ခိုင်လင်း / ၂၀ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ နေရာအချို့တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ စာသားပါ စာရွက်များကပ်သည့် လှုပ်ရှားမှုတခု ဖြစ်ပေါ်ခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ စီတာပူ၊ ရှမ်းစု၊ ကျွန်းပင်သာ၊ မံခိန်၊ ဒူကထောင်၊ တပ်ကုန်း စသည့်နေရာရှိ ဈေး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်ခြံစည်းရိုး စသည့် လူမြင်သာသောနေရာများတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိနှင့် ကြက်ခြေခတ် အမှတ်အသားကို အေဖိုးဆိုဒ်စာရွက်ပေါ်တွင် ရေးသားကာ အရွက်ရေ (၅ဝ) ကပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ဒေသခံလူငယ်တဦးက ပြောသည်။
၎င်းက “အဲဒါတွေကို ဒီမနက်အစောပိုင်းမှာ စာ စကပ်တာပါ။ အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံတဲ့သူတွေ စုမိပြီး လုပ်ဖြစ်သွားတာဖြစ်တယ်။ လူကြီးတွေရော လူငယ်တွေရောပဲ၊ စိတ်တသဘောတည်းရှိလို့ လုပ်တာပါ၊ နောက်လည်း အဲလို လုပ်သွားဖို့ ရှိတယ်” ဟု ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ချင်သူများက ပါဝင်ခွင့်မရသကဲ့သို့ ပါဝင်ခွင့်ရသူများကလည်း နအဖ အလိုကျသာဖြစ်ပြီး ပြည်သူလူထုအတွက် လုပ်မည့်သူများမဟုတ်သည့်အတွက် တရားမျှတမှု မရှိသည့်အပေါ် ယခုကဲ့သို့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံလူငယ်က ပြောသည်။
၎င်းက “ ဒေါက်တာတူးဂျာတို့ ( ကချင်ပြည်နယ်တိုးတက်ရေးပါတီ) ကျတော့ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ခွင့် မပေးဘူး။ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြန်တော့လည်း ပယ်ချခံရပြန်တယ်။ လူထုအတွက် လုပ်မယ့်ပါတီ၊ ကချင်လူထု ကြိုက်တဲ့ပါတီကို ပယ်ချပြီး ကြံ့ဖွံ့ထဲမှာ သူတို့အသုံးချဖို့ ကချင်လူမျိုးတွေကို ထည့်တာတွေ လုပ်တယ်။ ငွေတွေသုံးပြီး စည်းရုံးရေးလုပ်တယ်။ ကျန်တဲ့ ပါတီတွေကျတော့ အဲလို မပေးဘူး။ တရားမျှတမှု လုံးဝမရှိဘူး။ အဲဒါကို လူထုတွေလည်း သိကြတယ်။ အဲဒီအတွက် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ပြသတာ ဖြစ်တယ်” ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ အနေဖြင့် မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် အမတ်နေရာများအတွက် ကချင်တိုင်းရင်းသား (၂) ဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသော်လည်း ယနေ့ အချိန်အထိ စည်းရုံးလှုပ်ရှားမှု ကောင်းစွာမလုပ်နိုင်သည့်အပြင် မြစ်ကြီးနားမြို့နယ်တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမာခါး၏ ဆိုင်းဘုတ်မှာ ပျောက်ဆုံးနေကြောင်း အဆိုပါ ကိုယ်စားလှယ်လောင်းများနှင့် နီးစပ်သူက ပြောသည်။
၎င်းက “ဖားကန့်မှာ ဝင်ပြိုင်မယ့် ဒေါ်ဘောက်ဂျာ၊ မြစ်ကြီးနားမှာ ဝင်ပြိုင်မယ့် ရှေ့နေ ဦးမာခါး သူတို့တွေ အခုချိန်ထိ စည်းရုံးဟောပြောတာတွေ မလုပ်နိုင်ကြသေးဘူး။ သူတို့တွေ ယုဇနကုမ္ပဏီက လယ်သိမ်းတဲ့အမှုကို ဆောင်ရွက်နေလို့ ရုံးချိန်းတွေ ခဏခဏရှိနေလို့ မအားကြဘူး။ ရတဲ့အချိန်လေးမှာပဲ လုပ်ကြရတာ။ ဦးမာခါးရဲ့ မဲဆွယ်ဆိုင်းဘုတ် စီတာပူနဲ့ ဧဒင်ရပ်ကွက်ကြားက လမ်းထောင့်မှာ ထောင်ထားတာ တနေ့က ဘယ်သူ လာဖြုတ်ယူသွားမှန်း မသိလို့ လိုက်ရှာနေရတယ်၊ စည်းရုံးရေးဆင်းပြန်ရင်လည်း ရပ်ကွက်ဥက္ကဋ္ဌတွေကတဆင့် မလုပ်ဖို့ ဖိအားပေးတာတွေ လုပ်တယ်။ နှိပ်ကွပ်ခံနေရသလို ဖြစ်နေတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ( တစည)၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။
No comments:
Post a Comment