Friday, August 21, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)


(၇၇)
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်
ရန်ကုန်စက်မှုတက္ကသိုလ် …..
လက်ခုပ်များတီး၍ `ကျောင်းသားသမဂ္ဂ´ သီချင်းအား သံပြိုင်သီဆိုနေကြသည့် အသံများက ရန်ကုန် စက်မှုတက္ကသိုလ် ဝင်းအတွင်းမှ ပျံ့ လွင့်၍နေသည်။ အင်းစိန်လမ်းမပေါ်တွင်မူ အပေါ့စားတင့်ကားများ၊ စစ်သားများ အပြည့် တင်ဆောင်ထားသည့် ထရပ်ကားကြီးများက ဖြေး ညင်းစွာ မောင်းနှင်ရင်း ကင်းလှည့်၍နေကြ၏။ ရန်ကုန် စက်မှုတက္ကသိုလ်အရှေ့ အင်းစိန်လမ်းမကြီး၏ တဖက်လမ်း၏ ညာဘက် တွင် မူ …. အသံချဲ့စက်များ တင်ဆောင်ထားသည့် လုံထိန်းကားများက အစီအရီရပ်၍ထား၏။

ကိုဖုန်းမော် ကျဆုံးခဲ့သည့် နေရာတွင် လွမ်းသူ့ပန်းခွေများ၊ လွမ်းသူပန်းခြင်းများချ၍ ဂုဏ်ပြုကြ၏။ အခမ်းအနား စင်မြင့်ထက်တွင်က စကားပြောစတိတ်ခုံအား တင်ထား၏။ စကားပြောစတိတ်ခုံ၏ အနောက်တွင် …. အလံနှစ်စင်းအား လွှင့်ထူထား၏။ တစင်းက အနီ၊ တစင်းက အနက်….။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့လည်း အခမ်းအနားသို့တတ်ရောက်ကြ၏။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုမိုးသီးဇွန်တို့က အခမ်းအနားအစီအစဉ်များနှင့် အလုပ်များ၍နေကြ၏။ ယောပုဆိုး၊ ကော်လာကတုံးအဖြူ၊ ပင်နီအင်္ကျီဆင်တူနှင့် ကျောင်းသားခေါင်းဆောင်များက နိုးကြားထန်သန်စွာနှင့် လှုပ်ရှား၍နေကြသည်မှာ အထင်းသား….။

ဦးသာဘန်း၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးမောင်ကို (ထောင်အတွင်း၌ ကွယ်လွန် အန်အယ်ဒီ အဖွဲ့ဝင်) တို့ကိုလည်း လူထုကြီးအတွင်း ၌ ဖျက်ကနဲ….ဖျက်ကနဲတွေ့ရ၏။ လူထုပရိတ်သတ်က ကျောင်းဝင်းအပြည့် ….ကွင်းလုံးအပြည့်….။ စစ်သားများနှင့်လုံထိန်းများက ကျောင်းအရှေ့အင်းစိန်လမ်းမကြီး၏တစ်ဖက်တွင် ….။

ကြားတွင်က …. မဲနက်သော အင်းစိန်လမ်းမကြီးက မီးတားလမ်းသဖွယ် အနားသတ်ထားလေ၏။ အခမ်းအနားကို အဖွဲ့အသီးသီးက သဝဏ်လွှာများပေးပို့ကြ၏။ ဖတ်ကြားကြ၏။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှလည်း သဝဏ်လွှာပေးပို့၏။ အခမ်းအနားက အစီအစဉ်အတိုင်းအောင်မြင်စွာနှင့် ပြီးဆုံးခဲ့၏။

သံပြိုင်သီကြွေးနေကြသည့် `ကမ္ဘာမကြေဘူး´ သီချင်းသံက အားတတ်ဖွယ်….။ အားလုံးသော မျက်ဝန်းများက ရွန်းလဲ့လဲ့ ….. တောက်တောက်ပပ ….. အရောင်လက်၍နေကြသည်။ အနာဂတ်ခရီးသို့ ချီမည့် ကြယ်စင်များအလား…..။

ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း ကျင်းပသည့် ကိုဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ချုပ်ရုံးသို့ ပြန်ခဲ့ကြ၏။ အဖွဲ့ချုပ်ရုံးတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပမည့် `ကိုဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့´ အခမ်းအနားသို့ တတ်ရောက်ရပြန်သည်။

အဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမက ကျဉ်း၍ ပရိသတ် ၅ဝဝ မျှပင် တက်ရောက်နိုင်ကြသည်။ အခမ်းအနားတွင် နာယက အဖွဲ့ဝင်များအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလွင်တို့က ဆောင်ရွက်ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်လည်း တက်ရောက်၍ မိန့်ခွန်းစကားပြော၏။ အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကားလည်း ဆို၏။

``ဒီနေ့ဟာ မောင်ဖုန်းမော်ကျဆုံးသွားတာ တနှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ မောင်ဖုန်းမော်ဟာဆိုရင် ကျဆုံးတဲ့ အချိန်တုန်းက လူငယ်တယောက် ဖြစ်ပါတယ်။ ဒီလိုလူငယ်တယောက် ကျဆုံးရတယ်ဆိုတာ အင်မတန်မှ နှမြောစရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်ရဲ့ဘဝမှာ အများကြီး လုပ်စရာ၊ ကိုင်စရာတွေ ရှိသေးတယ်။ ဒီလုပ်စရာ၊ ကိုင်စရာတွေကို မလုပ်လိုက်ရဘဲနဲ့ ဆုံးရှုံးသွားရတယ်ဆိုတာ အင်မတန်မှ နှမြောစရာ ဖြစ်ပါတယ်။ ဆုံးသွားတဲ့အခါကျတော့လည်း ဂုဏ်သိက္ခာနဲ့ မဆုံးရှုံးသွားရဘူး။ သူ့မိသားစုများဟာ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိုယ်ထုံးတမ်းစဉ်လာအရ ကျဆုံးသွားတဲ့ လူတစ်ယောက်အတွက် ကောင်းကောင်းမွန်မွန် လုပ်ချင်တာတွေတောင်မှ အေးအေးဆေးဆေး မလုပ်လိုက်ရဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ်လိုက်ရခြင်းဟာ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပဲ။

ဒါ့ကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မောင်ဖုန်းမော် ကျဆုံးသွားတဲ့ နှစ်ပတ်လည်အချိန်ဟာ အခြေခံ လူ့အခွင့်အရေးများနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ စဉ်းစားရချိန်၊ ဒီအခွင့်အရေးများ ရရှိဖို့အတွက် ပြန်ပြီးတော့ ကြိုးစားရချိန် ဆိုပြီးတော့ သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။

အခု ဒီနေ့ မောင်ဖုန်းမော်ကို သတိရသောအားဖြင့် မောင်ဖုန်းမော် မလုပ်လိုက်ရတဲ့ မထမ်းဆောင်လိုက်ရတဲ့ တိုင်းပြည်တာဝန်တွေကို အားလုံးက ဝိုင်းဝန်းထမ်းဆောင်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီးတော့ ဒီမိုကရေစီအောင်မြင်ဖို့အတွက် ချီတက်သွားကြပါစို့လို့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။´´

(၇၈)
ကိုဖုန်းမော်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများက များသည်။ အများဆုံး ဖမ်းဆီးခံရသည်က လူငယ်ကျောင်းသားများ…။ စာရွက်စာတမ်းဖြန့်ဝေစဉ် အဖမ်းခံရသည်။ လှုပ်ရှားမှုဖော်စဉ် အဖမ်းခံရသည်။ သို့သော် …. လူငယ်ကျောင်းသားထု၏ လှုပ်ရှားတိုက်ပွဲဝင်မှုများက လျော့မသွား…..။ တန့်မသွား….။

