Sunday, December 13, 2009

ဂုဏ်ပြုခံမြင်ကွင်းက ရလိုက်တဲ့ အသိ

မေရနံ့



“ဟေ့ … မနက်ဖြန် ဘုရင်ကြီးမွေးနေ့နော်။ အခမ်းအနားကို ဒို့ရပ်ကွက်က ဆိုင်းဘုတ်နဲ့ ချီတက်ကြမယ်”

ဒါကတော့ ရပ်ကွက်မှူးက သူ့ရပ်ကွက်သားတယောက်ကို စည်းရုံးနေတဲ့ မြင်ကွင်းထဲကနေ ပေါ်ထွက်လာတဲ့ စကားတချို့ပါ။ ဒါကိုတွေ့ရတဲ့ ကျမလည်း အထူးအဆန်းနဲ့ ရပ်ကြည့်နေမိတယ်။ တကယ်ဆို ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းဘုရင်ကြီးရဲ့ သက်တော် ၈၂ ပြည့် မွေးနေ့ဆိုတာကို ကျမ သိထားပြီးသားပါ။ ဒါပေမဲ့ ကျမတို့အနေနဲ့က သိပ်ပြီး တက်တက်ကြွကြွ မရှိလှပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်နဲ့ သိပ်မဆိုင်လှသလိုပါပဲ။

ကျမတို့က တက်တက်ကြွကြွ မရှိလှပေမယ့် ဒီစခန်းထဲမှာ နှစ်ရှည်လများ နေသားကျလာသူတွေအနေနဲ့က ထိုင်းဘုရင်ကြီးကို ကိုယ့်ဘုရင်လို တလေးတစား တန်ဖိုးထားကြတာ တွေ့ရတော့ ကျမ စိတ်ဝင်စားမိပါတယ်။

ကျမတို့ ရောက်နေတာက ထိုင်း-မြန်မာ နယ်စပ်တနေရာမှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာပါ။ ဒုက္ခသည်ဆိုတာ တချို့လူတွေအတွက်တော့ သိပ်ပြီး ပြဿနာ ရှိလှတာ မဟုတ်ပေမယ့် ကျမတို့လို နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် တိမ်းရှောင်လာရတဲ့ နိုင်ငံရေးမိသားစုတွေ၊ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာရသူတွေအနေနဲ့တော့ ဂုဏ်သိက္ခာနဲ့ လဲလှယ်ရတဲ့၊ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုရယ်လို့ ခံစားမိပါတယ်။

ဒုက္ခသည်ဖြစ်ဖို့ တကယ်တော့ လွယ်လှတာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းကို အကြောင်းမျိုးစုံ၊ နည်းမျိုးစုံနဲ့ ရောက်လာတဲ့သူတွေ ပေါများပေမယ့် တရားဝင်ဒုက္ခသည်အဖြစ် တန်းပြီး လက်ခံကြတာ မဟုတ်ပါဘူး။ ကျမတို့ စခန်းမှာတော့ ဒုက္ခသည်လူဦးရေက မှန်းခြေအရ တသောင်းခွဲအထက်မှာ ရှိပါတယ်။ ဒီမှာ တရားဝင် ဒုက္ခသည် (ပီအေဘီ) (Provincial Admissions Board - PAB) ဖြစ်ဖို့ကို အဆင့် ၂ ဆင့်လောက်ဖြတ်ပြီး နောက်အင်တာဗျူးတခုအတွက် ကျမတို့ စောင့်ဆိုင်းနေရပါတယ်။ အတိအကျပြောရရင် ကျမတို့က တရားဝင် ဒုက္ခသည်မဖြစ်သေးတဲ့ လူသစ်တွေပါ။ ဒီတော့ တတိယနိုင်ငံကို အခြေချနေထိုင်နိုင်ဖို့ လျှောက်ထားခွင့် မရသေးသလို၊ တရားဝင် ဒုက္ခသည်တွေနဲ့လည်း အခွင့်အရေးမတူကြပါဘူး။



ကျမတို့ ဒုက္ခသည်စခန်းထဲကို ရောက်လာခဲ့တာကလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၁၁ လပြည့်မှာဆိုတော့ ဒီစခန်းထဲက အခြေအနေတွေကို ရေရေလည်လည် မသိနိုင်သေးတာ အမှန်ပါပဲ။ ဒါကြောင့် တချို့ကိစ္စတွေ တချို့လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ဒါတွေက ကျမတို့အတွက် ထူးဆန်းနေပါတော့တယ်။

အခုလည်း ရပ်ကွက်မှူးက သူ့ရပ်ကွက်သားကို စည်းရုံးနေတဲ့ မြင်ကွင်းက ကျမအတွက် ထူးထူးဆန်းဆန်း ဖြစ်နေသလိုပါပဲ။ ဒီ့နောက် ရပ်ကွက်ထဲက ကျောင်းသူလေးရဲ့ တုံ့ပြန်ပြောဆိုမှုကလည်း ထိုင်းနိုင်ငံတွင်းမှာ နေသားမကျသေးတဲ့ ကျမတို့အတွက် စိတ်ဝင်စားစရာပါ။

''ကျမတို့က ကျောင်းအနေနဲ့ လိုက်ရမှာ။ ကျောင်းက ဆရာကလည်း ကျောင်းသူ/ကျောင်းသားတွေ အင်အားစုနဲ့ ဘုရင်ကြီးမွေးနေ့ အခမ်းအနားကို ချီတက်ဖို့ ခေါ်ထားလို့ ကျမက ကျောင်းအနေနဲ့ပဲ ချီတက်မှာဆိုပြီး အကြောင်းပြချက် ပေးပါတယ်''။ ဒီတော့ ရပ်ကွက်မှူးက ''ဘယ်အဖွဲ့နဲ့ပဲလိုက်လိုက် အတူတူတော့ အတူတူပါပဲ။ ဒါပေမဲ့ နင်တို့ ကျောင်းထက်စာရင် ဒို့ရပ်ကွက်ကနေပြီး ပိုလိုက်သင့်တယ်။ ရပ်ကွက်က နင်တို့နဲ့ ပိုနီးစပ်တယ်။ ပိုပတ်သက်တယ်ဟ'' လို့ ဆိုပါတယ်။ နောက်ဆုံး ကျောင်းသူလေးလည်း ရပ်ကွက်နဲ့ လိုက်ဖို့ သဘောတူလိုက်ရပါတော့တယ်။

ဒီနေရာမှာ ကျမစဉ်းစားမိတာက ကျမတို့ မြန်မာတိုင်းရင်းသား လူမျိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ကြပေမယ့် ကိုယ်ရောက်နေတဲ့အရပ်၊ ကိုယ်ခိုလှုံနေရတဲ့ အရိပ်အာဝါသကို ကျေးဇူးမဲ့ မဆိုတတ်ကြဘူး။ လူမျိုးရေးနဲ့ ပတ်သက်ပြီးလည်း အစွန်းရောက်မှု သိပ်မရှိကြဘူး။ ပူဇော်ထိုက်သူကို ပူဇော်တတ်တဲ့ ဓလေ့ရှိကြတယ်။ ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးကို သိတတ်တဲ့ အလေ့အကျင့် ရှိကြတယ်ဆိုတာ ဒီမှာ တကယ်ပေါ်လွင်တာပဲလို့ ကျမ တွေးမိပါတယ်။

ကျမတို့ ဒုက္ခသည်ဆိုတာတွေက ထိုင်းဘုရင်မင်းမြတ် အမှူးရှိတဲ့ ထိုင်းအစိုးရ အာဏာပိုင်တွေရဲ့ အာဏာစက်အောက်မှာ ခိုလှုံနေကြရတာပါ။ ထိုင်းအာဏာပိုင်များနဲ့ UNHCR ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာ နေရတဲ့ ကျမတို့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ဘဝက ထိုင်းနိုင်ငံသားတွေနဲ့ နှိုင်းစာရင်တော့ အစစအရာရာမှာ ပြည့်စုံမှု ရှိလှတယ်လို့ မဆိုနိုင်ပါဘူး။

ဒီဒုက္ခသည်စခန်းထဲမှာ ဆယ်စုနှစ် တခုနီးပါးကြာလောက် နေထိုင်ခဲ့ကြတဲ့ ကရင်တိုင်းရင်းသားတွေ ရှိကြသလို အများဆုံး ၃ နှစ် ပတ်ဝန်းကျင် သက်တမ်းတခုကို ဖြတ်ကျော်နေရတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေလည်း ရှိကြပါတယ်။ သူတို့ကတော့ တတိယနိုင်ငံကိုထွက်ဖို့ ကြိုးစားနေရင်း အမေရိကန်က ခဏစောင့်ခိုင်းထားလို့ ကြံ့ကြာနေကြသူတွေပါပဲ။ တချို့လည်း Reject နဲ့ ပယ်ဖျက်ခံထားရတဲ့ လူတွေလည်း ရှိကြပါတယ်။

ဒီလိုလူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့လည်း ကျမတို့က ဒုက္ခသည်ဘဝ ဖြတ်သန်းမှု အတွေ့အကြုံအားဖြင့် တကယ့်ကို နည်းပါသေးတယ်လို့ ဆိုရမလိုပါပဲ။

ဒီလူတွေဟာ တကယ်တော့ ခိုကိုးရာမဲ့ တနည်းအားဖြင့် နိုင်ငံမဲ့ လာကြသူတွေပဲ ဖြစ်ပါတယ်။ အမိမြေကနေ ထွက်ပြေးတိမ်းရှောင်လာရပြီး ထိုင်းအစိုးရရဲ့ နှစ်ရှည်လများ အာဏာစက်အောက်မှာ ရပ်တည်ရှင်သန် လာခဲ့ရသူတွေပါပဲ။ ဒီလို နှစ်ရှည်လများ ရပ်တည်ရှင်သန်ခဲ့ကြရပေမယ့် အများစုကတော့ မြန်မာပြည်ကို ပြန်လည်တမ်းတနေကြတာ အမှန်ပါ။

ဒီဒုက္ခသည်စခန်းထဲမှာ ကျမတို့နိုင်ငံရဲ့ အမှတ်တရ အခမ်းအနားလေးတွေကို တနိုင်တပိုင် ကျင်းပကြတာတွေ ရှိပါတယ်။ အဲလို ကျင်းပကြရင် ကျမတို့ရဲ့ အနီးကပ်ဆုံး အုပ်ချုပ်သူ ပလပ်လို့ခေါ်တဲ့ စခန်းအုပ်ချုပ်ရေးမှူးကို အမြဲအလေးထားပြီး ဖိတ်ကြားလေ့ ရှိကြပါတယ်။ အဲဒီ ပလပ်လို့ခေါ်တဲ့ ထိုင်းအာဏာပိုင်က သူ့ကို ဖိတ်ကြားတဲ့ အခမ်းအနား မှန်သမျှကို အတတ်နိုင်ဆုံး ကြိုးစားပြီး တက်ရောက်ပါတယ်။ အခမ်းအနား တက်လာလို့ အဖွင့်အမှာစကား မိန့်ကြားတဲ့အခါမှာလည်း သူက ကျမတို့ ဒုက္ခသည်တွေရဲ့ အကျိုးကို ရှေးရှုပြီး သြဝါဒ ပေးလေ့ရှိတာ သူ့ရဲ့ အစဉ်အလာတခုလိုပါပဲ။ ပင်ကိုယ်စိတ်ထားကလည်း ကျမတို့ မြန်မာဒုက္ခသည်တွေကို တော်တော် နားလည်မှု ရှိပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း အတော် လေ့လာထားပုံ ရပါတယ်။

ဒါကြောင့်လည်း ကျမတို့ ဒုက္ခသည်တွေ စုပေါင်းကျင်းပတဲ့ ဘာသာရေးပွဲတွေ၊ အထိမ်းအမှတ်နေ့တွေ၊ အမျိုးသား ပညာရေးလုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပေးခဲ့တာပါ။ ပညာရေးလုပ်ငန်းနဲ့ ပတ်သက်လာရင် အင်မတန် အားပေးတဲ့ လူရယ်လို့ အများစုက အသိအမှတ်ပြုခံရပါတယ်။ ဒါ့အပြင် ကျမတို့ မြန်မာဒုက္ခသည်တွေရဲ့ ဘဝရှေ့ရေးအတွက် တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ ကိစ္စတွေကိုပါ ခေါင်းဆောင်ပီပီ တက်တက်ကြွကြွနဲ့ ကြိုးစားပေးသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် စခန်းအတွင်းမှာရှိတဲ့ ဒုက္ခသည်အတော်များများက စခန်းအုပ်ချုပ်ရေးမှူး ပလပ်ကို အထူးတလည် လေးစားရိုသေမှု ရှိကြတာပဲ ဖြစ်ပါလိမ့်မယ်။



အခုလည်း ထိုင်းဘုရင်ကြီးရဲ့ သက်တော် ၈၂ နှစ်ပြည့် မွေးနေ့ကို စခန်းအုပ်ချုပ်ရေးမှူး (ပလပ်) ကိုယ်တိုင် ကြီးမှူးကျင်းပမယ်ဆိုတော့ အပြန်အလှန် ကျေးဇူးပြုတဲ့အနေနဲ့ ဒုက္ခသည် စခန်းတွင်းမှာရှိတဲ့ လူတွေလည်း တက်တက်ကြွကြွနဲ့ပါပဲ။ ၄ ရက်နေ့ နေ့လည်ကတည်းက သွေးလှူဖို့ ရပ်ကွက်ထဲ ဆော်သြသူနဲ့ အခမ်းအနားကို အုပ်စုလိုက် ချီတက်ဂုဏ်ပြုဖို့ စည်းရုံးသူနဲ့ စခန်းတွင်းမှာ လှုပ်လှုပ်ရွရွ ဖြစ်နေကြပါတယ်။ ဒီကြားထဲ စခန်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ရပ်ကွက်မှူးတွေက ဘောလုံးကန်မယ်၊ စခန်းအုပ်ချုပ်ရေးမှူး ပလပ်ကိုယ်တိုင် ဒိုင်လူကြီးလုပ်ပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးမယ်ဆိုတော့ တော်တော်စိတ်ဝင်စားနေကြတာပါပဲ။ ကရင်တိုင်းရင်းသား လူငယ်လေးတွေကလည်း ထိုင်းဘုရင်ကြီးမွေးနေ့ အမှတ်တရအဖြစ် ကရင်ဒုံးယိမ်းအကတွေနဲ့ ဖျော်ဖြေကြဦးမှာဆိုတော့ ကြည့်ချင်တဲ့ ပရိသတ်ကလည်း တကဲကဲနဲ့ပေါ့လေ။

ကျမတို့ မြန်မာလူမျိုးရဲ့ ဘာသာရေးအသိကိုက ဗုဒ္ဓဘာသာရဲ့ အဆုံးအမပေါ်မှာ အခြေခံကြတာများတော့ သွေးလှူရတာကို ပိုပြီး နှစ်သက်ကြပါတယ်။ သွေးလှူတာဟာ ဇီဝိတဒါန သူ့အသက်ကို ကယ်တင်တာဆိုတဲ့ အသိနဲ့ ထိုင်းဘုရင်ကြီးမွေးနေ့မှာ အတော်များများ သွေးဖောက်လှူဒါန်းတာတွေ လုပ်ကြပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေအနေနဲ့ သူ့ကျေးဇူးကို သိတတ်ကြတယ်၊ အပြန်အလှန် ကျေးဇူးပြုတတ်တယ်ဆိုတဲ့ အသိကိုလည်း ထိုင်းဘုရင်မင်းမြတ်ကြီးနဲ့တကွ ထိုင်းပြည်သူအားလုံးကို သိစေချင်တဲ့ သဘောလည်း ပါမယ်ထင်ပါတယ်။ အဲဒီ သွေးလှူခြင်း အလုပ်က ဒီဇင်ဘာလ ၄ ရက်နေ့က စလိုက်တာ ထိုင်းဘုရင်ကြီးမွေးနေ့ကို ရောက်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့အထိကို အဆုံးမသတ်နိုင်ကြသေးပါဘူး။

အခမ်းအနားနေ့မှာလည်း ကျမတို့ ဒုက္ခသည်စခန်းတွင်းရှိ အဖွဲ့အစည်းအသီးသီး ပညာရေးဆိုင်ရာ ကျောင်းအသီးသီး၊ ရပ်ကွက်အသီးသီး၊ ဘာသာအသီးသီးကနေပြီး အုပ်စုလိုက်ချီတတ်ကာ ဂါရဝပြုခဲ့ကြပါတယ်။



စခန်းတွင်းရှိ အသက် နှစ် ၆ဝ အထက် သက်ကြီးရွယ်အို အဘိုးအဖွားဦးရေ ၁ဝဝ ဝန်းကျင်လောက်ကိုလည်း အမှတ် ၁ အထက်တန်းကျောင်း ကျောင်းသားလေးတွေက အစာအာဟာရပစ္စည်းတွေ လှူဒါန်းပြီး ဂုဏ်ပြုကြသလို အထက်တန်း ကျောင်းသူလေးတွေကလည်း ဂုဏ်ပြုပန်းကုံးတွေနဲ့ ဂါရဝပြုခဲ့ကြပါတယ်။

ဒီမြင်ကွင်းကို မြင်ရပြီး စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ သက်တော် နှစ် ၈ဝ ဝန်းကျင်ရှိ ဆရာတော် ဦးသူရိယကတော့ “မနှစ်တုန်းက ဘုန်းဘုန်းတို့ ကြွဖြစ်တယ်။ စောင်တထည်နဲ့ ဘီစကွတ်တထုပ် လှူတယ်လေ။ ဒီနှစ်တော့ မသွားဖြစ်တော့ဘူး။ စိတ်ထဲ ခံစားရတာလည်း မကောင်းဘူးကွယ်။ ဘုရင့်မွေးနေ့ကို တတိုင်းပြည်လုံး ညီညီညွတ်ညွတ်နဲ့ ကျင်းပနိုင်ကြတာတော့ မုဒိတာပွားစရာပါ။ ဒါပေမဲ့ ကိုယ်က မြန်မာလူမျိုးဆိုတော့ ကိုယ်တိုင်းပြည်နဲ့ နှိုင်းယှဉ်ပြီး စိတ်မကောင်းဖြစ်မိတာပေါ့။ ဘုန်းဘုန်းလေ၊ မနှစ်တုန်းကတောင် သက်ကြီးရွယ်အို ဂုဏ်ပြုအခမ်းအနားတက်နေရင်း ပြည်တွင်းမှာဆို ဘယ်လောက် ကောင်းလိုက်လေမလဲလို့ တွေးပြီး တောင့်တမိတယ်” ဆိုပြီး ဆရာတော်ကြီးက သူ့စိတ်ခံစားချက်ကို မိန့်ကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ထိုင်းဘုရင်ကြီး မွေးနေ့နဲ့အတူ မြန်မာတိုင်းရင်းသား သက်ကြီးရွယ်အို အဘိုးအဖွားတွေ ဂုဏ်ပြုခံရတဲ့ မြင်ကွင်းကို ဒီဒုက္ခသည်စခန်းထဲမှာ လာပြီး တွေ့ကြုံရတော့ ကျမလည်း ပြည်တွင်းက အဘိုးအဖွားတွေကို သတိရမိပါတယ်။

ဂုဏ်ပြုခံ အဘိုးအဖွားအများစုက ဒီစခန်းထဲမှာ ဆယ်စုနှစ်တခု ဝန်းကျင်လောက်အထိ အခြေချနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တတိယနိုင်ငံတခုခုမှာ အခြေချနေထိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိကြပါဘူး။

ကျမအတွေ့အကြုံအရ ပြောရရင် မြန်မာပြည်ပြန်နိုင်ဖို့ တောင့်တနေကြတာ များပါတယ်။ အမိမြန်မာပြည်ကိုချစ်ပြီး ကိုယ့်မိဘမျိုးရိုးစဉ်ဆက်က အခြေချနေထိုင်ပြီး မိဘတွေ ခေါင်းချသွားတဲ့ အရပ်ဒေသမှာပဲ ပြန်လည် နေထိုင်လုပ်ကိုင်စားသောက်ပြီး ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးစေချင်ကြသူတွေ များပါတယ်။

ဒါပေမဲ့ သူတို့ဒေသတွေမှာ နှိပ်ကွပ်မှုတွေ၊ စစ်ဘေး၊ စစ်ဒဏ်တွေကြောင့် မပြန်နိုင်ဖြစ်ပြီး ဒီစခန်းထဲမှာပဲ အသက်ကုန်ဆုံးသွားကြရတဲ့ အဘိုးအဖွားတွေလည်း မနည်းပါပဲ။

ဒီတော့ ကျန်ရှိနေတဲ့ အဘိုးအဖွားတွေရဲ့ ဘဝနောက်ဆုံးအချိန်တွေမှာ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ဘယ်တော့များ ပြည့်ဝနိုင်ပါ့မလဲလို့ တွက်ဆရင်း …… ။ ။

''အဘိုးအဘွားတွေရဲ့ စိတ်ဆန္ဒ အမြန်ပြည့်ဝနိုင်ကြပါစေ''


No comments: