Monday, August 17, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)


(၇၃)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့ တောင်ကြီးသို့ ပြန်၍ရောက်သည်။ ၁၃ ရက်နေ့ တနေ့လုံးက တောင်ကြီးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့ နေ၏။ ရှမ်းပြည်နယ် တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင် များ နှင့် တွေ့၏။ အဖွဲ့ချုပ်၏ ဒီမိုကရေစီ ပြည်ထောင်စုသစ် သဘောထားအား ရှင်းပြ၏။ တောင်ကြီးမြို့ ရပ်မိ၊ ရပ်ဖများ၏ မေးမြန်းမှုများက ဖြေကြား၏။ ရင်းရင်းနှီးနှီးနှင့်ပင် ပြောဆိုဆက်ဆံကြ၏။ တောင်ကြီးမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံး ၄ ရုံးသို့ သွားရောက်၍ အဖွဲ့ဝင်များနှင့် တွေ့သည်။ ဦးအောင်ကြီးအား ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခဲ့ရသည့် အကြောင်းအား အဖွဲ့ဝင်အချို့က မေး၍ ဒေါ်အောင်ဆန်း စုကြည်မှပင် ပြန်ရှင်းပြခဲ့၏။

ညနေပိုင်းတွင်မူ …. တောင်ကြီးမြို့ ရေအေးကွင်းရပ်ရှိ မိဘမဲ့ ဂေဟာသို့ သွားရောက်ပြီး အလှူဒါနပြု၏။ မိဘမဲ့ဂေဟာမှ ခလေးများက ဒေါ်အောင်ဆန်းစုကြည်အား သီချင်းများ သံပြိုင်သီဆို၍ ကြိုဆိုကြ၏။ ကဗျာများ ရွက်ဆို၍ နုတ်ခွန်းဆက်ကြ၏။


``ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိ နတ်မောက်
မကွေးခရိုင်…….´´

ခလေးများ၏ ကဗျာရွက်သံအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်သည် ကြည်နူး၍နေ၏။ တောင်ကြီးမြို့သစ္စာလမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ပြန်ရောက်တော့ …. ညနေ ၅ နာရီခန့်ပင် ရှိပြီ။

သစ္စာလမ်းရှိ အဖွဲ့ချုပ်ရုံးတွင် …. တောင်ကြီးမြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ လူငယ်များ၊ တောင်ကြီးမြို့ရှိ အဖွဲ့ချုပ်လူငယ် လုပ်ငန်းအဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့၏။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လူငယ်များနှင့်တွေ့ပြီး စကားပြောရန် ဆန္ဒရှိနေ၏။ ရှင်းလင်းဆွေးနွေးသင့်သည်တို့အား ဆွေးနွေးရန်လိုမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် တွေးထင်ထား၏။ လူငယ်များအကြား လက်ဝဲစွန်းမကျွံမိစေရန် ထိန်းသင့်သည်အား ထိန်းရမည်။ အရေးက ….. စာတမ်းနှစ်စောင်၏ အရေးဖြစ်သည်။ ပထမစာတမ်းက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် ရှိစဉ်ကတည်းက NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးကိုယု တင်သွင်းခဲ့သည့် ` လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်တင်ပြချက်´ဟူသည့် စာတမ်းဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ လက်ခံအတည်ပြုခြင်း မရှိသေးသော်လည်း ဖြန့်ဝေမှုက …. အဖွဲ့ချုပ်လူငယ်များအတွင်းနှင့် အခြားသော လူငယ်များအကြား ပြန့်နှံ့၍ နေလေပြီ။

ယခု …. ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးထွက်ခဲ့ပြီး ပင်လုံတွင်ရှိစဉ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်မှ ….. `အမျိုးသား နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်´´ ဟူသည့် စာတမ်းတစောင်အား ထုတ်ပြန်ခဲ့၏။ မျက်မှောက်အခြေအနေအပေါ် ရှုမြင်ရာ၌ မတူကွဲပြားမှုများ ရှိနိုင်မည်။ ကွဲပြားသည့် သုံးသပ်ရှုမြင်ခြင်းမှ ကွဲပြားသော တိုက်ပွဲလမ်းစဉ်အား ရွေးချယ်ကြသည်သာ….။ ဤတွင် ပြဿနာက …. လက်ဝဲစွန်း၊ လက်ျာစွန်း သွေးဖီရေးကင်းရန် လိုမည်။ အစွန်းတခုခုရောက်သည့် ရွေးချယ်မှု ဖြစ်ခဲ့ပါက …. ရလဒ်သည်လည်း အဖြေနှင့်နီးစပ်ရန်မှာ ခက်ခဲပေလိမ့်မည်ပင်….။ ထိုသို့ပင် ဒေါ်အောင်ဆန်းစုကြည် တွေးထင်နားလည်ထား၏။

စာတမ်းနှစ်စောင်က …. တိုက်ဆိုင်သည်ဟုပင် ဆိုရမည်လားမသိ….။ ၉ ရက်သာခြားပြီး ရှေ့ဆင့်နောက်ဆင့် ထွက်လာကြ၏။ ဤအတွက်ပင် ဒေါ်အောင်ဆန်းစုကြည်မှ တောင်ကြီးမြို့ သစ္စာလမ်းအဖွဲ့ချုပ်ရုံး၌၊ တောင်ကြီးရှိ လူငယ်အင်အားစုများနှင့် တွေ့ဆုံပြီး စကားပြော၏။

``ကျမ မနေ့က ရန်ကုန်က သတင်းရပါတယ်။ လူ့ဘောင်သစ်က မနေ့က စာတမ်းတခု ထုတ်ပါတယ်တဲ့။ ဒီစာတမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အခုချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်နေတဲ့ လုပ်ငန်းတွေကို အားမရဘူးဆိုတဲ့ သဘောမျိုး ပါပါတယ်။ အားမရဘူးဆိုတဲ့ သဘောမျိုးမှာ ကျမက စည်းရုံးရေးချည်းပဲ ထွက်နေတယ်ပေါ့လေ။ စည်းရုံးရေးချည်းပဲ ထွက်နေတဲ့အခါကျတော့ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကလည်း တိုက်ပွဲဝင်နေတယ်ရယ်လို့ မရှိဘူးလို့ ဝေဖန်ထားတယ်လို့ ပါတယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်း ဝေဖန်တာကို ကျမတို့က လက်ခံပါတယ်။ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ဆိုလို့ရှိရင် ကိုယ့်စိတ်ထဲမှာ မကျေနပ်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ ရှင်းလိုက်တာက အကောင်းဆုံးပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ ရှင်းပြချင်တာကတော့ တိုက်ပွဲဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိပါတယ်။ တိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှ တိုက်ပွဲမဟုတ်ပါဘူး။ ကျမတို့ဟာ ၁၈ ရက်နေ့ စက်တင်ဘာမှာ စစ်အစိုးရကနေ အာဏာအရပ်ရပ်ကို သိမ်းပြီးနောက် တိုက်ပွဲပုံစံ ပြောင်းရမယ်ဆိုတာ ယုံကြည်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပဲ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အလေ့အထကို ကျမတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲနဲ့ လက်နက်နည်း၊ အကြမ်းဖက်တဲ့ နည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့ အလေ့အထဆိုတာ နိုင်ငံတခုအတွက် ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ ဒီလို အလေ့အထတွေ မဖြစ်အောင်ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပါ။´´

(၇၄)

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ပင် ရှမ်းပြည်နယ်ခရီးစဉ်အား အဆုံးသတ်၍ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်သို့ ပြန်ရောက်ကြ၏။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ပင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှ … ကြေညာချက်အမှတ် ၁၉၄ အား ထုတ်ပြန်၏။

“ကော်မရှင်သည် မိမိအား ပေးအပ်ထားသည့် တာဝန်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အလို့ငှာ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေအနေအရပ်အပေါ် အခြေခံလျက် လုပ်ငန်းအစီအစဉ် ၂၆ ခုနှင့် အချိန်ဇယားတို့ကို …… အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်´´ ဟူ၍ ဖော်ပြပါရှိပြီး …. ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အား ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်ဟူ၍ သတ်မှတ်လိုက်၏။ ရွေးကောက်ပွဲ စည်းရုံးရေးကာလ (Election Campaign) ကိုမူ ၃ လ ဟု သတ်မှတ်၏….။

စစ်အုပ်စုက အမိန့်အမှတ် ၂/၈၈ ကိုမူ ပယ်ဖျက်ပေးခြင်းမရှိ …။ ပြဋ္ဌာန်းထားဆဲ…..။ ၂/၈၈ က လူ ၅ ယောက်ထက်ပို၍ မစုဝေးရဟူသည့် တားမြစ်မိန့် ဖြစ်သည်။ အမှန်တွင် ၂/၈၈ ၏ ဥပဒေရေးရာ ရည်ရွယ်ချက်နှင့် အနှစ်သာရကား…..။ ဆူပူမှုမဖြစ်ဖို့။ မရည်ရွယ်ဖို့။ ရုန်းရင်းဆန်ခတ် မဖြစ်ဖို့ …. ဖြစ်သည်။ သို့သော် …. စစ်အုပ်စုက … ဤသို့ ဥပဒေ၏ အနှစ်သာရအား မကြည့်….။ စာရွက်ပေါ်က အတိုင်း လူ ၅ ယောက်ထက် ပိုမို၍ စုဝေးသည်နှင့် ၂/၈၈ အား ကျူးလွန်သည်ဟူ၍ ဖမ်းတော့၏။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ခရီးစဉ်များတလျှောက် ၂/၈၈ အား စာရွက်ပေါ်ကအတိုင်း အဓိပ္ပာယ်ဖွင့်၍ ဖမ်းဆီးခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်းက …. မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပေါင်းလိုက်ပါက ၆၁ ယောက် ရှိပြီ။

ဤ ၂/၈၈ ကြီးက ဥပဒေကဲ့သို့ အာဏာတည်နေသ၍ … လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟူသည်က ….. မည်သို့ ဖြစ်နိုင်ပါမည်နည်း….။ Election Campaign ဟူသည်က စည်းရုံးလှုပ်ရှားသူများအား ဖမ်းဆီးရန်အတွက် သတ်ကွင်းတခုဟု ဆိုရမည့်အလား…..။ `လား´ပေါင်းများစွာနှင့် မေးခွန်းများက ပြည့်ကျပ်၍ နေသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၉၄ နှင့် ပတ်သက်၍ NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်း ဆွေးနွေးကြ၏။ ကော်မရှင်၏ ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ဇယားကိစ္စ၊ ရွေးကောက်ပွဲကျင်းပမည့် နိုင်ငံရေးဝန်းကျင် အခြေအနေတို့အား အဓိကထား၍ ဆွေးနွေးကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကြီးက၊ အဖွဲ့ချုပ်၏ သဘောထားအား တိုင်းပြည်သို့ …. အသိပေးသင့်သည်များအား အသိပေးရန် လိုမည်။ ဤအတွက် …. ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအစည်းအဝေး ခန်းမတွင်ပင် သတင်းစာ ရှင်းလင်းပွဲတရပ်အား ဒေါ်အောင်ဆန်းစုကြည်မှ ပြုလုပ်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေး၏။

No comments: