ဒီဗွီဘီ
မြန်မာအစိုးရတပ်ရဲ့ စစ်ကားတန်းတခုကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဘက်က မိုးမောက်မြို့နယ်အတွင်း ဗုံးခွဲ တိုက်ခိုက် ခဲ့ရာ အနည်းဆုံး ၃ဝ ထက်မနည်း ထိခိုက်သေကျေဒဏ်ရာရဖွယ် ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်အရ သိရပါတယ်။
ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု (စကခ) ရဲ့ စစ်ထရပ်ကား (၃) စီး ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်းအတိုင်း ချီတက်လာရာ မိုးမောက်မြို့နယ် ကျခပ်တိုက် ကျေးရွာအနီးမှာ ကေအိုင်အိုရဲ့ ရှေ့တန်းအဖွဲ့တခုက ဒီကနေ့ နေ့လယ် ဗုံးခွဲရာမှာ လူ ၃ဝ ထက်မနည်း တင်ဆောင်ထားတဲ့ ထရပ်ကား ၁ စီး လုံးဝကြေမွသွားပြီး အခြားကားတစီးလည်း ထိခိုက်သွားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တခုက နှစ်ဖက်အကြား အပစ်ရပ်ဖို့ ကေအိုင်အိုထံ လာရောက်ညှိနှိုင်းမှုတွေ ရှိနေပြီး ကေအိုင်အိုဘက်က အပစ်ရပ်ကြောင်း အထောက်အထား တောင်းဆိုထားပေမယ့် မြန်မာစစ်တပ်ဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။
မြန်မာစစ်တပ်ဘက်က ဇွန်လ ၁၈ ရက်နေ့တည်းက အပစ်ရပ် ထားပြီလို့ ပြောဆိုနေပေမယ့် ကေအိုင်အို တပ်စခန်းတွေအနီးက စစ်တပ်တွေ ပြန်လည် ဆုတ်ခွာခြင်း မရှိသေးသလို အခုလို စစ်ကားတွေနဲ့ ရွှေ့ပြောင်းသယ်ဆောင်ကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေချိန်မှာပဲ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
No comments:
Post a Comment