စစ်အာဏာရှင်ကြီးများကိုသာ ကြည့်ပါ။ နှစ်ပေါင်းများစွာ နိုင်ငံတော်ပိုင် တီဗီ၊ ရေဒီယို၊ သတင်းစာတွေကနေတဆင့် နေ့မနား ညမအား ဆိုတဲ့ ကြွေးကြော်သံကြီးတွေနဲ့ အမြဲ ကြွေးကြော်ပြီး နာမည်ကောင်းရအောင် လုပ်နေကြပေမယ့် လုပ်ဆောင်ချက်ရဲ့ စိတ်ရင်းစေတနာတွေက မမှန်လေတော့ မြန်မာနဲ့ ကမ္ဘာမှာ နာမည်ဆိုးတွေနဲ့သာ ပိုလို့ ပိုလို့ ကျော်ကြားလို့သာ နေပါတော့တယ်။

တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကပါ လေးစားရတဲ့ ပုဂ္ဂိုလ်မျိုးကို ဘယ်လိုပင် လူသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး အကျဉ်းထောင်ထဲမှာ ချုပ်ထားပါစေ သူ့ရဲ့ ပင်ကိုယ်အစွမ်းအစနဲ့ ထက်မြက်တဲ့ အရည်အသွေးတွေကြောင့် အကျဉ်းထောင်ရဲ့ နံရံတွေကြားကပဲ သူမရဲ့ ကောင်းသတင်း ကျော်ဇောခြင်းတွေက ပိုပြီး တောက်ပလို့သာ နေပါတော့တယ်။

ဒါ့ကြောင့် အောက်ဖော်ပြပါ မန်လည်ဆရာတော် ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သူ့ဘက်က မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နေကြတဲ့ ပြည်သူတွေကို ဂုဏ်ပြုလိုက်ပါတယ်။

မိုက်တွေဝေ လူဗာလတို့ လောကမှာ ထင်ထင်

ကိုယ့်ဂုဏ်ကို ကိုယ်ပလွှားသော်လည်း ထင်ရှားပဇာတင့်ပါ့မယ်

မူကျင့်လော်လည်သွမ်းငယ်ကြောင့် နွမ်းယုတ်သည်ပင်

ကြံဖန်ရည် ထူထပ်တဲ့ လူတတ်ကယ်ပညာရှင် တွင်းမှာပင်ခိုတော့

တတ်စွမ်းလျော်စွာပ ကြော်ငြာ ဂုဏ်သတင်း ချင်းလိမ့်ပြန်သော့။



No comments: