နီမိုးမြင့်
နေပြည်တော် (မဇ္ဈိမ)။ ။ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများတွင် လျှပ်စစ်မီးသုံးစွဲခ၊ အိမ်လခ အပါအဝင် အခွန်အခ ၅ မျိုးကို ကောက် ခံသွားရန် စီစဉ်လျက် ရှိနေသည်ဟု နေပြည်တော်ရှိ ဝန်ထမ်းများက ပြောသည်။
ပြီးခဲ့သည့်လ အတွင်းမှစ၍ လျှပ်စစ်မီးသုံးစွဲခများကို စတင်ကောက်ခံပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ လျှပ်စစ်မီး သုံးစွဲခကို အိမ်ထောင်စုတစုလျှင် ကျပ်နှစ်ထောင်နှုန်း၊ ကျန်လများမှစပြီး တယူနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဟု ဆိုသည်။
အိမ်လခအနေဖြင့်လည်း မိသားစုလိုက် နေထိုင်သည်ဖြစ်စေ၊ အဆောင်များတွင် စုပေါင်းနေထိုင်သည်ဖြစ်စေ လစ၏ ၁၀ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု သစ်တောရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ လျှပ်စစ်မီးသုံးစွဲခ၊ အိမ်လခများအပြင် သန့်ရှင်းရေးခွန်၊ ရေခွန်နှင့် ကေဘယ်လ်တီဗီ ကြည့်ရှုခွင့် အခွန်တို့ကိုလည်း တောင်းခံသွားရန် ညွှန်ကြားစာများ ဝန်ကြီးဌာနများသို့ ပေးပို့လာသည်ဟု သိရသည်။
“မီတာခက ၂၄ နာရီ မီးလာတာဆိုတော့ သောင်းဂဏန်းအထိ ဖြစ်သွားနိုင်တယ်။ အိမ်လခကလည်း ပေးရဦးမယ်။ ကေဘယ်လ်တီဗီကလည်း ခြောက်ထောင်ပေးရမယ်လို့ ပြောတယ်။ ကျမတို့က လခ ၂ သောင်းကျော်ဆိုတော့ လစာ ဘယ်လောက်ပဲ ကျန်မယ် မသိဘူး” ဟု စီးပွားကူးသန်း ဝန်ကြီးဌာနမှ ဝန်ထမ်းငယ်တဦးက ပြောသည်။
အောက်ခြေ အစိုးရဝန်ထမ်း တဦး၏ လစာမှာ တသောင်းခွဲမှ သုံးသောင်း ဝန်းကျင်သာ ရရှိသည်။
အစိုးရအနေဖြင့် ဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့ရာတွင် ဝန်ထမ်းများ လိုက်ပါတာဝန် ထမ်းဆောင်လိုစိတ် ရှိစေရန်အတွက် ရာထူးများ တဆင့်စီ တိုးမြှင့်ပေးခြင်း၊ ခေတ်မီဝန်ထမ်းအိမ်ယာများတွင် နေထိုင်စေခြင်း၊ လျှပ်စစ်မီး ၂၄ နာရီပေးခြင်း၊ MRTV 4 မှ အခပေးရုပ်သံလိုင်းများကို ကေဘယ်လစနစ်ဖြင့် အခမဲ့ ကြည့်ရှုစေခြင်းများဖြင့် စွဲဆောင်ခဲ့သော်လည်း ယခု အထိုင်ကျလာချိန်တွင် ဝန်ထမ်းများအပေါ် လျှော့ပေါ့ထားမှုများ ပြန်လည်ရုတ်သိမ်းလာခဲ့သည်။
ထို့အပြင် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများတွင် သစ်ပင်များ မစိုက်မနေရ စိုက်ပျိုးခိုင်းပြီး သစ်ပင်အလိုက် အမှတ်သတ်မှတ်ချက်များ ပြုလုပ်ထားကာ အမှတ် ၂၅ မှတ် ပြည့်အောင်မစိုက်နိုင်သော ဝန်ထမ်းများကို ထုခြေလွှာတင်ခိုင်းသည်ဟု သိရသည်။
“တပတ်တခါ လာစစ်တယ်။ ဗူးပင်ဆိုရင် စိုက်ခါစဆို ငါးပင်ကို တမှတ်ပေးတယ်။ ဗူးသီး သီးနေပြီဆိုရင်တော့ ငါးမှတ်ပေးတယ်။ အဲဒါကြောင့် ကျမတို့ ဗူးပင်မှာ ဗူးသီး သီးနေတာတောင် ခူးမစားရဲဘူး။ လာစစ်ရင် အမှတ်မရမှာစိုးလို့။ သရက်ပင်ဆိုရင် ငါးပင်ကို တမှတ်။ အဲဒိလိုတွက်ပြီး ပေးတာ။ ဝန်ကြီးလာစစ်တော့ ၂၅ မှတ်မပြည့်ရင် ထုခြေလွှာတင်ရုံတင်မကဘူး၊ စက်ရုံတွေ ပြောင်းပစ်မယ်ဆိုပြီး ပြောသွားသေးတယ်” ဟု နေပြည်တော် ဘူးကွဲအိမ်ယာတွင် နေထိုင်သော စက်မှု ၁ ဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။
အစိုးရ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများကို ဂျူတီခွဲပြီး အလှည့်ကျ ရုံးတက်ခိုင်းလေ့ရှိပြီး ရုံးများတွင်
သစ်ပင်စိုက်ခြင်း၊ သန့်ရှင်းလည်းပြုလုပ်ခြင်းများ ပြုလုပ်ရန် လိုအပ်လာပါက ဝန်ထမ်းမိသားစုများပါ ရုံးသို့ လိုက်ပါလုပ်ဆောင်ရသည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အစိုးရအဖွဲ့ရုံးအပါအဝင် ဝန်ကြီးဌာနများကို ယခင်မြို့တော်ဟောင်း ရန်ကုန်မှ ပျဉ်းမနားမြို့အနီးသို့ ပြောင်းရွှေ့ပြီး နေပြည်တော် မြို့တော်သစ်အဖြစ် တည်ထောင်ခဲ့သည်။
No comments:
Post a Comment