မတ်လ ၁၆ ရက် တံတားနီအခမ်းအနားအား ကျင်းပ၏။ အင်းယားကန်အတွင်း လွမ်းသူပန်းခွေများ၊ ပန်းခြင်းများ မျှော၍ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက် တံတားဖြူအနီး ကျဆုံးသွားခဲ့ကြသည့် အာဇာနည် ကျောင်းသားရဲဘော်များအား အမှတ်တရ …. ဂုဏ်ပြုဦးညွှတ်ကြ၏။ စစ်သားများနှင့် လုံထိန်းများ၏ လှံစွပ်များ၊ ဝါးရင်းတုတ်များအကြားမှ ပြုလုပ်ကြရသည့် အထိမ်းအမှတ် အခမ်းအနားဖြစ်သည်။ ကျောင်းသားပြည်သူ ထောင်ကျော်၏။ ရန်ကုန်မြို့အနှံ့ …. ကျောင်းသားလူငယ်တို့၏ ဆန္ဒပြလှုပ်ရှားမှုများက ဆက်တိုက်ပင် ဆင်နွှဲ၍နေကြ၏။ သွေးမြေကျသည့်အထိ ထိပ်တိုက်တွေ့မှုများက မကြုံသေး….။ ဤသို့ ထိပ်တိုက်တွေ့သည့်အဆင့်ထိ မရောက်ရန်လည်း အန်အယ်ဒီမှ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးချစ်ခိုင်၊ ဦးအောင်ရွှေတို့က ကြားမှဝင်၍ ထိန်းသိမ်းဖြေရှင်းပေးနေခဲ့ကြ၏။

ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားလှုပ်ရှားမှုများက ပြောက်ကျားသဘောဆန်၏။ တနေရာရာတွင် ….. ကျောင်းသားများ ရုတ်ချည်း ရောက်လာခဲ့ကြ၏။ စုရုံးလိုက်ကြပြီး ကြွေးကြော်သံများ ဟစ်ကြွေးကြ၏။ ပိုစတာများ ထောင်ကြ၏။ လက်ကမ်းစာစောင်များ ဝေ၏။ ဤသို့နှင့် လူထုအင်အားကြီးမားလာလျှင် …. ဆန္ဒပြပွဲအား တဆင့်တက်လှမ်း၏။ စုရုံးဆန္ဒပြနေစဉ်မှာပင် …. စစ်သားများ၊ လုံထိန်းများ ရောက်လာခဲ့လျှင် …. ထိပ်တိုက်ရင်ဆိုင်ရန် အင်အားမမျှပါက …. လူစုခွဲလိုက်ကြ၏။ ဤတိုက်ပွဲဖော်စဉ်အတွင်း …. စွန့်စားမှုက ကြီးမား၏။ အဖမ်းခံရမည်။ အရိုက်ခံရမည်။ ပစ်ခတ်သတ်ဖြတ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်၏။

၁၉၈၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကိုမင်းကိုနိုင် အဖမ်းခံရ၏။ ကိုမင်းကိုနိုင် မရှိသည့်နောက်တွင်လည်း ကျောင်းသားလှုပ်ရှားမှုများက ဆက်၍ဆက်၍ ရှိနေခဲ့၏။ တိုက်ပွဲများက ဖော်ဆဲ….။ အာဏာစက်အား အံတုဆဲ….။

ကိုမင်းကိုနိုင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအတွင်း အစည်းအဝေးခန်းမ၌ ကျောင်းသားလူငယ်များ အစည်းအဝေး ပြုလုပ်ကြ၏။ အန်အယ်ဒီလူငယ် လုပ်ငန်းအဖွဲ့ဝင်များအပြင် အခြားလူငယ်ကျောင်းသားများလည်း ပါ၏။ ကျောင်းသားလူငယ်များ အစည်းဝေးပြုလုပ်နေသည့် အဖွဲ့ချုပ်ရုံးအရှေ့ တက္ကသိုလ်ရိပ်သာလမ်းတွင် ကျောင်းသားအဖွဲ့တဖွဲ့မှ ဆန္ဒပြရန် စီစဉ်နေသည်ဟူသည့် သတင်းအား ရ၏။ သတင်းကြောင့် အဖွဲ့ချုပ်ရုံး၏ အဝင်ပေါက်ဝတံခါးအား သော့ခတ်၍ပိတ်ထား၏။

မည်သည့်အတွက် အဖွဲ့ချုပ်ရုံးရှေ့တွင် ကျောင်းသားလူငယ်များမှ ဆန္ဒပြရန်နေရာ ရွေးချယ်ကြသနည်း။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားမရ….။ တက္ကသိုလ်ရိပ်သာလမ်းက လူစည်းကားရာ လမ်းလည်းမဟုတ်…..။ လမ်းအတွင်းရှိ အိမ်များက ဝင်းများခြံများနှင့် အိမ်များသာ….။ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုးလျှင် …. ရှောင်ရ၊ တိမ်းရခက်သည့် နေရာ….။ ပြောက်ကျားဆန္ဒပြမှုများအား ဖော်ထုတ်ရန်သင့်သည့် နေရာများက …. လုံထိန်းများ ရုတ်တရက် ရောက်လာခဲ့လျှင် ဖမ်းဆီးခြင်း မခံရလေရန် လူထုအကြား လူအုပ်အတွင်း ရော၍ ဖျောက်လို့ရမည့် နေရာ….။ ရှောင်တိမ်းရာတွင်လည်း လမ်းကြိုလမ်းကြားများ ရှိသည့်နေရာ …. ဤသို့သော နေရာမျိုးအား ရွေးသင့်၏။ ယခု အဖွဲ့ချုပ်ရုံးအရှေ့ တက္ကသိုလ်ရိပ်သာလမ်း ကဲ့သို့သော နေရာက … ပြောက်ကျားဆန္ဒပြရန်အတွက် ပထဝီအရမသင့် …..။ မည်သည့်အတွက် … ဤနေရာမျိုးကို ဆန္ဒပြရန် ကျောင်းသားလူငယ်အချို့က ရွေးချယ်ကြသနည်း….။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ခေါင်းဆောင်များ အတွေးကြပ်ရ၏။ သို့သော် …. အခြေအနေကိုတော့ ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်နိုင်ရန် အသင့်ပြင်၍တော့ ထားကြ၏။ မကြာ….။ ကျောင်းသားလူငယ်များ ရောက်လာပြီး အဖွဲ့ချုပ်ရုံးရှေ့၌ ဆန္ဒပြကြ၏။ ကြွေးကြော်သံများ ဟစ်ကြွေး၍မျှ မဆုံးသေး …. စစ်ကားကြီးများနှင့် စစ်သားများ ရောက်လာ၏။ အချိန်ကိုက်ပင်….။ ဇာတ်တိုက်ထားသည့်အလား….။

စစ်သားများက သံဆူးကြိုးများ ပတ်ထားသည့် ဒုတ်များနှင့် ဆန္ဒပြကျောင်းသားတို့အား ရိုက်ရန် လိုက်၏။ ကျောင်းသားလူငယ်များက တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝင်းများအတွင်းသို့ ဝင်၍ပြေးကြသည်။ ခြံအမှတ် ၅၄ အတွင်းသို့လည်း ဝင်ပြေးကြ၏။ အခြား၊ အခြားသော ခြံများအတွင်းသို့လည်း ဝင်ပြေးကြ၏။ ဦးဝင်းတင် (အန်အယ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင်)နှင့် ဦးလွင် (အန်အယ်ဒီ ဗဟိုဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) တို့မှ အဖွဲ့ချုပ်ဝင်းအတွင်းမှ ထွက်ပြီး စစ်သားများက ကျောင်းသားများအား သံဆူးကြိုးပတ် သစ်သားဒုတ်များနှင့် လိုက်လံရိုက်နှက်နေမှုအား တားဆီးရန် ကြိုးစားကြ၏။ မရ….။ စစ်သားများက `နာလာဂီရီ´ ဆင်ရိုင်းကြီးများအလား …. တွေ့ရာ၊ မြင်ရာ အားလုံးအား သိမ်းကြုံး၍ ရိုက်နေ၏။ ဦးဝင်းတင်နှင့် ဦးလွင်တို့ အဖွဲ့ချုပ်ဝင်းအတွင်းသို့ ပြန်ဝင်ခဲ့ရ၏။

စစ်သားများကလည်း အဖွဲ့ချုပ်ဝင်းအတွင်းသို့ ဝင်၍ ရိုက်ရန်အထိ ကြိုးစား၏။ ခြံဝင်းတံခါးအား သော့ခတ်ထားသဖြင့် စစ်သားများ ဝင်၍မရ….။ ခြံတံခါးအား ရိုက်၍ဝင်ရန်အထိ လုံ့လပြုကြသေး၏။ နောက်ဆုံးမှ လက်လျှော့၍ ပြန်သွားကြ၏။ အခြေအနေက မကောင်း….။ အလွန် အလွန်ကိုပင် အန္တရာယ်ကြီးသည့် အခြေအနေ…။ နဝတ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်လာမှုက …. အန်အယ်ဒီ၏ တံစက်မြိတ်သို့တိုင် ထိပါး၍လာချေပြီ။ မဖြစ်….။ ဤအတိုင်း ကြည့်နေ၍မဖြစ်တော့…..။ ဤအခြေအနေအား တိုင်းပြည်သို့ ရှင်းပြရမည်။ နိုင်ငံတကာသို့ အသိပေးရမည်။ အမြန်ဆုံး သတင်းစာရှင်းလင်းပွဲတခုအား ပြုလုပ်ရန်လိုပြီဟု ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံးဖြတ်ကြ၏။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အခြေအနေများအား ပြည်သူလူထုသို့ အသိပေးရန် သတင်းလွှာကိုမူ ချက်ချင်းပင် အန်အယ်ဒီမှ ထုတ်ပြန်၏။ ပြီးလျှင် …

၁၉၈၉ ခုနှစ် မတ်လ ၂၆ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ရန် စီစဉ်ကြ၏။

``ဒီသတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းကတော့ …. မနေ့က ဖြစ်တဲ့ကိစ္စဟာ ကျမတို့ အဖွဲ့ချုပ်ဝင်းထဲမှာ ကျောင်းသားလူငယ်များ အစည်းအဝေး လုပ်နေတယ်။ အစည်းအဝေး လုပ်နေတုန်းမှာ ပြင်ပက လူငယ်များ လာရောက်ပြီး ဆန္ဒပြဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်းကြားတယ်။ ကြားတာနဲ့ ကျမတို့ အဖွဲ့ချုပ်ရုံးကလည်း ဂိတ်ဝကို ပိတ်ထားတယ်။ ကျမတို့အိမ်ကလည်း ဂိတ်ဝကို ပိတ်ထားတယ်။ ဒါပေမဲ့လည်း ဝုန်းဝုန်းဆိုပြီးတော့ လူစုလူဝေး ရောက်လာတယ်။ အပြင်က လူငယ်ချည်းပဲ၊ လူစိမ်းတွေချည်းပဲ။ ဒီလိုဖြစ်လည်းဖြစ်ရော တပ်ကလည်း တဝုန်းဝုန်းနဲ့ ရောက်လာတာပါ။ တပ်သားများက ဝါးရင်းတုတ်များကို သံဆူးကြိုးများပတ်ပြီးတော့ ကိုင်ထားတယ်။ အဲ့ဒါလည်း အများကြီးမေးစရာပဲ။ ပြည်သူလူထုကို ဝါးရင်းတုတ် သံဆူးကြိုးပတ်ပြီးတော့ နှိမ်နင်းချင်တဲ့ စိတ်တွေ ဘာဖြစ်လို့ ရှိရသလဲဆိုတာကို ကျမတို့ မေးစရာ မေးခွန်းတခု ဖြစ်နေပါတယ်။ ကျောင်းသားများဟာ ကျမရဲ့ အိမ်ဝင်းထဲ ဝင်ပြေးလာတယ်ဆိုတာလည်း မှန်တယ်။ ဒါလည်း ကျမတို့ ဝန်ခံပါတယ်။

ဒါပေမဲ့ ကျမတို့ အိမ်ဝင်းထဲတင် မဟုတ်ဘူး၊ အခြားအိမ်ဝင်းတွေထဲလည်း ဝင်ပြေးတယ်။ ဒါပေမဲ့ သတင်းစာထဲမှာ ဘယ်လိုရေးလိုက်သလဲဆိုတော့ ၄၄ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှာ ဖြစ်တယ်။ နောက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ဝင်းထဲ ဝင်ပြေးတယ်လို့ ပြောပါတယ်။ အမှန်အားဖြင့်တော့ ဒီနားမှာရှိတဲ့ အိမ်ဝင်းတွေ အားလုံးထဲကို ဝင်ပြေးကြတာချည်းပဲ။ ကျမတို့ အိမ်ဝင်းအထဲတင် ဝင်ပြေးတာ မဟုတ်ပါဘူး။ ဟိုဘက်အိမ်ထဲလည်း ဝင်ပြေးပါတယ်။ အဖွဲ့ချုပ်ထဲလည်း ဝင်နိုင်တဲ့လူများက ဝင်ဖို့ ကြိုးစားကြပါတယ်။ ဒါကို ကျမတို့ အိမ်တအိမ်ထဲကိုပဲ ကွက်ပြီးတော့ ဝင်ပြေးတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်နဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောတာလဲ။ ကျမတို့လည်း အများကြီး မေးစရာဖြစ်ပါတယ်။

ဒီဆူပူမှုဖြစ်အောင် ကျမတို့အဖွဲ့ချုပ်က လုပ်တယ်ဆိုတဲ့ သဘောထားနဲ့ ရေးတာဟာ အင်မတန်မှ မရှင်းတဲ့ကိစ္စပဲလို့ ကျမတို့ ယူဆရမှာပဲ။ ဒါ တမင်သက်သက် အဖွဲ့ချုပ်ကို ရမယ်ရှာပြီးတော့ အပြစ်ယူချင်လို့ လုပ်နေသလို သဘောသက်ရောက်တယ်လို့ ကျမ မြင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ ကျမတို့အဖွဲ့ချုပ်က ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့မနေ့က `တဝတ´ ရုံးကို သွားခဲ့ပါတယ်။ `တဝတ´ ရုံးမှာ တွေ့ခဲ့တဲ့ ဗိုလ်မှူးတင်မောင်ဝင်းကို စုံစမ်းချင်တာရှိရင် စုံစမ်းပါ။ မေးစရာရှိရင် မေးပါ။ ဆွေးနွေးစရာရှိရင် ဆွေးနွေးပါ။ အဖွဲ့ချုပ်နဲ့ လုံးလုံးသက်ဆိုင်တဲ့ ဆန္ဒပြမှု မဟုတ်ပါဘူးဆိုတာ ပြောခဲ့ပါတယ်။ ဒါကိုလည်း ဘာမှ စုံစမ်းခြင်းမရှိဘူး၊ ဘာမှ မေးမြန်းခြင်း မရှိဘူး။ ဘာမှဆွေးနွေးခြင်း မရှိဘူး။ သူတို့သတင်းစာနဲ့ ရေဒီယိုမှာ ပြောချင်တာကို ပြောသွားတယ်။ ဒါဟာ သိပ်ပြီးတော့ မှန်ကန်တဲ့ လမ်းမဟုတ်ဘူးလို့ ကျမ ထင်ပါတယ်။

အဖွဲ့ချုပ်ရှေ့မှာ ဘာဖြစ်လို့ ဆန္ဒလာပြသလဲ။ ကျမတို့အဖွဲ့ချုပ်ကို အမှုပတ်စေချင်လို့ လုပ်တာလား၊ ဒါ မေးစရာဖြစ်နေပြီ။ နောက်ပြီးတော့လည်း အကွက်က သိပ်ပြီးတော့ သေသပ်လွန်းတယ်။ အကွက်ဆင်ထားတာ ကျနေတာပဲ။ တခုပြီးတခု တဆက်တည်း ဖြစ်သွားလိုက်တာ အားလုံး အဖွဲ့ချုပ်ရှေ့မှာချည်းပဲ။ စစ်ကားတွေက ရောက်လာတယ်။

ကျမတို့အဖွဲ့ချုပ်ဝင်းထဲကို ဝင်လာပြီးတော့ ရိုက်ဖို့ ကြိုးစားတယ်။ ဒါက ဘယ်လိုအဓိပ္ပာယ်လဲ။ ကျမတို့ အဖွဲ့ချုပ် တံခါးတွေကို ပိတ်ထားတယ်။ အထဲကလူလည်း အပြင်မထွက်ရ၊ အပြင်ကလူလည်း အထဲမဝင်ရ ဆိုပြီးတော့ တားထားတယ်။ ကျမတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပြောထားတဲ့အထဲက အဖွဲ့ချုပ်ဝင်းထဲ ဝင်ပြီးတော့ ရိုက်ဖို့ ကြိုးစားကြတယ်။

ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်တယ်ဆိုတာဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကိုလည်း တိုက်ခိုက်တာနဲ့ အတူတူပါပဲ။ တကယ်ပဲ စစ်မှန်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တယ် ဆိုလို့ရှိရင်တော့ ဒီလို မတော်မတရား တိုက်ခိုက်မှုတွေကို ရပ်တန်းက ရပ်ဖို့လိုမယ်လို့ ကျမ ထင်ပါတယ်။ ကျမအနေနဲ့ ပြောချင်တာကတော့ ဒါပါပဲ၊ မေးစရာရှိရင် မေးကြပါ။´´

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆက်စကားဆုံးသည်နှင့် သတင်းထောက်တဦးမှ …. အဖွဲ့ချုပ်ရုံးဝင်းအတွင်းသို့ ဝင်၍ ရိုက်နှက်ရန် စစ်သားများ၏ ကြိုးပမ်းမှုအား အသေးစိတ် ပြောပြရန်မေး၏။

``ကျမတို့အဖွဲ့ချုပ်ဝင်းထဲကို ဝင်ဖို့လည်း ကြိုးစားပါတယ်။ အဖွဲ့ချုပ်ဝင်းထဲကို လှမ်းပြီးတော့လည်း ရိုက်ပါတယ်။ အဖွဲ့ချုပ်က ဝင်းတံခါးကို သော့ခတ်ထားတာ၊ အဲဒီဟာကို ခြေထောက်နဲ့ကန်ပြီးတော့ ဖွင့်ဖို့ကြိုးစားတယ်။ အထဲဝင်ရိုက်ဖို့ ကြိုးစားတယ် ဆိုကတည်းက အင်မတန်မှ အန္တရာယ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်နေပါတယ်။ ကျမတို့ အိမ်ဝင်းထဲကိုလည်း တချို့က ဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူတို့အရာရှိက ပြန်ခေါ်သွားပါတယ်။ အဖွဲ့ချုပ်ထဲမှာ ဝင်ပြီးတော့ ရိုက်ဖို့ ကြိုးစားတဲ့အထဲမှာ အရာရှိပါတယ်။ ဗိုလ်ကြီးနဲ့ တူပါတယ်။ တံခါးမှာ ကျိုးပဲ့နေတာ သက်သေအနေနဲ့ ပြနိုင်ပါတယ်။ သွားပြီးကြည့်ချင်ရင် ကြည့်ပါ။ သိပ်မဝေးပါဘူး။´´



No comments: