အေးချမ်းမြေ့
ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၊ မြန်မာပြည်၊ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မယ်ဟောင်ဆောင်နယ်ထဲ ဝင်လာ လေလေ မြန်မာ အရိပ်အငွေ့တွေကို ပိုပြီးမြင်ရလေလေပါပဲ။
အိမ်ပုံစံတွေက မြန်မာဆန်လာသလို တွေ့ရတဲ့ စေတီ၊ ဘုရားကျောင်းကန် တွေရဲ့ လက်ရာ၊ ပန်းချီ၊ ပန်းပု၊ ပန်းပြောက်တွေရဲ့ လက်ရာတွေဟာလည်း သိသိသာသာ မြန်မာနဲ့ ရှမ်း လက်မှုတွေနဲ့ ဆောက်လုပ် ခြယ်မှုန်း ထားတာကို တွေ့ရတယ်။
ဘုန်းကြီးကျောင်းကြီးတွေရဲ့ ထူးခြားချက်ကတော့သိပ်ကို ကြီးမား တိတ်ဆိတ်တဲ့ သစ်သားကျောင်းကြီးတွေ ဖြစ်နေတာပါ။ လူကြီးလက်တဖက်စာ သစ်လုံးတိုင်ကြီးတွေ လှိုင်လှိုင်သုံးထားတဲ့ ပျဉ်ခင်း၊ ပျဉ်ကာကျောင်း ကြီးတွေရဲ့ အရွယ်အစားက အနည်းဆုံး ပေ ၈၀ ပတ်လည်လောက် ရှိပါလိမ့်မယ်။ ကြမ်းခင်းနဲ့ အမိုး ကြားမှာ အမြင့်ပေ ၄၀ လောက်ကတော့ အနည်းဆုံးရှိနေတဲ့အတွက် ကျောင်းတိုင်းလိုလို သဘာဝ အပူဒဏ်ကို ကောင်းကောင်း ကာကွယ် ပေးနိုင်ပါတယ်။
မယ်ဟောင်ဆောင် မြို့ကို အဝင်မှာ ပထမဆုံး တွေ့ရတဲ့ ကျောင်းကြီးရဲ့ ညနေပိုင်း မှောင်ရီဖြိုးဖျ ဝတ်တက်ချိန်မှာ ကိုရင်လေးတွေရဲ့ စာအံသံက တိတ်ဆိတ်မှုကို ဖောက်ထွင်း ထွက် ပေါ်လာပေမယ့် နားဝင်ပီယံ ရှိလှပါတယ်။ သစ်သားကျောင်းကြီးတွေ ဖြစ်တဲ့အတွက် မီးဘေး အန္တရာယ် စိုးရိမ်ရတယ်လို့ အဲဒီကျောင်းကြီးက ဦးပဉ္ဇင်း တပါးက ဆိုပါတယ်။ ဒီကျောင်းကြီးကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က မီးသင့်ခဲ့လို့ အသစ် ပြန်ဆောက် ထားတဲ့ ကျောင်းကြီးပါ။
ဟွာဝင်း ဆိုတဲ့ ဘုန်းကြီးကျောင်းကြီး (Wat Hwa Wing) ကတော့ မယ်ဟောင်ဆောင်မြို့လယ်မှာ ရှိပါတယ်။ ဒီကျောင်း ကြီးက မယ်ဟောင်ဆောင်မှာ ဒုတိယ တည်တဲ့ ရှမ်းဘုန်းကြီးကျောင်းကြီး ဖြစ်ပြီး အရင်က မြို့ဦးကျောင်းလို့ ခေါ်ခဲ့တယ်လို့ သက်တော် ၇၄ နှစ် ရှိပြီဖြစ်တဲ့ အဲဒီကျောင်းကြီး ကျောင်းထိုင်ဆရာတော်၊ ရှမ်းတိုင်းရင်းသား ဦးနာဃ က မိန့်ပါတယ်။
“ခုတော့ တဖြည်းဖြည်း မြို့လယ်ကို ရောက်လာလို့ မြို့လယ်ကျောင်းလို့ ခေါ်ကြတယ်” လို့ ဆရာတော်ကြီးက ဆက်ပြောပါတယ်။ ဆရာတော်ကြီးက ရှမ်းပြည်နယ် မိုးနဲ ဇာတိဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက် ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။ နှစ်ပေါင်း၂၀၀ နီးပါးရှိပြီဖြစ်တဲ့ ဒီကျောင်းကြီးရဲ့ ပဉ္စမ မြောက် ဆရာတော်ကြီး ဦးနာဃဟာ မယ်ဟောင်ဆောင်က ဟွာဝင်း ကျောင်းကြီးမှာ ကျောင်းထိုင်အဖြစ် ၃၉ နှစ် သီတင်းသုံးနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ထေရဝါဒဒုတိယ ဂိုဏ်းချုပ်ဖြစ်တယ်လို့ ဆိုတဲ့ ဆရာတော်ကြီးကို ထိုင်းဘုရင့် သားတော်က ယပ်တော်ဆက်နေတဲ့ ဓာတ်ပုံလည်း ချိတ်ဆွဲထားတာ တွေ့ရပါတယ်။
ဆရာတော်ကြီးက မြန်မာစကားကို နည်းနည်းပါးပါးပဲ နားလည်ပြီး လုံးလုံးနီးပါး မပြောနိုင်ပါဘူး။ ဆရာတော်ကြီး ပြောနိုင်တဲ့ တခုတည်းသော မြန်မာစကားကတော့ “နားမလည်ဘူး” ဆိုတာပဲဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ဆရာတော်ကြီး မြန်မာပြည်ကို ဘုရားဖူးကြွခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုး၊ တာချီလိတ် အနှံ့အပြား သွားရောက်ခဲ့သေးတယ်လို့ ပြောပြပါတယ်။
အဲဒီ ကျောင်းဝင်းကြီးထဲမှာ မြေစိုက်ကျောင်းဆောင်ကြီး တဆောင်တွေ့ရပြီး မဟာမြတ်မုနိ ကြေးသွန်း ရုပ်ရှင်တော်မြတ်ကြီး တဆူ စံပါယ်နေတာကိုလည်း တွေ့လိုက်ရပါတယ်။
ဉာဏ်တော် ၆ ပေ လောက်ရှိမယ့် အဲဒီ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ အောက်ခြေမှာတော့ “မယ်ဟောင်သွန်မြို့ ဆန်စက်ပိုင်ရှင် ကျောင်းတကာ ဦးဝဏ္ဏနှင့် ကျောင်းအမ ဒေါ်ရွှေပွင့်တို့ ကောင်းမှု။ တပို့တွဲလပြည့်နေ့၊ ၁၃၀၀ ပြည့်နှစ်” လို့ မြန်မာစာနဲ့ ကမ္ပည်းထိုးထားတာ တွေ့လိုက်ရပါတယ်။
ရုပ်ရှင်တော်မြတ်ကြီးထားရာ မှန်ကျောင်းဆောင်ဘေးက ဘီရိုထဲမှာလည်း မြန်မာဘာသာနဲ့ ရေးထားတဲ့ ပိဋကတ်သုံးပုံ စာအုပ်တွေ စီထပ်ထားတာ တွေ့ရတယ်။ အဲဒီစာအုပ်တွေရဲ့ အလှူရှင်ကလည်း မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ အလှူရှင်တွေပါပဲ။
“ဒီကျောင်းကြီးက အရင်က မြန်မာတွေလွှမ်းမိုးခဲ့တဲ့ကျောင်းပဲ။ လက်ရာက ရှမ်းလက်သမားတွေရဲ့ လက်ရာ။ မိုးနဲ ဘက်က ရှမ်းလက်သမားတွေဆောက်တာ” လို့ ဆရာတော်ကြီး ဦးနာဃက ရှင်းပြတယ်။
ဆရာတော်ကြီးသီတင်းသုံးတဲ့ ကျောင်းဆောင်ကြီးကတော့ မယ်ဟောင်ဆောင်က တခြားသော ရှမ်းဘုန်းတော် ကြီး ကျောင်းတွေလိုပဲ အုတ်ဖိနပ်၊ ပျဉ်ခင်းပျဉ်ကာနဲ့၊ သစ်လုံးကြီးတွေနဲ့၊ ပေ ၈၀ ဝန်းကျင် ပတ်လည်လောက်ရှိတဲ့ ကျောင်းကြီးပါ။ အဲဒီကျောင်းကြီးနဲ့ မျက်စောင်းထိုးမှာ ပျဉ်ထောင်ကျောင်းလေး တဆောင်ကိုလည်း တွေ့ရတယ်။ အဲဒီ ပျဉ်ထောင်ကျောင်းလေးကတော့ သက်တမ်းပိုရှည်တယ်လို့ ဆိုပါတယ်။ အခုရှိနေတဲ့ နေရာကို လွန်ခဲ့တဲ့ ၂ နှစ်ကမှ အဆောက်အအုံမပျက် ရွှေ့ထားတာဖြစ်ပြီး ရွှေ့ခတင် ဘတ် ၂ သိန်းကုန်ကျတယ်လို့ ဆရာတော်ကြီးက မိန့်ပါတယ်။
မယ်ဟောင်ဆောင်မြို့ဟာ မြန်မာလက်ရာ ဘုရား၊ ပုထိုးစေတီတွေနဲ့ ပြည့်နေတဲ့မြို့ ဖြစ်တယ်လို့ တောင်ပေါ်က ဖရာသက် ကောင်းမှု (Wat Phra That Doi Kong Mu) စေတီမှာ ကမ္ပည်းထိုးထားတာကို တွေ့ရပါတယ်။ အဲဒီမှာစေတီ အကြီးနဲ့ အငယ် နှစ်ဆူရှိပြီး စေတီကြီးကတော့ မြန်မာပြည်က သယ်လာတဲ့ ရဟန္တာတပါးရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ၁၈၆၀ ပြည့်နှစ်မှာတည်ထားတယ်လို့ ရေးသားထားပါတယ်။
စေတီအငယ်ကိုတော့ ၁၈၇၄ ခုနှစ်မှာ မယ်ဟောင်ဆောင်ရဲ့ ပထမဆုံး အာဏာပိုင် Phaya Sihanal Racha က တည်ခဲ့တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီ တောင်ပေါ်စေတီကတော့ မယ်ဟောင်ဆောင်မှာ နာမည် အကြီးဆုံး စေတီဖြစ်ပါတယ်။
စေတီတော်မှာ လိုအပ်နေတဲ့ နေရာတွေကို ပြုပြင်ဖို့ အုတ်ချပ်ကလေးတွေကို လှူဒါန်းနိုင်ပြီး အလှူငွေ ထည့်ပြီး တာနဲ့ အုတ်ချပ်လေးတွေမှာ မိမိကြိုက်နှစ်သက်တဲ့ နာမည်ကို ဆော့ဖ်ပင်နဲ့ ရေးထိုးခဲ့လို့ရပါတယ်။
မယ်ဟောင်ဆောင်က အပြန် တောင်တက် တောင်ဆင်းလမ်းတွေကို ကွေ့ကာဝိုက်ကာ ၁ နာရီလောက် ကားမောင်းအပြီး လမ်းခွဲတခုကနေ့ ဖဲ့ဆင်းလို့ နောက်ထပ် ၁၀ မိနစ်လောက် မောင်းလိုက်တဲ့အချိန်မှာ ရှမ်းရွာ တရွာကို ရောက်သွားပါတယ်။
အဲဒီရွာထဲမှာလည်း မယ်ဟောင်ဆောင် မြို့က ဘုန်းတော်ကြီးကျောင်းတွေနဲ့ အရွယ်အစားတူ၊ ပုံစံတူ ကျောင်းကြီး တကျောင်း တွေ့လိုက်ရပြန်ပါတယ်။ အဲဒီကျောင်းမှာ သီတင်းသုံးတဲ့ ကျောင်းထိုင်ဆရာတော်ကတော့ သက်တော် ၄၀ ကျော်ပဲရှိသေးတဲ့ ရှမ်းဆရာတော်ပဲ ဖြစ်ပါတယ်။
မြန်မာလို အနည်းငယ်ပြောတတ်တဲ့ ဆရာတော်ဟာ ဝိပဿနာကို အဓိကထားကျင့်ကြံတဲ့အတွက် သက်တော် ထက် စာရင် ရုပ်ရည်က ပိုမို နုနယ်နေတာလို့ ဆိုပါတယ်။ မြန်မာပြည်သား ခရီးသွား ဧည့်သည်တွေဆိုတာ သိလိုက်တာနဲ့ သူ့မှာရှိတဲ့ အသီးအနှံ၊ မုန့်ပဲသွားရည်စာ၊ လက်ဖက်ရည်ကြမ်း စတာတွေနဲ့ ဧည့်ထောက် ခံသလို ကျောင်းမှာ တည်းဖို့၊ နောက်လည်း သူ့ကျောင်းကို လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ပြောင်လက်နေတဲ့ ကြမ်းခင်းတွေနဲ့ လေတဖြူးဖြူး တိုက်ခတ်နေတဲ့ ကျောင်းဆောင်ကြီးရဲ့ အရိပ်အာဝါသက အေးချမ်းလှပါတယ်။
အဲဒီကျောင်းကြီးမှာ သက်တော် ၈၀ ကျော် ဦးပဉ္ဇင်းကြီး တပါးနဲ့ ကိုရင်လေး ၄၊ ၅ ပါးပဲ တွေ့ရပါတယ်။ အနောက် ဘက်မှာ သိမ်တဆောင်လည်း ရှိပါတယ်။
မြန်မာအငွေ့အသက်တွေ ထုံမွှမ်းနေတဲ့ အဲဒီကျောင်းကြီးက ပြန်ထွက်လာတော့ ညနေစောင်း ဝတ်တက်ချိန် ရောက်ပြီ။ ကိုရင်လေးတွေရဲ့ ဘုရားစာရွတ်ဆိုသံက တဖြည်းဖြည်း တိုးညင်းလာတာနဲ့အမျှ ထေရဝါဒ ဗုဒ္ဓဘာသာ လွှမ်းမိုးနေတဲ့ ရှမ်း ဘုန်းတော်ကြီးကျောင်းကြီးတွေဟာလည်း တဖြည်းဖြည်း အနောက်မှာ ကျန်ခဲ့ပါတော့တယ်။
No comments:
Post a Comment